အပိုင်း ၁၉

194 16 8
                                    

Unicode
(အပိုင်း၁၉)

ဝန်းကျင်တဝိုက်၌ မြူများကဖုံးလွှမ်းနေပြီး ဝါဖျော့ဖျော့ နေအလင်းရောင်လေးသာ မရဲတရဲ ပေါ်ထွက်နေလေ၏။ထို့အတူ ရွက်ဝါလေးတွေသည်လည်းမြောက်ပြန်လေကြောင့် လူနှစ်ဦး၏ အနီးအပါး၌ ဝဲလွင့်သွားကြလေ၏။

"ယဇ် ငါမင်းကို နားမလည်နိုင်တော့ဘူး၊မင်းဘာလို့ ခုလိုတွေလုပ်နေတာလဲ?? တကယ်ဆို အတိတ်ကို လွှတ်ချဖို့သင့်နေပြီ"

သြရ၏ စကားကို မကြားချင်ယောင်ဆောင်ရင်း တဖက်ခြံမှ သီချင်းသံလေးကို နားစွင့်မိနေသည်။

"ယဇ်..!"

"သူက မမနှင်းနဲ့ သိပ်တူတယ် သြရ၊အဲ့ဒိတချက်နဲ့တင် ငါချာတိတ်ကို မုန်းမိတယ်၊မနေ့က ငါတားထားတယ် ဆိုတာကလဲ ငါမင်္ဂလာယူတဲ့ အချိန်မှာ သူ့ကိုမမြင်ချင်လို့"

မဆီမဆိုင် ထိုစကားကြောင့် သြရခေါင်းရမ်းမိသည်။ယဉ်ယဉ်လေးနဲ့ ရူးနေတဲ့ ဒီသူငယ်ချင်းကို မိမိ ဘာလုပ်ပေးရမလဲ??

"သူ့ကိုမမြင်ချင်ရင် သူ့ဦးလေးကိုမကြိုက်နဲ့လေ ရှင်းနေတာကို ၊ဘယ်လိုပဲနေနေ သော်နဲ့ ပတ်သက်နေသမျှ ပိုပိုကိုမင်းရင်ဆိုင်နေရမှာပဲ"

"မင်းပြောလို့ပြီးရင် ပြန်တော့ ငါတစ်ယောက်ထဲ နေချင်လို့ ၊ခုတလော ငါ့စိတ်တွေအရမ်းရှုတ်ထွေးနေတယ် ဘာမှလုပ်ချင်စိတ် မရှိအောင်ကို ပင်ပန်းနေတယ်သြရ"

ယဇ် လေပူတချက် မှုတ်ထုတ်လိုက်ပြီး မျက်လုံးများ မှိတ်ထားလိုက်တော့သည်။

"ငါသွားမှာပါ၊ဒါပေမဲ့ တခုတော့သတိပေးခဲ့မယ် မင်းရဲ့မပြတ်သားတဲ့စိတ်ကို ပြင်ရင်ပြင် မဟုတ်ရင် မင်းလူကောင်း တစ်ယောက်ကို ဆုံးရှုံးရလိမ့်မယ်၊သော် ဆိုတာ ဘယ်ရှူထောင့်ကပဲကြည့်ကြည့် လုံးဝ ပြစ်ချက်ကင်းတယ်၊အဲ့လိုလူမျိုးကို မင်း တန်ဖိုးမထားရင် ဒီတသက် မင်းဘဝ မလှတော့ဘူး"

ယဇ် လက်ခံပါတယ်။သော်က လက်တွဲဖော်ကောင်းဆိုတာကို။ဒါပေမဲ့....

"မင်းစိတ်ထဲမှာ ဘာတွေးနေလဲ ငါသိတယ် ယဇ်၊ပိုပိုကို မင်း သံသယဝင်နေတယ်ဆိုတာ ငါခန့်မှန်းမိတယ်၊ဘာလို့ဆိုမင်း သူ့ကိုကြည့်တဲ့ အကြည့်တွေမှာ ရင်းနှီးမှုတွေ အရမ်းပါနေတယ်၊ပိုပိုက မမနှင်းပါလို့ မင်းထင်နေတာမလား ၊ ငါပြောမယ် ယဇ် လူဝင်စားတာတို့ ဘာတို့ဆိုတာ အပြင်မှာတကယ်မရှိပါဘူး ပြီးတော့ ပိုပို့နောက်ကြောင်းကိုမင်းအသေအလဲ စုံစမ်းထားတာမလား၊မမနှင်းနဲ့ ဘယ်အချက်လေးမှ နီးစပ်တာမရှိဘူးလေ၊ဟုတ်တယ်မလား??"

"ယဇ်ပလ္လင် ထက် အသက်အပ်ပွဲ" [ Completed ] Where stories live. Discover now