Book 30 Chapter 407

49 6 0
                                    

Uni

အခန်း (၄၀၇) ရော့စွေမြစ်ကမ်းနံဘေး

ကျုန်းစန်းတောင်ချေတွင် ရွာငယ်လေး တစ်ရွာရှိလေသည်။ ထိုရွာလေးတွင် နေထိုင်ကြသူ အားလုံးမှာ "ချန်" မျိုးနွယ်များ ဖြစ်ကြလေသည်။ ထို့ကြောင့် "ချန်ကျေးရွာ" ဟုခေါ်လေသည်။ ချန်ရွာလေးမှာ ကျုန်းစန်းတောင်ခြေတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့သည့် ရွာလေးတစ်ရွာ ဖြစ်လေသည်။ ရွာရှိလူများမှာ အသက်ရှည်ကြပြီး မည်သူက အသက်အကြီးဆုံး ဖြစ်သည်ကိုပင် မမှတ်မိကြတော့ပေ။

ထို့ပြင် အသက်တစ်ထောင် ရှည်သည့် မှော်ဆရာမ တစ်ယောက်လည်း ချန်ကျေးရွာတွင် ရှိလေသည်။

အသက်တစ်ထောင် ဆိုသည်မှာ မရေမတွက်နိုင်သော ဘဝအတွေ့အကြုံများနှင့် ခေတ်အဆက်ဆက်၊ မင်းဆက် အဆက်ဆက်ကို ဖြတ်သန်း လာနိုင်သည့် အသက်ရွယ် ဖြစ်လေသည်။ သို့သော် ထိုရွာငယ်လေး အတွက်တော့ အနှစ်တစ်ထောင် ဆိုသည်က တစ်နှစ်နှင့် မခြားပေ။ ထို့ပြင် ချန်ကျေးရွာမှ လူများသည် ချန်ကျေးရွာမှ လွဲပြီး အခြားမည်သည့် နေရာကိုမှ သွားလေ့ မရှိကြပေ။ အဘယ်ကြောင့်ဆိုသော် ရော့စွေမြစ်မှာ ဖြတ်သန်း သွားလာရန် ခက်ခဲ လွန်းသောကြောင့် ဖြစ်လေသည်။

ကျုန်းစန်းတောင်ပေါ်ရှိ တောင်စောင့်နတ်၏ အကူအညီဖြင့်သာ ရော့စွေမြစ်ကို ဖြတ်ကျော်နိုင်မည် ဖြစ်လေသည်။

"ချန်" ဆိုသည်မှာ ကျုန်းစန်းတောင် တောင်စောင့်နတ်၏ မျိုးနွယ် ဖြစ်လေသည်။ သို့သော်... ကျုန်းစန်းတောင် တောင်စောင့်နတ်မှာ ချန်ကျေးရွာမှ လူတစ်ဦး ဟုတ်သည်လား၊ မဟုတ်သည်လား ဆိုသည်ကိုတော့ မည်သူမျှ မခန့်မှန်းနိုင်ကြပေ။

ကျုန်းစန်းတောင် တောင်စောင့်နတ်နှင့် တောင်စောင့်နတ်၏ အစေခံသာလျှင် ရော့စွေ မြစ်ရေကို ကျော်လွန်ပြီး ပြင်ပ လောကကို သိမြင်နိုင်စွမ်း ရှိသူများ ဖြစ်ကြလေသည်။

ကျုန်းစန်းတောင် တောင်စောင့်နတ်သည် ချန်ကျေးရွာကို အစဉ်သဖြင့် ကာကွယ်ပေးခဲ့ပြီး တောင်စောင့်နတ် အစေခံမှာ နှစ်တစ်ထောင် အသက်ရှည်သည့် မှော်ဆရာမ ဖြစ်လေသည်။ မှော်ဆရာမသည် တောင်စောင့်နတ်နှင့်လည်း ဆက်သွယ်နိုင်သလို ဖျားနာသည့် ရွာသားများကိုလည်း ဆေးကုသ ပေးလေ့ ရှိလေသည်။ မှော်ဆရာမတွင် ဓာတ်ဖန်လုံး တစ်လုံးရှိပြီး ရေကဲ့သို့ အလွန်ကြည်လင် လေသည်။ သူမသည် ထိုဓာတ်ဖန်လုံးမှ တစ်ဆင့် ပြင်ပကမ္ဘာကို သိမြင်နိုင်စွမ်း ရှိလေသည်။

ချင်းရွှမ်လမ်းစဥ် ဆရာသခင် (Part 3) (Myanmar Translation)Onde as histórias ganham vida. Descobre agora