သူ၏အတွေးထဲ သိုးပိုင်ရှင်၏မျက်နှာ ပေါ်လာခဲ့၏။ တစ်ချိန်ထဲမှာပင် အမှားအတွက် အတော်လေး စိုးရိမ်လာမိသည်။

     ရုတ်တရက် သိုးရှိနိုင်သည့်နေရာတစ်ခုက သူ၏အတွေးထဲ ဝင်လာသည်။ လုံးဝ မရှာရသေးသည့် နေရာတစ်ခု ... တိတိကျကျ ဆိုရပါမူ အင်မော်တယ်မိစ္ဆာဂူဖြစ်၏။ သူက အင်မော်တယ်မိစ္ဆာဂူဘက် လှမ်းကြည့်သည်။ ထိုဂူကြီးကား ကြက်သီးထဖွယ်အတိ၊ လုံးဝ ကျက်သရေ မရှိချေ။ အသားစားဖို့ ဆာလောင်နေသည့် သားရိုင်းတစ်ကောင် ပါးစပ်ဟထားသည့်အလား ထင်မှတ်ရသည်။ လီကွမ်ရီသည် အင်မော်တယ်မိစ္ဆာဂူကို ကြည့်ပြီး အမှန်ပင် ကြက်သီးထနေမိ၏။ သို့သော်ငြား သူဘာမှ မတတ်နိုင်ပေ။ ကြောက်သော်လည်း သိုးပျောက်ကို မဖြစ်မနေ ရှာရပေမည်။

     လုံးဝ မနှစ်မြို့စရာကောင်းသည့် ဂူတစ်ခု၊ ဒဏ္ဍာရီမှတ်တမ်းတွေထဲ ဖော်ပြလေ့ရှိသည့် မိစ္ဆာနတ်ဆိုးတွေ၏ နေရာနှင့်ပင် ထပ်တူကျနေသည်ဟု ထင်ရ၏။ အထဲဝင်မိပါက အသက်ရှင်လျက် ပြန်ထွက်လာနိုင်သူဟူ၍ ရှိအံ့မထင်။

     သို့ရာတွင် လီကွမ်ရီအတွက် ရွေးချယ်ခွင့် မရှိပေ။ သူက အားတင်းပြီး အင်မော်တယ်မိစ္ဆာဂူအနီး ချဉ်းကပ်သွားလိုက်၏။ ညအမှောင်၏ အကူအညီကြောင့် သူ့ကိုတော့ အလွယ်တကူ မတွေ့နိုင်ချေ။

     "အား ..."
     လီကွမ်ရီ၏ ထိတ်လန့်ဖွယ် အော်ဟစ်သံကြီးက ညသန်းခေါင်ကို လှုပ်ခတ်သွားစေခဲ့သည်။ အသံနက်ကြီးက ထိုမျှနှင့် မရပ်တန့်သေးပေ။
     "မင်း ... မင်းဘာလိုချင်လို့လဲ ..."အကြောက်လွန်ပြီး အသံက ထွက်မလာတော့ချေ။

     အင်မော်တယ်မိစ္ဆာဂူအတွင်း တိတ်ဆိတ်သွားခဲ့၏။ အနည်းငယ်ကြာပြီးမှ အသံအချို့ ထွက်ပေါ်လာသည်။ ဤအရာကား ငှက်တစ်ကောင်၏ တောင်ပံခတ်သံ ...
     ဖလတ် ... ဖလတ် ... ဖလတ်

     အင်မော်တယ်မိစ္ဆာဂူအတွင်းမှ ကျီးကန်းနက်တစ်ကောင် ပျံသန်းသွားခဲ့သည်။

     "ပျံစမ်း ... စိတ်ရှိသလောက် ပျံစမ်း၊ မင်းရဲ့ဝိညာဉ်ကိုသုံးပြီး တားမြစ်သင်္ချိုင်းတွေကို ဝင်ရမယ်၊ စိတ်ရှိသလောက်သာ ပျံလိုက်စမ်း ... ကမ္ဘာကိုးခု တည်နေသရွေ့ ငါ့လက်ကနေ မင်းမလွတ်ပါဘူး"အင်မော်တယ်မိစ္ဆာဂူအတွင်းမှ အသံနက်ကြီး ထွက်ပေါ်လာ၏။ ထိုအသံက ကောင်းကင်ထက်တိုင် ပဲ့တင်ထပ်သွားခဲ့သည်။

စစ်ဧကရာဇ် လီကွမ်ရီ  Book 1 ( Ch 1 - 990 )Where stories live. Discover now