ငါက အမြဲ နင့်ဘက်ကပဲ.....။
အလိုအပ်ဆုံးအချိန်မှာ ဒီလိုပြောတော့ မည်သူက စိတ်မလှုပ်ရှားပဲနေမည်လဲ။
ယွီကျီရီက ဒါကိုနားလည်သွားသည့်အခါ ရှီရီ့အပေါ် မသိလိုက်မသိဘာသာနှင့် မှီခိုလာမိသည်။ ပြီးနောက် ဒီလိုမှီခိုမှုက အချိန်တိုအတွင်းမှာပဲ ပိုပြီးနက်ရှိုင်းလာသည်။ ခက်ခဲသည့်အချိန်တိုင်းတွင် မှီခိုမိတော့သည်။
တစ်ညတွင် သူ(မ) အိပ်မပျော်တာကြောင့် ဆိုဖာပေါ်တွင် ဒူးပိုက်လျက်ထိုင်ရင်း ပြတင်းအပြင်ဘက်ရှိ မည်းမှောင်နေသည့်ကောင်းကင်ကို ကြည့်နေမိသည်။ သူ(မ)က ဖြစ်ပျက်သွားသမျှ ကိစ္စသေးသေးလေးမှစ၍ စဉ်းစားနေမိသည်။
"ထောက်..."
ကုတင်းဘေးရှိညအိပ်မီးအိမ်ကို လက်နှင့်စမ်း၍ ဖွင့်လိုက်သည်။ ထိုအခါ အိပ်ရာဘေးရှိ နေရာငယ်လေးတွင် နွေးထွေးသည့်အလင်းရောင်တို့ ထင်ဟပ်နေခဲ့သည်။ ယွီကျီရီက ထိုအလင်းရောင်ကိုအားကိုး၍ စားပွဲခုံဘေးသို့လျှောက်သွားကာ စားပွဲတင်မီးအိမ်လေးကိုထွန်းလိုက်သည်။ ထိုအခါ အိပ်ခန်းတွင်း နေရာတော်တော်များများတွင် တောက်ပသည့်အလင်းရောင်တို့ဖြင့် ထွန်းလင်းနေခဲ့သည်။
စားပွဲခုံအံဆွဲကိုဖွင့်ပြီး အံဆွဲအတွင်းပိုင်းမှဒိုင်ယာရီစာအုပ်လေးကို ထုတ်လိုက်သည်။ ထို့နောက် သူ(မ)၏လက်ချောင်းလေးများဖြင့် စကားဝှက်ကို ကျွမ်းကျင်စွာနှိပ်ကာ သော့ပေါက်လေးကိုဖွင့်လိုက်သည်။
ဒိုင်ယာရီစာအုပ်ဖွင့်လိုက်တော့ အသုံးပြုပြီးစာရွက်ရေမှာ သုံးပုံတစ်ပုံခန့်ရှိနေလေပြီ။
သူ(မ)က ဘောပင်ကိုကိုင်ကာ စာရွက်ပေါ်တွင် တစ်ကြိမ်လျှင်ဆွဲချက်တစ်ချက်စီနှင့် ဒေါင်လိုက်စာကြောင်းအတော်များများကို ရေးနေခဲ့သည်။ နောက်ဆုံးတွင်တော့ ၎င်းတို့အားလုံး၏ခေါင်းစဉ်က ရှီရီဖြစ်သည်။
သူ(မ)လည်းသိပါသည်။ မှီခိုရသည်ကိုအကျင့်ပါနေသည်က အချစ်ထက်ပင် ပို၍ နစ်မြုပ်နိုင်ပါသေးသည်။
သို့ပေမဲ့ သူ(မ)တွင် လက်လျှော့ရန် ရည်ရွယ်ချက်မရှိပါ။
စက်တင်လနှင့် နီးကပ်လာသည်နှင့်အမျှ အိမ်တွင် ထည့်သွင်းစဉ်းစားရမည့်ပြဿနာသစ်များ ပေါ်ပေါက်လာသည်။
နျဉ်စုယာက ရှီရီ့ကို ဘေးသို့ဆွဲခေါ်ကာ ကျောင်းတက်ရန်အရေးကို အသံတိုးတိုးနှင့်ဆွေးနွေးခဲ့သည်။ "ကျောင်းတွေပြန်ဖွင့်တော့မယ်။ ရီရီက ဒီလိုအခြေနေနဲ့ ကျောင်းသွားလို့ဖြစ်ပါ့မလား။"
နျဉ်စုယာသည်လည်း အမျိုးသမီးတစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးတွေ သူတို့အသွင်ပြင်ကို ဘယ်လောက်ဂရုစိုက်ကြကြောင်းကိုသိပါသည်။
ယွီကျီရီ့မျက်နှာတွင် ဒဏ်ရာများရှိပြီး ၎င်းတို့အားလုံးကို အချိန်တိုအတွင်း ပျောက်ကင်းအောင်လုပ်ဖို့ မဖြစ်နိုင်ပါ။ ၎င်းက စိတ်ပိုင်းဆိုင်ရာအရ ခုခံတွန်းလှန်ရန်ခက်ခဲသည့် အရိပ်မည်းကြီးပင်။ တစ်ခါတရံတွင် ရီရီသည် သူတို့ရဲ့မြင်ကွင်းမှ မသိစိတ်အလျောက် ရှောင်ဖယ်နေမိသည်။ သူ(မ)က အပြင်ကိုမထွက်ချင်ခဲ့ပါ။ လူများသည့် ကျောင်းကဲ့သို့သောနေရာများကိုလည်း တစ်ယောက်တည်း မသွားချင်ပါ။
"သား သင့်တော်တဲ့အချိန်ကိုရှာပြီး ရီရီဘယ်လိုစဉ်းစားလဲလို့ မေးကြည့်လိုက်မယ်။ တကယ်လို့ သူ(မ)ကျောင်းမတက်ချင်ဘူးဆိုလည်း သူ(မ)တို့အိမ်ကိုဆက်သွယ်ပြီး ဆေးရုံကနေဆေးစာယူခိုင်းလိုက်မယ်။ ပြီးရင် ကျောင်းကနေ ရက်ရှည်ခွင့်ယူခိုင်းလိုက်မယ်။"
သူက ဖြေရှင်းနည်းကိုပင် စဉ်းစားပြီးနေပြီ။
အပြင်လောကသည် အလွန်ရှုပ်ထွေးလွန်းသည်။ လူတိုင်းတွင် တောက်ပသည့်အနာဂတ် မရှိနိုင်ပါ။ အကယ်၍များ ယွီကျီရီ အဆင်သင့်မဖြစ်သေးခင်မှာ တွန်းအားပေးလိုက်လျှင်လည်း ကိစ္စတွေကို ပို၍ နှောင့်နှေးစေရုံသာရှိမည်။
မျက်နှာရှိအမာရွတ်တို့သည် အခြားသူများရဲ့မျက်လုံးတွေထဲတွင် လက်ခံနိုင်ရန် ခက်ခဲလိမ့်မည်။
အကယ်၍ မသိတတ်သူတွေက အတင်းပြောကြလျှင် ရီရီ နောက်တစ်ကြိမ် သိမ်ငယ်ရလိမ့်မည်။
ရှီရီသည် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲများကို မိခင်နှင့်ဆွေးနွေးပြီးနောက် နောက်တစ်ဆင့်မှာ ယွီကျီရီ့အတွေးတို့ကို နားထောင်ရန်ဖြစ်သည်။
စောင်းပါးရိပ်ခြည် ပြောရန်မလိုပါ။ ကျောင်းများက စက်တင်ဘာတွင်ဖွင့်မည်ဖြစ်ပြီး ကျောင်းသားအားလုံးလည်းသိကြရာ ရှီရီက ရီရီ့ကို လိုရင်းသာမေးလိုက်တော့သည်။ "ကျောင်းဖွင့်တဲ့အခါ ကျောင်းသွားအပ်မှာလား။"
သေချာပေါက် ဘယ်ဟုတ်မလဲ။ ယွီကျီရီက ထိုအမေးစကားကိုကြားတော့ ရှီရီ့မျက်လုံးတွေကိုရှောင်ကာ အားနည်းဖျော့တော့သည့်အသံနှင့် "ငါ မသွားလို့ရမလား။"
သူ(မ)ရဲ့ အတွေးတွေကိုတောင် သတိထားပြီးဖော်ပြနေသည်။ တကယ်ကိုပဲ...
ရှီရီက တိတ်တဆိတ်သက်ပြင်းချလိုက်သည်။ သို့ပေမဲ့ သူ့မျက်နှာတွင်တော့ နွေးထွေးသည့်အပြုံးတစ်ပွင့်ကို ချိတ်ဆွဲထားပြီး သူ(မ)ခေါင်းလေးကိုထိကာ ပြောလိုက်သည်။ "ခဏလောက်တော့ မသွားလို့ရပါတယ်။ ဒီကိစ္စကိုဖြေရှင်းဖို့ ကောကော ကူညီမယ်။"
ခဏလောက်နှင့် အလုပ်ဖြစ်မှာမဟုတ်ပေ။ ဒါက သူ(မ)ကို သက်သာရာရအောင် အချိန်ပေးလိုက်ခြင်းသာဖြစ်သည်။ သို့ပေမဲ့ တစ်နေ့တော့ သူကိုယ်တိုင် ရီရီ့ကို အမှောင်ထုထဲမှ ဆွဲထုတ်သွားမည်ဖြစ်သည်။
စက်တင်ဘာ ၁ ရက်နေ့တွင် အဖွားက အိမ်ပြန်လာပြီး သူ(မ)က နျဉ်စုယာကိုဖုန်းဆက်ကာ မြေးမလေးကိုတွေ့ချင်ကြောင်း ပြောလာသည်။
နျဉ်စုယာက ရီရီ့အဖွားဖြစ်သူ နေမကောင်း၍ဆေးရုံတက်ရကြောင်းကို ရွမ်ချင်းထံမှ သိထားသည်။ သူ(မ)က လူကြီးသူမ၏အတွေးတို့ကို စဉ်းစားပေးသည့်အနေနှင့် သူ(မ)ရဲ့အိပ်လိပ်စာကို ပြောပြလိုက်သည်။
ယွီကျီရီသည် မိဘတွေကိုကြောက်လန့်နေသော်ငြား သူ(မ)ငယ်စဉ်ကတည်းက အတူရှိခဲ့သည့်အဖွားအပေါ်တော့ နက်ရှိုင်သည့်ခံစားချက်တို့ ကျန်နေသေးသည်။ အတိအကျပင် ထိုကဲ့သို့ နက်ရှိုင်းသည့် မိသားစုသံယောဇဉ်ကြောင့်သာ နောက်ဆုံးတွင် အသွားနှစ်ဖက်ပါဓားကဲ့သို့ ခံစားရခြင်းဖြစ်သည်။ သူ(မ)အကူညီလိုအပ်ဆုံးအချိန်မှာ ဓားသွားတစ်ဖက်နှင့် သွေးစိမ်းရှင်ရှင်ထွက်အောင် ဖြတ်တောက်ခံရသကဲ့သို့ ခံစားခဲ့ရသည်။
အဖွားက ရီရီ့မျက်နှာပေါ်ရှိဒဏ်ရာများကိုမြင်သည်နှင့် နေရာမှာတင် မျက်ရည်ပေါက်ကြီးငယ်ကျတော့သည်။ "ဒါ တကယ်ကို ပြစ်မှုပဲ။"
ယွီကျီရီက သူ(မ)မျက်နှာသူ(မ) အလိုလျောက်ထိမိသည်။ အံဆွဲထဲမှ နှာခေါင်းစီးတစ်ခုကို အမြန်ထုတ်ပြီး မျက်နှာပေါ်မှဒဏ်ရာတို့ကိုဖုံးကွယ်ရန် အမြန်အုပ်လိုက်သည်။
အဖွားက ချက်ချင်းပဲ ရှင်းပြလာသည်။ "အဖွားက ဒီလို ဆိုလိုတာမဟုတ်ပါဘူး။ ဒီလို မလုပ်ပါနဲ့။"
ယွီကျီရီက ခေါင်းကိုသာခါနေရင်း တစ်ရှုးတစ်ရွက်ဆွဲထုတ်ကာ အဖွားထံ ကမ်းပေးလိုက်သည်။ "အဖွား။ မငိုပါနဲ့။ သမီး အဆင်ပြေနေပါပြီ။"
သမီးအဆင်ပြေနေပြီ....။
ကောင်မလေးရဲ့ ခါးသက်သက်စကားတို့ကိုကြားလိုက်ရတော့ အဖွားမှာ ခံစားချက်တွေကိုမထိန်းချုပ်နိုင်ဘဲ ထပ်ငိုမိပြန်သည်။ မြေးမလေးရဲ့လက်ကိုကိုင်ထားရင်း "ရီရီ။ အဖွားပြန်လာပြီနော်။ အဖွားနဲ့တူတူ အိမ်ပြန်ကြရအောင်....။"
အိမ်ပြန်မယ်...။
ဒီစကားစုကို ရင်းနှီးနေသည်။
အိုး။ ကောကောလည်းပဲ သူ(မ)ကို အိမ်ခေါ်သွားမည်ပြောဖူးသည်ပင်။
ယွီကျီရီက ထိုခေါင်းစဉ်ကိုရှောင်ကာ ဆွေးနွေးခဲ့သည်။ အဲ့ဒီအစား မေးလိုက်သည်။ "အဖွားရော နေကောင်းပြီလား။"
အဖွားက ထပ်ခါတလဲလဲခေါင်းညိတ်ကာ "အဆင်ပြေပါတယ်။ အဆင်ပြေပါတယ်။ အဖွားကောင်းသွားပြီ။"
"ကောင်းလိုက်တာ။" ဒီလိုရလဒ်မျိုးကိုကြားရတော့ သူ(မ) စိတ်သက်သာရာရသွားသည်။
ယွီကျီရီက သက်ပြင်းရှည်ချလိုက်ပြီး "အဖွား အချိန်မီပြောသင့်တယ်။ နောင်မှာ နေလို့မကောင်းရင် ချက်ချင်းပြောရမယ်နော်။"
အစပထမတွင်တော့ သူ(မ)မိဘများက ကွာရှင်းလိုက်ကြပြီဖြစ်ပြီး အဖွားသည်လည်း သူ(မ)၏သမီးဖြစ်သူနှင့်သာ နေချင်သည်လို့ထင်တာကြောင့် ရီရီက ဒီနေရာတွင်နေရန် ဆုံးဖြတ်ခဲ့တာဖြစ်သည်။
ယခုလို အမှန်ကိုသိရမှ သူ(မ)စိတ်အေးရတော့သည်။
သူ(မ)က အဖွားရဲ့အတွေးတွေကို နားလည်ပါသည်။ ဒါပေမဲ့ အဲ့ဒီနေရာကို ပြန်လိုက်သွားလျှင် သူ(မ)ရဲ့စိတ်ကို ခုခံတွန်းလှန်နေရဦးမည်ဖြစ်သည်။
တစ်ခါတစ်ရံ သူ(မ)အိပ်ပျော်သွားလျှင် အိပ်မက်မက်သည်။ သူ(မ)က အရင်အိမ်တွင် အိမ်အလုပ်လုပ်နေစဉ်တွင် ဆိုးဆိုးရွားရွား အဆူခံနေရသည်။ အခေါက်တိုင်းမှာ နောက်ဆုံးတွင် သူ(မ)ကိုယ်သူ(မ) သွေးများစွန်းထင်းနေလျက်မြင်ခဲ့ရသည်။ ထို့နောက်တော့ ထိတ်လန့်တကြားနိုးလာပြီး စောင်အောက်တွင် မျက်လုံးမမှိတ်ရဲဘဲ တုန်ရီနေခဲ့သည်။
သူ(မ)စိုးရိမ်မိသည်က မျက်လုံးမှိတ်လိုက်သည်နှင့် ထိုအိပ်မက်ဆိုးကို နောက်တစ်ကြိမ်မက်မည်စိုး၍ဖြစ်သည်။
ရှီရီကျောင်းအပ်ပြီးပြန်လာချိန်မှာ ရီရီ့အဖွားရောက်လာသေးသည်လို့ကြားတာနှင့် ချက်ချင်း ရီရီ့အခန်းဆီ တိုက်ရိုက်ပြေးသွားမိသည်။
ကောင်မလေးကို စားပွဲခုံရှေ့တွင် မတ်မတ်ထိုင်လျက်မြင်လိုက်ရမှ သူလည်းပဲ ရှင်းမပြနိုင်စွာ စိတ်အေးရတော့သည်။
"ရီရီရေ။ ဒီမှာ နင့်အတွက်။" ရှီရီက အိတ်တစ်လုံးကို စားပွဲခုံပေါ်သို့တင်လိုက်သည်။
ယွီကျီရီဖွင့်ကြည့်လိုက်တဲ့အခါ အထဲမှ စာရေးကိရိယာအစုံလိုက်ကို ဆွဲထုတ်လိုက်သည်။ "ငါ့အတွက်လား။"
ရှီရီက ခေါင်းညိတ်ပြီး ပြန်ဖြေလိုက်သည်။ "ဟုတ်တယ်။ လတ်တလော နင် ကျောင်းမသွားပေမဲ့ စာလေ့လာတာကိုတော့ နှောင့်နှေးစေလို့မရဘူးလေ။ ငါအိမ်ပြန်လာတိုင်း နင့်ကို သင်ပေးမယ်။"
ယွီကျီရီက မျက်လုံးများကို ကျယ်ကျယ်ဖွင့်ကာ အနည်းငယ် မယုံနိုင်ဖြစ်နေခဲ့သည်။
မတိုင်မီက သူ(မ)စိုးရိမ်နေခဲ့ရသည်တို့ကို ရှီရီက အပြည့်အဝ စီစဉ်ပေးလိုက်သည်။
"တကယ်တော့လေ။ ဒီနေ့ အဖွားရောက်လာသေးတယ်။ အဖွားပြောတာက အဲ့ဒီအကြောင်း ငါ့ကိုမပြောတာက သူ(မ)နေမကောင်းဖြစ်နေပြီး ငါစိုးရိမ်မှာစိုးလို့တဲ့။ အခု သူ(မ)ပြန်လာပြီ။ သူ(မ)က ထပ်ပြီး ထားခဲ့တော့မှာမဟုတ်ဘူး။"
"အဲ့ဒီတော့ နင်ဘယ်လိုပြန်ဖြေလိုက်လဲ။"
သူ(မ) အမှန်ကိုသိရစဉ်က အဖွားနှင့်ပြန်လိုက်ဖို့ကို တွေးခဲ့မိသေးသည်။ သို့ပေမဲ့ ထိုနေရာနှင့်ပတ်သက်၍ သူ(မ)ရင်ထဲတွင် အဟန့်အတားတို့ရှိနေတာကြောင့် အဖြေပြန်မပေးခဲ့ပေ။
အခု...။
သူ(မ)ကို အမြဲတွေးနေသည့်တစ်စုံတစ်ယောက်ရှိနေပြီ။ သူ(မ)လည်း သူ(မ)၏အကာကွယ်လွှာကို ယာယီရုတ်သိမ်းထားချင်သည်။ သူ(မ)၏ အသက်ကယ်ကြိုးမျှင်လေးကို ကိုင်ဆွဲထားချင်မိသည်။
ဒီလိုတွေးမိတော့ ကောင်မလေးရဲ့မျက်နှာမှာ အပြုံးဖျော့ဖျော့လေး ပေါ်လာခဲ့သည်။ "ငါပြောလိုက်တာက ငါ ကောကောနဲ့ စာလုပ်ချင်တယ်လို့။"
ရှီရီ အနည်းငယ် အံ့အားသင့်သွားမိသည်။ သူ့စိတ်အခြေနေလည်း ရုတ်တရက် ကြည်လင်လာသည်။
ထိုအချိန်တုန်းက ရီရီတစ်ယောက် အမှန်ကိုသိသွားတာကြောင့် သူ(မ)၏အဖွားနှင့်ပြန်လိုက်သွားမှာကို သူတကယ်စိုးရိမ်ခဲ့မိသည်။
ကံကောင်း၍ သူ သူ(မ)ကို ခေါ်ထားနိုင်ခဲ့ပြီ။
စက်တင်ဘာလ အစောပိုင်းတွင်ဖြစ်သည်။
အထက်တန်းပထမနှစ်လေးများသည် ပတ်ဝန်းကျင်သစ်နှင့် လိုက်လျောညီထွေဖြစ်အောင် ညှိယူခဲ့ကြပြီး တစ်ယောက်ပြီးတစ်ယောက် သင်ကြားရေးအသိုက်ဝန်းသို့ ဝင်ရောက်ခဲ့ကြသည်။
ကစားကွင်းတွင် ရှပ်လက်တိုနှင့်ကျောင်းသားအုပ်စုသည် အခုလေးတင်မှ မီတာ ၈၀၀ အပြေးလေ့ကျင့်လို့ပြီးတာဖြစ်သည်။
ကာယဆရာက သူတို့ကို အားကစားပစ္စည်းသစ်များ မရောက်သေးကြောင်းပြောခဲ့သည်။ ထို့ကြောင့် သူတို့က စိတ်ကြိုက်နေခွင့်ရနေသည်။ကစားကွင်းတွင် ကစားနိုင်ပြီး သူတို့ဘာသာ တခြားသော အားကစားများကိုလည်းလုပ်နိုင်သည်။ သို့သော် စာသင်ခန်းဆီ စောစောပြန်၍မရပေ။
အတန်းဆင်းမိန့်ရသည်နှင့် လူအုပ်ကြီးက ရွှင်မြူးသွားကြသည်။
သူတို့အားလုံးက အခုမှ အထက်တန်းကျောင်းကိုစရောက်သည့် ပထမနှစ်လေးများဖြစ်ကြသည်။ ကျောင်းယူနီဖောင်းပင် မထုတ်ကြရသေးပေ။ သူတို့အားလုံးက ကိုယ်ပိုင်အဝတ်စားများနှင့်ဖြစ်ကြသည်။ မတူညီသည့်ပုံစံက တစ်ယောက်ချင်းစီ၏ စိတ်နေသဘောထားကို ခွဲခြားရန်လွယ်ကူစေသည်။
မီတာ ၈၀၀ ပြေးပြီးနောက် လူတချို့က သူတို့ရဲ့ဒူးခေါင်းကို လက်နှင့်အုပ်ထားကြကာ သက်ပြင်းရှိုက်နေကြသည်။ တချို့က မနေနိုင်တော့ဘဲ ရေဘူးဖွင့်၍ အလုတ်ကြီးကြီးသောက်ပြီး လည်ချောင်းတွေကို စိုစွတ်စေပြီးနောက် ထွေးထုတ်လိုက်ကြသည်။
မိန်းကလေးအများစုက သစ်ပင်ရိပ်ရှိရာသို့ လျှောက်လာကြပြီး တချို့က လှေကားထစ်များတွင် ထိုင်နေကြသည်။ တချို့ကတော့ မောပန်းနွမ်းနယ်၍ ခြေထောက်တွင်အားမရှိတော့တာတောင် ခေါင်းမာစွာ မတ်တတ်ရပ်နေကြသေးသည်။
မိန်းကလေးများ အတူတူရပ်နေကြသည့်အခါ အချင်းချင်း စကားပြောရလွယ်ကူသည်လို့ ခံစားလိုက်ရသည်။
သူတို့အားလုံးက ကျောင်းကို ခုမှရောက်ကြတာဖြစ်လို့ အတန်းဖော်အချင်းချင်း မရင်းနှီးကြသေးပေ။ သို့ပေမဲ့ သူတို့အားလုံး အတိအကျသိကြသည်ကတော့ ရှီရီ့ကိုဖြစ်သည်။
စာသင်နှစ်အစတွင် ရှီရီသည် အတန်း၏ အဆင့် ၁ ကျောင်းသားအနေနှင့် စင်ပေါ်တွင် မိန့်ခွန်းပြောဖူးသည်။ ထိုနေ့မှာပင် တစ်ကျောင်းလုံးက သူ့ကို သိရှိခဲ့ကြတာဖြစ်သည်။
ပြောကြသည်က သူသည် အမှတ် (၁) အလယ်တန်းကျောင်းသမိုင်းတွင် အမှတ်အမြင့်ဆုံးလူဖြစ်သည်ဟူ၍။ ပုံပန်းသွင်ပြင်ကလည်း ရူးလောက်သည်ပင်။ လူအုပ်ကြားထဲရပ်နေလျှင်တောင် တစ်ယောက်တည်းထင်းထွက်နေသည့် သွင်ပြင်မျိုးဖြစ်သည်။ သူ့ကို သတိမထားမိရန်ခက်သည်။
သူတို့မျက်လုံးထဲတွင်တော့ ရှီရီသည် အမှတ်ပြည့်နီးပါး ပြီးပြည့်စုံသူဖြစ်သည်။
အစက သူတို့ထင်သည်က ထိုကဲ့သို့ ငယ်စဉ်ကတည်းက ထိပ်ဆုံးတွင်ရှိလာသည့်သူက တသီးတခြားနေတတ်ပြီး ပေါင်းသင်းရခက်မည်ဟူ၍ပင်။ သို့ပေမဲ့ သူသည် ရောက်လာလာချင်း သူ့ကိုယ်သူ အတန်းခေါင်းဆောင်နေရာတွင် အကြံပြု၍ အတန်းဖော်များနှင့် ခပ်မြန်မြန်ပဲ ရင်းနှီးသွားခဲ့သည်။ သူသည် တက်ကြွရွှင်လန်းသည့် စိတ်နေသဘောရှိသူဖြစ်ပြီး ကျောင်းသားဟူသည့် လေထုကို မခံစားရစေပေ။ အားလုံးနှင့် အပြန်လှန် ဆက်သွယ်ရာတွင်လည်း သူက ရိုးရိုးရှင်းရှင်းနှင့် ပေါင်းသင်းရအဆင်ပြေသည်။
မကြာမီတွင် ရှီရီသည် 'ကျောင်းမြက်လေး' ဟူသည့် ဂုဏ်ပုဒ်နှင့် လူသိလာခဲ့ပြီး ကျောင်းမိန့်ခန်းပြောအပြီးမှာတော့ 'ကျောင်းမြက်လေး' ရာထူးကို တရားဝင်ရရှိခဲ့သည်။
ဘတ်စကတ်ဘောကွင်း၏ စည်းပြင်ဘက်တွင် ထင်းလင်းနေသည့်သွင်ပြင်နှင့် လူငယ်လေးတစ်ယောက် မတ်တတ်ရပ်နေသည်။
ဒီအရွယ်ကောင်လေးများသည် အင်အားပြည့်ဝနေကြပြီး နေရောင်ခြည်လေးများလို တောက်ပနေသည်။ လူငယ်လေးတွင် ကျယ်ပြန့်သောပခုံးပြင်၊ ခါးကျဉ်ကျဉ်နှင့် ရှည်သွယ်သွယ်သဏ္ဌာန်ရှိသည်။ အရပ်အမြင့်မှာ ၁၈၇ စင်တီရှိပြီး လုံးဝကို မျက်စိဖမ်းစားဖွယ်လေးဖြစ်နေတော့သည်။
သူက ဘတ်စကတ်ဘော ဘောလုံးကို လက်ဖဝါးထဲတွင်ကိုင်ထားပြီး အခါအားလျော်စွာနှင့် လက်ချောင်းများဖြင့် လှည့်နေတတ်သည်။ လှုပ်ရှားမှုများက ကျွမ်းကျင်နေပြီး ဘတ်စကတ်ဘော ဘောလုံးသည် သူ၏ လက်ချောင်းများကြားတွင်သာ ပြေးလွှားနေပြီး အောက်သို့ကျသွားခြင်းမရှိပေ။
မီတာ ၈၀၀ ပြေးပြီးနောက် အားလုံး မောပန်းနေကြပေမဲ့ သူ့အပေါ် သက်ရောက်မှုရှိပုံမရပေ။ အလွန်ဆုံးမှ သူက အသက်ပြင်းပြင်းရှူရုံအနေထားသာရှိသည်။ ပြေးလွှားပြီးနောက်တွင်ပင် သူက နောက်ကျောကို ဖြောင့်တန်းနေအောင်ထား၍ ရပ်နေနိုင်သေးပြီး ၎င်းကပင် မျက်စိဖမ်းစားနေခြင်းဖြစ်သည်။
"ဟိုဘက်ကိုကြည့်လိုက်။ ရှီရီက အရမ်းချောတာပဲ။"
"ဟေး။ ဖုန်းယူလာလား။ မြန်မြန် ဓာတ်ပုံရိုက်လိုက်စမ်းပါ။"
"ကာယချိန်မို့ ဖုန်းကို အခန်းထဲထားခဲ့မိတယ်။"
"ငါယူလာတယ်။ ငါယူလာတယ်။"
သူတို့တွေ ဖုန်းမြှောက်၍ ဓာတ်ပုံရိုက်မည့်အချိန်တွင် ပျော်စရာကောင်းသည့်မြင်ကွင်းကိုကြည့်ရန် ချောင်လဲ့ကျီရောက်လာခဲ့သည်။
တစ်ယောက်ယောက်က မေးလိုက်သည်။ "ချောင်လဲ့ကျီ။ နင်နဲ့ရှီရီက ငယ်ကတည်းက အတန်းဖော်တွေဆို။ နင် သူ့ပုံစံကို ခံနိုင်ရည်ရှိတယ်လား။"
ချောင်လဲ့ကျီက ခပ်ကျယ်ကျယ်ရယ်လိုက်ပြီး "ငါငယ်ငယ်တုန်းကဆို သူ့ကို နေ့တိုင်း သည်းမခံနိုင်ဘူး။ သူက အလုံးစုံ ချောမောနေခဲ့တာလေ။"
ချောင်လဲ့ကျီက အထက်တန်းဝင်ခွင့်စာမေးပွဲတုန်းက ကောင်းကောင်းမဖြေနိုင်ခဲ့ပေမဲ့ ကံကောင်း၍ မြို့ထဲရှိ အထက်တန်းကျောင်းသို့ဝင်ခွင့်ရခဲ့သည်။ ထို့နောက် ကျောင်းမှ ကြုံရာအတန်းခွဲလိုက်တော့ စူပါကျောင်းသား ရှီရီနှင့် တစ်ခန်းတည်းကျခဲ့ခြင်းဖြစ်သည်။
မူလတန်း၊ အလယ်တန်းမှသည် အထက်တန်းကျောင်းရောက်သည်ထိ တိုက်ဆိုင်လွန်းသည်မှာ ဇာတ်လမ်းတစ်ပုဒ်ပင် ရေးလို့ရနေပြီ။
ချောင်လဲ့ကျီသည် အထက်တန်းဝင်ခွင့်စာမေးပွဲပြီးနောက် အသွေးထဲအသားထဲမှနေ၍ မျက်ရည်ကျချင်လာမိသည်။ သူ(မ)က ဒီအချိန်ကို မီးရှုးမီးပန်းဖောက်၍ပင် အောင်ပွဲခံသင့်သည်။
ချောင်လဲ့ကျီနှင့် ရှီရီတို့ ငယ်စဉ်ကတည်းက သိခဲ့ကြသည်ကိုသိလိုက်ရတော့ သူတို့တွေ မနာလိုဖြစ်ကုန်ကြသည်။
သူ(မ) သူတို့ကို တိုက်ရိုက်ပြောချင်သည်က : စဉ်းတောင်မစဉ်းစားနဲ့။ ရှီရီတို့မိသားစုမှာ ဇီးသီးစိမ်းလေးရှိတယ်။ ပြီးတော့ သူတို့က မွေးကတည်းကသိခဲ့ကြတာ။
ချောင်လဲ့ကျီက ယွီကျီရီတို့မိသားစုတွင် တစ်ခုခုဖြစ်ပျက်သွားကြောင်းကြားမိသေးသည်။
"နင်က ရှီရီ့ကို ကောင်းကောင်းသိနေမှတော့ သူ့ကို ခေါ်လိုက်လေ။ သူလှည့်လာရင် ငါတို့ နောက်မှာပုန်းနေပြီး တိတ်တိတ်လေး ဓာတ်ပုံရိုက်လိုက်မယ်။"
ဒီအချိန်မှာ လူတိုင်းက ရုပ်ရည်ချောမောလျှင် လေးစားကြသည်။ ဓာတ်ပုံခိုးရိုက်ရန် မလွယ်ဘူးလို့ ထင်နေကြသည်။ လူ့အခွင့်ရေးချိုးဖောက်သလို ဖြစ်နေသည်လေ။
ချောင်လဲ့ကျီက အလွန်လှည့်စားတတ်သည်။ အားလုံးကတောင်းဆိုမှတော့ သူ(မ)လည်း ညီမတွေအတွက် အခွင့်ရေးရှာပေးချင်လာသည်။
"ဒါဆို ငါသူ့ကို အော်ခေါ်လိုက်မယ်။ နင်တို့ဘာသာ ဓာတ်ပုံရိုက်လိုက်။ သူသိသွားရင်တော့ ငါလည်းမတတ်နိုင်ဘူး။"
သူ(မ)က အော်ခေါ်လိုက်သည်။ "ရှီရီ !"
သူတို့ကိုကျောပေးထားသည့်ကောင်လေးက နောက်လှည့်လာသည်။
ရုတ်တရက်ပင် ပုံခိုးရိုက်မည့်ကောင်မလေးတို့ ရင်ခုန်သံမြန်လာခဲ့သည်။ သူ(မ)တို့က ရှက်သွေးပင် ဖြာနေကြသေးသည်။
သူ့အသွင်ပြင်က စင်းလုံးချောပြည့်စုံသည်။ ဘာက မမေ့နိုင်စရာအကောင်းဆုံးလဲဆိုလျှင် သူ၏ မျက်လုံးတစ်စုံပင်ဖြစ်သည်။
ရှည်လျားကျဉ်းမြောင်းသည့် မက်မွန်ပွင့်သဏ္ဌာန်မျက်လုံးတစ်စုံကို သာသာလေးမျက်တောင်ခတ်လိုက်သည်။ သစ်ပင်ရိပ်တွင် ပုန်းနေသည့်ကောင်မလေးတို့မှာ နှလုံးသားကို ဓာတ်လိုက်သလို ရှက်သွားကြသည်။
ချောင်လဲ့ကျီက သက်ပြင်းချလိုက်သည်။ "ထင်တဲ့အတိုင်းပါပဲ။ ငယ်ငယ်တုန်းကလို ချောမောနေတုန်းပဲ။"
စက်တင်ဘာလလယ်တွင် ကျောင်းမှ ဆောင်းဦးရာသီ အားကစားပွဲတော်အကြောင်းကို အသိပေးကြေညာခဲ့သည်။ အားလုံးပါဝင်မည်လို့ ခန့်မှန်းလို့ရသည်။
အားကစားကော်မတီအဖွဲ့ဝင်က ချောင်လဲ့ကျီထံလျှောက်လာပြီး သူ(မ)စားပွဲခုံကိုခေါက်ကာ "ချောင်လဲ့ကျီ။ နင် ဆောင်းဦးအားကစားပွဲမှာ ပါမှာလား။"
"ဘယ်လောက်မီတာလဲ !"
အားကစားကော်မတီအဖွဲ့ဝင်များ : "..."
နင့်ရဲ့တုံ့ပြန်ပုံကိုကြည့်ရရင် နင့်ကိုယ်နင် မီတာ ၃၀၀၀ ပြေးပွဲဝင်ရမယ်များထင်နေလား။
အားကစားကော်မတီအဖွဲ့ဝင်က မှတ်စုစာအုပ်ထုတ်ကာ သူ(မ)ဝင်ပြိုင်မည့်ပွဲကိုမှတ်လိုက်သည်။ ထို့နောက် ယတိပြတ်မေးလိုက်သည်။ "နောက်တစ်ခုရွေးဦးမလား။"
ချောင်လဲ့ကျီက ပြုံးစိစိလုပ်၍ "ဟင့်အင်း။ ငါ တခြားအားကစားတွေ မလုပ်နိုင်ဘူး။"
သူ(မ)က မခုန်နိုင်ပေ။ သူ(မ)က တာရှည်ပြေးပွဲကိုလည်း ခံနိုင်ရည်မရှိပါ။ တာတိုပြေးပွဲကသာ သူ(မ)နှင့် အသင့်တော်ဆုံးဖြစ်သည်။
အားကစားကော်မတီအဖွဲ့ဝင်က သူ့ရဲ့စိတ်ပျက်မှုကို ပြသနေသည်။
ချောင်လဲ့ကျီက သူ့လက်ကိုဆွဲပြီး "နင် ရှီရီ့ကိုမေးလို့ရတယ်လေ။ သူက အကြွင်းမဲ့တန်ခိုးရှင်။ သူက အရင်ကလည်း အတန်းအတွက် ဆုတွေယူပေးတတ်တယ်။"
အားကစားကော်မတီအဖွဲ့ဝင်က မိန်းကလေးဖြစ်ပြီး သူ(မ)ရဲ့အမည်က ကျန်းမေ့အာဖြစ်သည်။ သူ(မ)က လက်ရှိ ချောင်လဲ့ကျီ၏အတန်းဖော်ဖြစ်သည်။
သူ(မ)က သနားစရာအတန်းဖော်လေးအတွက် နည်းလမ်းရှာပေးလိုက်သည်။
မမျှော်လင့်စွာဘဲ ကျန်းမေ့အာက နှုတ်ခမ်းစူကာ ခေါင်းယမ်းပြသည်။ "ငါမေးပြီးပြီ။ ရှီရီက ဘယ်မှာမှ မပါဘူးတဲ့။"
"မဖြစ်နိုင်တာ..."
သူ(မ)ရဲ့အမြင်အရဆိုလျှင် ရှီရီသည် စာရိတ္တပိုင်းဆိုင်ရာ၊ အသိပညာပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနှင့် အားကစားနှင့် အနုပညာတို့တွင် တိုးတက်လာသည်။ အတိတ်တုန်းကဆိုလျှင် သူသည် ကျောင်းအားကစားပွဲများနှင့် အားကစားချိန်များတွင် တက်ကြွနေတတ်သည်။
ကျန်းမေ့အာက အကူညီမဲ့စွာ သက်ပြင်းချလိုက်သည်။ "ဟုတ်လား။ သူပြောတာတော့ သူမအားဘူးတဲ့။ ငါမြင်တာတော့ သူ တစ်ခုခုကို note ထုတ်နေတာလား ဘာလားပဲ။"
"အိုး။" ငါမှတ်မိပြီ။ အဲ့ဒါက ယွီကျီရီအတွက် note ထုတ်ပေးနေတာ။
ယွီကျီရီ့အကြောင်းတွေးမိတော့ သူ(မ)လည်း သူငယ်ချင်းဖြစ်သူကို အများကြီး လွမ်းနေလေပြီ။
ကျောင်းဆင်းတော့ ချောင်လဲ့ကျီက ရှီရီ့ထံပြေးကာ အသံတိုးတိုးနှင့် မေးလိုက်သည်။ "ငါ ကျောင်းပိတ်ရက်ကျ ရီရီနဲ့ လာကစားလို့ရမလား။"
ရှီရီက သူ(မ)ကိုမော့ကြည့်လာကာ ခဏလောက်ရပ်နေခဲ့ပြီး "ငါ မေးပေးမယ်။"
ချောင်လဲ့ကျီရဲ့မျက်လုံးတို့ အရောင်တောက်လာခဲ့သည်။
*****
Aurora Novel Translation Team