အဖိုးအိုရဲ့ အသွင်သဏ္ဍာန်က လွန်စွာ အိုမင်းရင့်ရော်နေပေမယ့် သူ့ထံမှ ကြောက်မက်ဖွယ် အငွေ့အသက်တွေကို အားလုံးက ခံစားနေမိကြသည်။ သူ့ရဲ့ ခန္ဓာကိုယ်ပတ်လည်မှာ နတ်မှော်လက်စွပ် ၄၉ခု ဝန်းရံနေသည်ကို တွေ့ရပြီး အားလုံးမှာ အကြီးအကျယ် တုန်လှုပ်နေမိကြတော့သည်။ နတ်မှော်လက်စွပ်ဆိုတာက ကောင်းကင်ဧကရာဇ်အဆင့်ကို ရောက်ရှိသည့် ကျင့်ကြံသူတွေမှ ပိုင်ဆိုင်နိုင်ခြင်း ဖြစ်သည်။ ယခု အဖိုးအိုက နတ်မှော်လက်စွပ် ၄၉ကွင်းအထိ ဝန်းရံထားသဖြင့် သူ့ရဲ့ စွမ်းအားအဆင့်က မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို သိရှိနိုင်ပေသည်။

" နတ်မှော်လက်စွပ် ၄၉ခု....."
ကျင့်ကြံသူ အများအပြားက ကောင်းကင်ယံကို မော့ကြည့်ပြီး ခြောက်ခြားစွာ ရေရွတ်ကြသည်။ သူတို့ရဲ့ ခြေထောက်တွေပင် မြေပြင်ပေါ်  ခိုင်မာအောင် မရပ်နိုင်ကြတော့ဘဲ တုန်ခါနေကြတော့သည်။

ချီရှောင်းတျယ်ရဲ့ အဖေကိုယ်တိုင်လည်း အဖိုးအိုကို ကြည့်ပြီး တစ်ကိုယ်လုံး တုန်ခါသွားရသည်။ သူက စိတ်ခြောက်ခြားစွာနဲ့ ရေရွတ်သည်။
" ကျားရဲ ဂိုဏ်းချုပ်ဟောင်း စစ်ရယ်....သူအသက်ရှင်နေသေးတာလား "

ကျားရဲဂိုဏ်းချုပ်ဟောင်း စစ်ရယ်က ယခုလက်ရှ်ိ ဂိုဏ်းချုပ်ရဲ့ အဖေဖြစ်ပြီး သေဆုံးသွားပြီဟု အားလုံးက သိထားကြသည်။ သို့သော် ယခုတော့ သူက အားလုံးရှေ့မှာ ရုတ်တရက် ပေါ်လာခဲ့သည်။ ကျင့်ကြံသူ အများအပြားမှာ ထိုအဖိုးအိုကို ကြည့်ပြီး ကျားရဲဂိုဏ်းအနေနဲ့ ခြင်္သေ့ဂိုဏ်းရဲ့ ဘိုးဘေးကို ဘာကြောင့် ‌ဖမ်းဆီးရဲမှန်း သိရှိသွားကြတော့သည်။

ထိုစဉ် ကျားရဲ ဂိုဏ်းချုပ်ဟောင်းစစ်ရယ်က ခြင်္သေ့ဂိုဏ်းအဖွဲ့ကို အေးစက်စွာ စိုက်ကြည့်ရင်း ပြောသည်။
" လီကွမ်ရီကို လပြည့်နေ့ မတိုင်ခင် လာအဖမ်းခံဖို့ ပြောလိုက်ပါ၊ မဟုတ်ရင် ချီရှောင်းတာအိုနဲ့ သူ့အဖိုးကို လပြည့်နေ့ညမှာ ကွပ်မျက်ရလိမ့်မယ်၊ သူလာတာ၊ မလာတာက သူ့သဘောဘဲ၊ ငါတို့က လုပ်စရာ ရှိတာကို ဆက်လုပ်ရလိမ့်မယ် "

ကျားရဲဂိုဏ်းချုပ်ဟောင်း စစ်ရယ်ရဲ့ ကြောသံအဆုံးမှာတော့ အားလုံးမှာ တုန်လှုပ်သွားကြရတော့သည်။ ကျားရဲဂိုဏ်းရဲ့ ပစ်မှတ်က လီကွမ်ရီ ဖြစ်နေမည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။ ယခုတော့ ကျားရဲဂိုဏ်းက လီကွမ်ရီကို ဟူယွဲ့အတွက် တိုက်ရိုက်လက်စား ချေလိုနေတာလား......။ လီကွမ်ရီကရော သူတို့ဆီ သွားပါ့မလား.....။ အားလုံးမှာ စဉ်းစားရင်းနှင့် ပို၍ စိတ်လှုပ်ရှားနေမိကြတော့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Wo Geschichten leben. Entdecke jetzt