အခန်း (၁၈၆) ကောင်းကင်အပိုင်းအစ

1.3K 209 1
                                    

အခန်း (၁၈၆)  ကောင်းကင်အပိုင်းအစ
“မိစ္ဆာလမ်းစဉ်က မိစ္ဆာလမ်းစဉ်ပဲ … ရွှီကျင့် မင်း ရူးသွားပြီ။ တကယ်လို့ မင်းဆီမှာ အသိစိတ်အနည်းငယ်ရှိနေရင် မင်းဘာသာ အဆုံးသတ်ပြီး ဗုဒ္ဓရှေ့ အပြစ်ကြွေးဝန်ခံလိုက်”
ရွှီလျောင်က ပြောလိုက်သည်။
ရွှီကျင့်က စိတ်အခြေအနေ အပြောင်းအလဲကြောင့် ဆက်ချောင်းဆိုးနေသည်။ သူက အစကတည်းက ဒဏ်ရာရထားသူ ဖြစ်သည့်အပြင် ထိနှက်မှုများ ဆက်တိုက်ခံယူထားရလေရာ သူ့အတွက် တောင့်ခံနိုင်ဖို့ ခက်လှသည်။
လုကျိုးက ခေါင်းခါလိုက်သည်။
မိသားစုတိုင်းမှာ ပြဿနာရှိကြတာပဲ …
အဆုံးသတ်၌ သူက ဝင်ပြောလိုက်သည်။ 
“ရွှီလျောင် … မင်းဆီမှာ ကောင်းကင်အပိုင်းအစ ရှိနေတယ်ဆိုရင် ငါ့ကို တိုက်ခိုက်မဲ့အစား ရွှီကျင့်ကို ဘာလို့တိုက်ရတာလဲ ”
လုကျိုးက ကောင်းကင်အပိုင်းအစအကြောင်း ထုတ်ပြောလိုက်သည်နှင့် ရွှီလျောင်၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။
ရွှီကျင့်က ရွှီလျောင်ကို ကြည့်ကာ   “ မိစ္ဆာကောင် … မဟာနတ္ထိဘုရားကျောင်းက မင်းကို ကောင်းကင်အပိုင်းအစ ပေးပြီး ငါ့ကို သတ်ခိုင်းထားတာလား”
ထိုစဉ် ရွှီလျောင်က ဘာမှဖုံးကွယ်စရာ မလိုတော့ပေ။ သူက ပြောလိုက်သည်။
“အဲဒီတော့ ဘာဖြစ်လဲ။ ငါတို့သုံးယောက်က ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းအတွက် အများကြီးစွန့်လွှတ်အနစ်နာခံခဲ့ပေမဲ့ မင်းက မိစ္ဆာဝေဟင်မျှော်နန်းကိုဆီပဲ အရှုံးပေးချင်နေတာလေ။ ”
ရွှီကျင့်က လက်မြောက်ကာ စွမ်းအားစုစည်းပြီး ရွှီလျောင် ပါးပြင်ဆီ ပစ်ထည့်လိုက်သည်။
ဘန်း
“ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှာ တပည့်တစ်ထောင်ကျော်ရှိတယ်။ သူတို့အသက်ကရော တန်ဖိုးမရှိဘူးလား” ရွှီကျင့်က မေးခွန်းထုတ်လိုက်သည်။
“ တကယ်လို့ ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက မဟာနတ္ထိဘုရားကျောင်းနဲ့ ပေါင်းလိုက်ရင် ငါတို့အတွက် ဘာမှစိုးရိမ်စရာ မလိုတော့ဘူး” ရွှီလျောင်က ပြန်ချေပသည်။
ဖြန်း
ဤတစ်ကြိမ် ရွှီကျင့်က စွမ်းအားနှင့် မဟုတ်ဘဲ လူကိုယ်တိုင် ရိုက်လိုက်သည်။
ရွှီလျောင်၏ အမူအရာက မည်းမှောင်လာသည်။ သူ့မျက်နှာတစ်ဝက်ကား နီရဲကာ ယောင်ကိုင်းနေလေပြီ။
“မဟာနတ္ထိဘုရားကျောင်းက ရည်ရွယ်ချက်ကောင်းပဲ ရှိတယ် ထင်နေလား” ရွှီကျင့်က မေးခွန်းထုတ်လိုက်သည်။
“ သူတို့ကျောင်းထိုင် ခုံယွမ်က မိစ္ဆာကျင့်စဉ်ကို ကျင့်ကြံပြီးတော့ ဟိုးကတည်းက စာရိတ္တပျက်ပြားနေတာ ကြာလှပြီ။ ဒီနှစ်တွေမှာ သူက သူတော်ကောင်းယောင်ဆန်ပြီး ဟိတ်ဟန်ထုတ်နေပေမဲ့ အမှောင်ထဲမှာ သူ မလုပ်ဖူးတဲ့ မကောင်းမှု ဘယ်ရှိမလဲ။ သူက တခြားလူတွေရဲ့ ချီစွမ်းအားနဲ့ ကျင့်ကြံဆင့်တွေကို စားသုံးနေတာ … ”
ရွှီလျောင်က ထိုစကားကို ကြားသည့်အခါ ပါးစပ်ဟောင်းလောင်းဖြစ်သွားလေသည်။
“ညာနေတာပဲ … ဆရာတော်ခုံယွမ်ရဲ့ ရွှေခန္ဓာကိုယ်ကို ကိုယ်တိုင်မြင်ဖူးတယ်။ အဲဒါက လုံးဝကို သန့်စင်နေတာ … အတုဖြစ်စရာအကြောင်း မရှိဘူး ”
“ ခေါင်းကြောမာမနေနဲ့” ရွှီကျင့်က ရွှီလျောင်ကို ကန်လိုက်သည်။
ဘန်း
ရွှီလျောင်က ကြမ်းပြင်တစ်လျှောက် လွင့်ထွက်သွားသည်။
ရွှီကျင့်က ဒဏ်ရာရနေသော်လည်း သူက ချီကို လှည့်ပတ်နိုင်သေး၏။
မိုးကြိုးချက် ထိမှန်ထားသည့် ရွှီလျောင်က အတော်လေး အားနည်းနေပြီ ဖြစ်၏။ သူက ရွှီကျင့်ဆီမှ ကန်ချက်ကို ခံနိုင်ရည် မရှိပေ။ သူက မြေပေါ်သာ အားမရှိစွာ ထိုင်နေသည်။
သုံးယောက်သားက ကောင်းကင်အပိုင်းအစဖြင့် သူတို့အခွင့်အရေး မြင့်တက်လာမည့် အခွင့်အရေးကို စောင့်မျှော်ခဲ့ကြသည်။ ကံဆိုးစွာဖြင့် အခွင့်အရေး မရခဲ့ကြပေ။ ဒီတစ်ခေါက် သူတို့က အံ့ဖွယ်ကိုယ်တော်လေးပါးကို ကူညီကာ ရွှီကျင့်၏ အကူအညီများကို ရှင်းထုတ်ပြီး အခြေအနေကို ထိန်းချုပ်နိုင်လိမ့်မည်ဟု တွေးခဲ့ကြသည်။ သို့သော် တစ်ဖက်လူက အရမ်းအားကောင်းနေလိမ့်မည်ဟု မထင်ထားခဲ့ကြပေ။
ရွှီကျင့်၏ မျက်နှာက နာကျင်မှုကို အံ့တုရင်း လုကျိုးကို ပြောလိုက်သည်။
“ ဒကာကို  ဒီနေ့ ဒီကိစ္စတွေ ပြသမိတဲ့အတွက် အားနာပါတယ်။ ကိုယ်တော်တို့ ဘုရားကျောင်းရဲ့ အရှုပ်တွေ ပေါ်ပေါက်သွားရတယ်။ ဒီအဖြစ်အပျက်ကို သေချာရှင်းပြီးတာနဲ့ ဒကာကို ကျေနပ်လောက်တဲ့ ရှင်းပြချက်မျိုး ပေးပါ့မယ်”
လုကျိုးက ခေါင်းညိတ်လိုက်သည်။
ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း၌ ရွှီကျင့် တစ်ယောက်တည်းသာ အကျိုးအကြောင့်သင့်သူ ဖြစ်လိမ့်မည်။
လုကျိုးက ရွှီလျောင်အား ကြည့်လိုက်ကာ  “ မဟာနတ္ထိဘုရားကျောင်းက မင်းကို ကောင်းကင်အပိုင်းအစ ပေးထားတာလား”
“ ဟုတ်ပါတယ် ” ရွှီလျောင်က ယခု ကြောက်လန့်မိနေပြီ ဖြစ်၏။
လုကျိုးက ထပ်မေးလိုက်သည်။  “တခြားအပိုင်းအစတွေရော ဘယ်မှာလဲ သိလား ”
“ မ .. မသိပါဘူး ” ရွှီလျောင်က ခေါင်းခါလိုက်သည်။
“တကယ်လား ”
ရွှီလျောင်က အဆက်မပြတ် ခေါင်းညိတ်လိုက်သည်။
ဒီလိုဖြစ်နိုင်ပါတယ် .. သူက ပါးမွှားလေးပဲ ရှိသေးတာကိုး …
သူ့အနေနဲ့ တခြားအပိုင်းအစတွေ ရှိနေတဲ့ နေရာကို သိနေစရာအကြောင်း မရှိဘူး …
လုကျိုးက ကောင်းကင်အပိုင်းအစများအကြောင်း ထပ်မမေးတော့ပေ။ သူက မဟာခွန်အားခန်းမဘက်သာ ကြည့်လိုက်သည်။
ရှောင်ယွမ်အာနှင့် ကျောင်းယွဲ့တို့၏ တိုက်ပွဲက ပိုလွယ်ကူသည်။ သူတို့လည်း တစ်ဖက်လူကို ရှင်းထုတ်ပြီးလုနီးပါး ဖြစ်နေလေပြီ။ မဟာကရုဏာကျိန်စာကို ရွတ်ဖတ်နေကြသည့် ကိုယ်တော်များက ကျင့်ကြံဆင့် နိမ့်ကျသည့် ပါးမွှားလေးမျှသာ ဖြစ်ကြသည်။ သူတို့က ကုသိုလ်ရမှတ်များများ မတန်သည့် အသေးစား ဇာတ်ကောင်လေးများသာ ဖြစ်ကြသည်။
ထိုစဉ် တွမ့်မူရှန်းနှင့် မင်ရှစ်ရင်တို့က အရေးသာနေလေပြီ။
အံ့ဖွယ်ကိုယ်တော်လေးပါးအနက် တစ်ပါး လျော့သွားသောကြောင့် ကျန်သုံးယောက်က အတော်အတန် အားပျော့သွားသည်။ သူတို့က အကောင်းဆုံး ကြိုးစား၍ တိုက်ခိုက်နေသော်လည်း သူတို့ မကျရှုံးခင် အချိန်တစ်ခုမျှသာ လိုအပ်တော့သည်။
ရှောင်ယွမ်အာက ပျော်ရွင်စွာ လက်ခုပ်တီးလိုက်ပြီးနောက် ပြန်ပြေးလာကာ  “ရှစ်စွင်း … အဲဒီကိုယ်တော်တွေက ငပျော့တွေပဲ။ တပည့် အားအပြည့်တောင် မသုံးလိုက်ရဘူး။ သူတို့အားလုံး မေ့လဲကုန်ပြီ ”
လုကျိုးက ခေါင်းခါကာ  “ သူတို့က ဗြဟ္မာပင်လယ်အဆင့်ပဲ ရှိသေးတာလေ ”
သူက တစ်ခုခုပြောချင်သော်လည်း သူကိုယ်တိုင်က ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခုအဆင့်သာ ရှိသေးကြောင်း သတိရလိုက်၍ ပြန်ထိန်းလိုက်သည်။
“ တင်း … နတ်ဝိညာဉ်ဝဋ်ကြွေးချေ နယ်ပယ်အဆင့် တစ်ယောက်ကို သတ်နိုင်တဲ့အတွက် ဆုလာဘ်အနေနဲ့ ကုသိုလ်ရမှတ် တစ်ထောင် ရရှိပါမယ်”
တူညီသည့် အသိပေးချက်များက တစ်ခုပြီး တစ်ခုတက်လာသည်။
လုကျိုးက လှမ်းကြည့်လိုက်သည့်အခါ ခုံကြွယ်၊ ခုံကျန့်နှင့် ခုံကျစ်တို့  ကျရှုံးသွားသည်ကို မြင်လိုက်ရသည်။
မင်ရှစ်ရင်၏ အကြည့်များက တောက်ပနေပြီး ခွဲခွာချိတ်ကောက်ကို ကိုင်ထားရင်း ကျေကျေနပ်နပ် ခေါင်းညိတ်လိုက်သည်။
ထိုစဉ် တွမ့်မူရှန်းက နယ်ရှင်လှံမှ ဖုန်များကို သုတ်နေလေသည်။
သူတို့ အနည်းငယ် စုတ်နေသော အဝတ်မှလွဲ၍ သူတို့က မထိမခိုက်ရှိဟန်ပေါ်သည်။
မင်ရှစ်ရင်က လုကျိုးဘေးနား ပြန်ရောက်လာကာ  “ ရှစ်စွင်း စိတ်မပျက်ရအောင် ကျွန်တော် ပစ်မှတ်အားလုံးကို သတ်ခဲ့ပါပြီ ”
“အရမ်းကောင်းတယ်” လုကျိုးက မင်ရှစ်ရင်ကို ကြည့်လိုက်ပြီး  “ဒါပေမဲ့ … ”
မင်ရှစ်ရင်က နှလုံးခုန်မြန်လာသလို ခံစားလာရသည်။ သူ့ရှစ်စွင်းက ချီးကျူးလိမ့်မည်ဟု ထင်ထားခဲ့လေသည်။ သူ့စကားနောက်တွင် “ဒါပေမဲ့” ဆက်ပြောလာလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
လုကျိုးက ပြတ်ပြတ်သားသား ပြောလိုက်သည်  “ဒါပေမဲ့ သစ်သားပြာကျင့်စဉ်ကို ကျင့်ကြံတဲ့အခါ နောက်ထပ် ကျင့်စဉ်ကို ကျင့်ကြံဖို့ တားမြစ်ထားတယ် ”
“ ရှစ်စွင်း  … ကျွန်တော်က သိချင်လို့ ကိုယ့်ဘာသာ မထိန်းနိုင်လိုက်တာပါ။ အဲဒါကြောင့် ဥမင်အတတ်ကို လေ့လာဖြစ်ခဲ့တာပါ။ တခြားရည်ရွယ်ချက် မရှိရပါဘူး” မင်ရှစ်ရင်က ပြောလိုက်သည်။
လုကျိုးက ထပ်ပြောလိုက်သည်။  “ မင်း အခုကစပြီး သစ်သားပြာ ကျင့်စဉ်ကိုပဲ သေချာအာရုံစိုက်ထား … မသွေဖည်သွားစေနဲ့ ”
“ဟုတ် ရှစ်စွင်း ” မင်ရှစ်ရင် ပျော်သွားလေသည်။ သူက အပြစ်ပေးမခံရရုံသာမက သူ့ရှစ်စွင်းက အကြံပင် ပေးလာသည်။
ထိုစဉ် မဟာခွန်အားခန်းမရှေ့ တိတ်ဆိတ်သွားလေ၏။
မဟာကရုဏာ ကျိန်စာကြောင့် နှိပ်စက်ခံခဲ့ရသည့် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း၏ တပည့်များက အနားယူပြီးနောက် ပြန်ကောင်းလာကြသည်။ သူတို့က ထကာ ခန်းမရှေ့ ပျက်စီးနေသော မြေပြင်ကို ကြည့်လိုက်ပြီးနောက် နံ့သာအိုးဘက် ကြည့်လိုက်ကြသည်။ ထို့နောက် သူတို့က မိစ္ဆာဝေဟင်မျှော်နန်း တပည့်များကြောင့် အရှုံးပေးလိုက်ရသည့် မဟာနတ္ထိဘုရားကျောင်းမှ ကိုယ်တော်များကို ကြည့်လိုက်ကြသည်။
ဤသည်မှာ မိစ္ဆာဝေဟင်မျှော်နန်း၏ အင်အား ဖြစ်၏။
ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှ တပည့်များက တံတွေးမျိုချလိုက်ကြသည်။ သူတို့က ကြောက်ရွံ့သော်လည်း စိတ်အေးသွားမိသည်။ သူတို့က လုကျိုး၏ ဗုဒ္ဓရွှေခန္ဓာကို သူတို့ကိုယ်တိုင် မြင်ခဲ့ရသည် မဟုတ်ပါလော။
နတ်ဆိုးက ဗုဒ္ဓဖြစ်မလာနိုင်ဘူးလို့ ဘယ်သူက ပြောလဲ … နတ်ဆိုးတွေက ဆိုးသွမ်းနေရမယ်လို့ ဘယ်သူက ပြောလဲ
လုကျိုးက ဗုဒ္ဓ ဖြစ်မလာချင်ပေ။
ထိုစဉ် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှ တပည့်များသည် တိုက်ပွဲ မဖြစ်ခင်ကကဲ့သို့ နံ့သာအိုးရှေ့ စုစည်းနေကြသည်။ သိပ်မကြာခင် မဟာခွန်အားခန်းမရှေ့ သူတို့နှင့် ပြည့်လာသည်။ သူတို့က ပင်ပန်းနွမ်းလျကာ အင်အားမရှိဘဲ သူတို့အပေါင်းအပါများသာ တွဲမထားလျှင် မတ်မတ်ပင် မရပ်နိုင်ကြပေ။ သို့သော်လည်း သူတို့ အယောက်တစ်ထောင်လုံး အတူတကွ ရပ်နေသည့်အခါ ထိုသို့မတူတော့ပေ။ သူတို့က တစ်ချိန်တည်းဆိုသလို လက်အုပ်ချီလိုက်ကြသည်။
ရွှီကျင့်လည်း ရုတ်ချည်းဆိုသလို အားတိုးလာသည့်နှယ် ပေါ်လာသည်။ သူက ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းမှ တပည့်များကို ကြည့်ကာ  “ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်းက အခုဘေးကင်းသွားပြီ”
ထို့နောက် သူက လုကျိုးဘက် လှည့်ကာ ချောင်းအသာဟန့်လိုက်ရင်း  “ဒကာကျိရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ”
ထိုစဉ် ကောင်းကင်ရွေးချယ်ခံ ဘုရားကျောင်း တပည့်များလည်း သံပြိုင် ပြောလိုက်ကြသည်။  “ဒကာကျိရဲ့ အကူအညီအတွက် ကျေးဇူးတင်ပါတယ် ”
တချို့အသံများက အားပျော့သော်လည်း အသံအများကြီးက ရှင်းရှင်းလင်းလင်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာသည်။ ထိုအထဲတွင် ဘဝအသစ် ပေးလိုက်သည့်အလား မပြောပြတတ်သည့် အငွေ့အသက်တစ်မျိုး ပါဝင်နေ၏။
“တင်း …. လူဦးရေ ၉၈၂ ယောက်ဆီမှ ကြည်ညိုကိုင်းရှိုင်းသည့် သဘောထားမျိုး လက်ခံရရှိသည့်အတွက် ဆုလာဘ် ကုသိုလ်ရမှတ် ၉၈၂၀ ရရှိပါတယ် ”
လုကျိုးက ကျေနပ်သွားသည်။ သူ့ရွေးချယ်မှုက အမှန်ဖြစ်ပုံပေါ်သည်။  “ အခု ဟေးမုလျန် ယူတော့မယ် ”
...

ငါ့တပည့်တွေ အကုန် ဗီလိန်တွေချည်းပဲWhere stories live. Discover now