" ကျောင်းမသွားချင်ဘူး "
အိပ်ယာနိုးသည့်အချိန်တည်းက နေနေးကသူ့အဖေအားဂျီကျကာ ငိုယိုနေတာဖြစ်သည်။ သားကိုထွေးပွေ့ကာသူ့ပခုံးထက်ခေါင်းမှီအိပ်ခိုင်းထားသော်လည်း သားကအငိုမရပ်ပေ။ သားကိုခွဲစိတ်ဖို့ရက်နီးလာလေလေ ခွန်းသန့်စိတ်ပူလာလေလေဖြစ်သည်။ မခွဲစိတ်ခင် အစားအသောက်တွေကိုဆင်ခြင်ခိုင်းထားတာမို့ သူကိုယ်တိုင်သားအတွက်ပြင်ဆင်ကာ အများကြီးဂရုစိုက်ပေးနေသော်လည်း နေနေးကအမြဲလိုလို ကိုယ်နွေးနေတာဖြစ်သည်။ ယခုလည်းနေမကောင်းသည့်အရှိန်ကြောင့် ကလေးကသူ့အားဂျီကျနေတာဖြစ်၏။
" သားရယ် တိတ်ပါကွာ သားအငိုတိတ်ဖို့ဒယ်ဒီအကုန်လုပ်ပေးပါ့မယ် "
နေနေးရဲ့ငိုသံက သူ့ရင်အားနာကျင်စေသည်။ ဖက်တွယ်စရာဆိုလို့ ထိုသားလေးတစ်ယောက်တည်းသာရှိတာမို့ နည်းနည်းလေးမှအထိအခိုက်မခံနိုင်ပေ။ ခက်ခဲသည့်အချိန်တွေကိုဖြတ်သန်းခဲ့ရသော်လည်း နေနေးကသူ့ဘေးနားအမြဲရှိခဲ့တာမို့ပင်ပန်းသည်ဟုမသတ်မှတ်ချင်ပေ။ သားရဲ့ရယ်သံက အမှောင်ထဲအဖော်မဲ့နေချိန် ရုတ်တရက်ထွက်ပေါ်လာသော အလင်းရောင်ကဲ့သို့သူ့အားပျော်ရွှင်စေတာဖြစ်သည်။
" ငိုရတာမောသွားပြီလား ကလေးလေးပင်ပန်းသွားပြီ "
အပြည့်အ၀အော်ငိုပြီးနောက် နေနေးကရှိုက်သံလေးထွက်ကာ သူ့အဖေပခုံးထက်ခေါင်းမှီအိပ်လာသည်။ အရင်နေ့တွေကအတိုင်း အာသီးပြန်ယောင်လာတာမို့ နှုတ်ခမ်းသားတွေကခပ်ရဲရဲလေးဖြစ်နေသည်။
" ကျောင်းသွားဘူး ဒီနားကနာတယ် "
နေနေးကသူ့လည်ပင်းအားလက်ညှိုးထိုးပြကာ ငိုမဲ့မဲ့လေးပြောလာတာမို့ ခွန်းသန့်ကခေါင်းကိုအဆက်မပြတ်ညိတ်ပြ၏။
" ဆရာမကိုခွင့်တိုင်ခိုင်းလိုက်မယ် ကျောင်းမသွားရတော့ဘူးနော် "
" ကျောင်းတစ်ပတ်သွားဘူး ဒီလောက် "
လက်ဆယ်ချောင်းထောင်ပြကာ ကျောင်းပြေးချင်နေတဲ့သားကြောင့် ခွန်းသန့်ရယ်ချင်မိ၏။ အနည်းငယ်ဂျစ်တိုက်တတ်တာတော့ သူနဲ့တူတာဖြစ်လိမ့်မည်။