ငယ်ငယ်ကတည်းကအတူရှိလာကြသည့်လူတွေက အဘယ်သို့ခွဲခွာနိုင်ပါမည်နည်း။
သူ(မ)မခွဲချင်ပါ။ လုံးဝကိုမခွဲချင်ပါ။
ဒီရက်တွေမှာ ရီရီ စိတ်နှင့်ကိုယ်နှင့်မကပ်ဖြစ်နေမိသည်။
"ဘမ်း..။"
သူ(မ)နဖူးနှင့် မတော်တဆတိုက်မိသွားသည်က ရှီရီ့လက်ဖဝါးဖြစ်၏။
"လမ်းလျှောက်ရင်ခေါင်းငုံ့မထားဖို့ နင့်ကိုငါ ဘယ်နှစ်ခါလောက်ပြောနေရမှာလဲ။ ငါသာ နင့်နားမှာမရှိရင် ဘယ်လိုလုပ်မလဲ။"
ဒီကောင်မလေး ဘယ်ကတည်းက ဒီအကျင့်ရလာသလဲမသိပေ။ သူ(မ)က လမ်းလျှောက်ရင်းတွေးနေလျှင် ဘယ်ကိုမျှမကြည့်ပေ။ သူ(မ)ကိုမတိုက်မိစေရန် အကြိမ်ရေမည်မျှကာပေးခဲ့ရမှန်းမသိတော့ပေ။
များသောအားဖြင့် ဆူခံရချိန်တိုင်းမှာ ကောင်မလေးက ပြုံးရယ်ကာ ကောင်းကောင်းပြုမူတတ်သည်။ သို့ရာ ဒီကနေ့တော့ သူ(မ)ကပြုံးမလာချေ။
ယွီကျီရီက ရှီရီ့လက်ကို ဆောက်တည်ရာမဲ့စွာဖြင့်ဖမ်းဆွဲလိုက်ပြီး " ကောကော။ ငါတို့တွေ မခွဲရလောက်ပါဘူးနော်။ ဟုတ်တယ်မလား။"
"ဒီနေ့တစ်နေကုန် နင့်ရဲ့ခေါင်းသေးသေးလေးနဲ့ ဘာတွေတွေးနေတာလဲ။"
"လွန်ခဲ့တဲ့ရက်က အဖွားနဲ့မားဖုန်းပြောနေတာကိုကြားခဲ့တယ်။ အဖွားကပြောတယ်။ သူတို့က မြို့မှာ အိမ်ဝယ်မလို့တဲ့။ ပြီးရင် ဒီခြံနဲ့အိမ်ကိုရောင်းပြီး ဒီကနေပြောင်းသွားမှာတဲ့။"
အခုလေးတင် ရီရီ့ကိုစနောက်ရန်ကြံနေသည့်သူ့စိတ်တို့ အုံ့မှိုင်းသွားလေသည်။
ရှီရီ အိမ်ပြန်ရောက်သည်နှင့် အိပ်ခန်းထဲသို့ တိုက်ရိုက်ဝင်သွားခဲ့သည်။ သူ့ကိုယ်သူပိတ်လှောင်ထားခဲ့ပြီး ညစာလည်းထွက်မစားခဲ့ပေ။
ရှီရီက ကလေးဆန်သည့်သူမဟုတ်ပေ။ ဒါကြောင့်ပင် သူမစားချင်ဘူးပြောသည့်အခါ နဉ်စုယာသည်လည်း ဗိုက်မဆာသေးတာကြောင့်ဟု ထင်သွားခဲ့သည်။
သို့ပေမဲ့ နျဉ်စုယာသည် ညနေခင်းထိ ရှီရီအခန်းထဲမှထွက်လာသည်ကိုမတွေ့ခဲ့ချေ။ သို့မှသာ သူ(မ)လည်း စိုးရိမ်လာတော့သည်။ "ရှောင်ရီ။ တံခါးဖွင့်စမ်း။ မားပါ။"
ခဏလောက်ကြာမှ အခန်းထဲကလူက တံခါးဖွင့်ပေးလာသည်။
"သား ဒီနေ့ အိမ်ပြန်ရောက်ကတည်းက မစားရသေးဘူးနော်။ အခန်းထဲမှာပဲ ကိုယ့်ကိုယ်ကိုယ်ပိတ်ထားတယ်။ ဘာတွေဖြစ်နေတာလဲ။"
"မား။ တကယ်လို့ ရီရီအိမ်ပြောင်းသွားရင်ဘယ်လိုလုပ်ရမလဲ။"
"အာ..။" နျဉ်စုယာက ဒီကိစ္စဟု ထင်မထားခဲ့ပေ။ ဆိုတော့ အရေးကြီးကိစ္စဖြစ်နေသည်ကိုး။
နျဉ်စုယာသည် ဒီကိစ္စကိုဆွေးတွေးရာတွင် ရှီရီ့အား ဝတ်ကျေတမ်းကျေ ဖြီးဖြန်း၍မပြောသင့်ဟု တွေးမိလိုက်သည်။ သူ(မ)က ဖြည်းဖြည်းမှန်မှန်ပြောပြလိုက်သည်။ "ခွဲခွာခြင်းတိုင်းက နောက်တစ်ကြိမ် ပိုကောင်းတဲ့ဆုံစည်းခြင်းအတွက်ပါပဲသားရယ်။ သားတို့နှစ်ယောက် အရမ်းရင်းနှီးမှန်းသိပါတယ်။ဒါပေမဲ့ သားကကြီးပြင်းလာပြီလေ။ တစ်နေ့တော့ သားတို့တွေခွဲခွာရမှာပဲ။"
"ဘာလို့ သားတို့ကခွဲရမှာလဲ။"
"ဘာလို့ဆို လူတိုင်းက တစ်ဦးတည်းအမှီခိုကင်းတဲ့သူတွေလေ။ ပြီးတော့ သူ(မ)မှာလည်း ကိုယ်ပိုင်ဘဝရှိတယ်။ မောင်နှမတွေတောင်ခွဲရသေးတာပဲ။ ဒီလိုခွဲရရုံနဲ့ သားတို့တွေ မတွေ့ရတော့တာမဟုတ်ဘူးလေ။ ဒါက ငယ်ငယ်ကလိုမဟုတ်တော့ရုံလေးပါ။"
ရှီရီက မျက်လုံးမှိတ်လိုက်ပြီး "သားမခွဲချင်ဘူး။"
သူက သူ့မိခင်၏စကားတို့ကိုနားလည်သည်။ သူသည်လည်း အခြားသူများကဲ့သို့ပင် ရင်ဆိုင်ရမည်ဖြစ်သည်။ သို့သော်ငြား ဒီစကားလုံးတို့ကို ရာနှုန်းပြည့်မှန်သည်ဟုမခံစားရပေ။
"မား။ မားမှန်ပါတယ်။ မောင်နှမတွေတောင်ခွဲရသေးတာပဲ။ ဒါပေမဲ့ သားနဲ့ရီရီတော့မပါဘူး။"
သူက ကလေးတစ်ယောက်လိုမငိုပါ။ သူတို့တွေ အတူရှိနိုင်မည့်နည်းကိုသာသူရှာမည်။
ယွီမောင်နှံ၏အိမ်ဝယ်မည့်အကြံမှာ စီစဉ်နေဆဲသာဖြစ်သည်။ သူစိတ်ပူရန်မလိုသေးပေ။
ဆယ်ကျော်သက်လေးတစ်ယောက် ရောင်စုံကုဗတုံးနှင့်ဆော့နေသည့်ဗီဒီယိုမှာ အွန်လိုင်းတွင် နာမည်ကြီးလာခဲ့သည်။ ပြီးနောက်တွင် ဈေးချိုသည့်ရောင်စုံကုဗတုံးများမှာ ကျောင်းသားများကြားတွင် ရေပန်းစားလာခဲ့သည်။ တချို့တွေဆိုလျှင် ကုဗတုံးဆက်ရန် ပုံသေနည်းကိုပင် အလွတ်ကျက်ကြသည်။
ယွီကျီရီသည် ပုံသေနည်းဇယားကို မှော်ဆန်သည်ဟုထင်နေသည်။ သို့ပေမဲ့ သူ(မ)နှင့် ချောင်လဲ့ကျီတို့က ဇယားကိုကြည့်၍ ကုဗတုံးမဆက်တတ်ပေ။
ယွီကျီရီ : "ဒီပုံသေနည်းပဲကို။ ဘာလို့ မူလပုံစံပြန်မပြောင်းတာလဲ။"
ချောင်လဲ့ကျီ : "ဒါက ခက်တယ်..။"
ကစားသမားသစ်လေးနှစ်ယောက်က သက်ပြင်းချလိုက်သည်။ ထို့နောက်တွင် အနောက်တန်းမှ ကျယ်လောင်သည့်လက်ခုပ်သံကိုကြားလိုက်ရသည်။ "ဝါး။ အတန်းခေါင်းဆောင်။ တော်လိုက်တာ။"
"အတန်းခေါင်းဆောင်က ၁၀စက္ကန့်အတွင်း သုံးဖက်ကုဗဆက်သွားတာ။ မင်းတို့ယုံနိုင်ရဲ့လား။"
[ t/n : သုံးဖက်ဆက်တယ်ဆိုတာက rubik's cube လို့ခေါ်တဲ့ မျက်နှာပြင်လေးခုရှိတဲ့ ရောင်စုံကုဗတုံးကို တစ်ဖက်အသေထားပြီး ကျန်သုံးဖက်ကိုကစားသွားတာပါ ]
ယုံချင်ယုံ မယုံချင်နေပါ။ သူကတော့ တကယ်လုပ်ပြသွားခဲ့လေပြီ။
အတန်းခေါင်းဆောင်နှင့် အလွန်ရင်းနှီးသောလက်ထောက်ခေါင်းဆောင်သည်တော့ ကုဗတုံးဆက်ရန် ၁၅ စက္ကန့်ကြာခဲ့သည်။
ကြည့်ရှုသူများအားလုံး စိတ်ထဲပြောလိုက်မိကြသည် : ကြီးမြတ်တဲ့နတ်ဘုရားတွေကြားကတိုက်ပွဲက အားလုံးလက်လှမ်းမီနိုင်တာထက်ကျော်လွန်နေတယ်။
လက်ရှိအချိန်တွင် စာသင်ကြားရေးအပြင် ကလေးများစိတ်သန်ရာတွင်လည်း ထူးချွန်ရန်အလို့ငှာ ကုဗတုံးကဲ့သို့သောဉာဏ်စမ်းလှုပ်ရှားမှုများကို ခွင့်ပြုခဲ့သည်။
ကျောင်းသည် ကလေးများစိတ်ပါဝင်စားရာကိုထောက်ပံ့ပေးပြီး ဆုကြေးများပင်ချီးမြှင့်သေးသည်။ များလှသည်တော့မဟုတ်ပေမဲ့ လူတိုင်းလိုချင်ကြ၏။ ကုဗတုံးကစားနည်းကိုဝါသနာပါသောကလေးများက ပါဝင်ရန်စိတ်ထက်သန်နေကြသည်။ မည်သို့ပင်ဖြစ်စေ အားလုံးက စာရင်းပေးခဲ့ကြသည်။
ပြိုင်ပွဲတွင် လူများများပါဝင်ရန်အတွက် တစ်ဦးချင်းသုံးဖက်သုံးကုဗပြိုင်ပွဲအပြင် အဖွဲ့လိုက်ပြိုင်ပွဲများကိုပါ စီစဉ်ပေးခဲ့သည်။ အဖွဲ့တွင် နှစ်ဦးမှသုံးဦးထိပါဝင်၍ရပြီး နောက်ဆုံးအချိန်ထိ ကုဗအားလုံးကိုဆက်နိုင်လျှင် အနိုင်ရသည်ဟုသတ်မှတ်သည်။
အတန်း၏ဂုဏ်သိက္ခာအတွက် ချန်ချင်းယွီက လက်ဦးမှုယူ၍ ရှီရီ့ကိုချဥ်းကပ်ကာ "အတန်းခေါင်းဆောင်။ ပူးပေါင်းမလား။"
ချောင်လဲ့ကျီက အတန်းထဲတွင် ချန်ချင်းယွီ၏စိတ်ထားကို သဘောမကျဆုံးဖြစ်သည်။ သူ(မ)က ရှီရီနှင့်ပူးပေါင်း၍ယှဉ်ပြိုင်မည်ဟုကြားတော့ ချောင်လဲ့ကျီက တမင်တကာဟာသလုပ်လိုက်သည်။ "အတန်းခေါင်းဆောင်။ ငါတို့က ရီရီ့ကိုလည်းဝင်ပြိုင်စေချင်တာ။ သူ(မ)နဲ့အတူပြိုင်ရင်ရော။"
ချန်ချင်းယွီနှင့်အတူ တစ်တန်းလုံးက ထရယ်ကြသည်။
ယွီကျီရီက ချောင်လဲ့ကျီကို နောက်သို့ပြန်ဆွဲလိုက်ပေမဲ့ သူ(မ)၏အရှိန်ကအလွန်နှေးရာ အချိန်မီမတားလိုက်နိုင်ပေ။
မမျှော်လင့်စွာပင် ရှီရီက တွန့်ဆုတ်ခြင်းမရှိပြန်ဖြေခဲ့သည်။ "ကောင်းပြီ။"
ချန်ချင်းယွီသည် ရှီရီက ရီရီ့ကို အသင်းထဲထည့်မည်ဟုကြားလျှင် မကျေမနပ်ဖြစ်သွားသည်။ "ယွီကျီရီက ဘယ်လိုကစားရလဲတောင်မသိဘူး။ ပြိုင်ပွဲမှာနိုင်ချင်ရင် ရှုပ်ထွေးအောင်မလုပ်နဲ့။"
"ငါပျော်တယ်လေ။"
"မရဘူး။ ငါကတော့ သူ(မ)နဲ့ လုံးဝကို တစ်သင်းတည်းမနေချင်ဘူး။"
သူ(မ)၏ရည်ရွယ်ချက်က တံခွန်စိုက်ပြိုင်ပွဲတွင်အနိုင်ရရန်ဖြစ်သည်။ သူ(မ)က မည်သူ့ကြောင့်မျှ နောက်ကောက်မကျချင်ပေ။
"ဒါဆိုလည်း အသင်းမဖွဲ့နဲ့လေ။"
"ငါပြောပါရစေ။ ဘယ်သူက အကောင်းဆုံးအသင်းဖော်လဲဆိုတာကို နင်နားလည်ပါတယ်။" ချန်ချင်းယွီက သူ(မ)ဘာသာ တည်ငြိမ်စွာတွေးခဲ့သည်။
မမျှော်လင့်စွာပင် ရှီရီက ချန်ချင်းယွီကို ရုတ်တရက်ပါးဖြတ်ရိုက်လိုက်သည်။ "ငါဆိုလိုတာက ငါ ရီရီနဲ့ အသင်းဖွဲ့မယ်ပြောတာ။ လက်ထောက်ခေါင်းဆောင် နင် တခြားသူကိုရှာလိုက်ပါ။"
[ t/n : ပါးဖြတ်ရိုက်တယ်ဆိုတာ တကယ်ကြီးပါးရိုက်တာမဟုတ်ပါဘူး။ အရှက်ရစေတာကိုဆိုလိုတာပါ။ ]
ချန်ချင်းယွီ : ??
အတန်းသား/သူများ : ??
ချောင်လဲ့ကျီ : !!
ယွီကျီရီ : "အာ..။ ရန်မဖြစ်ကြပါနဲ့။ ငါလည်း ဒီကစားပွဲမှာမပါချင်ပါဘူး။"
ရှီရီက လက်ကာလိုက်ကာ သူ(မ)ကို ငြင်းဆန်ခွင့်မပေးဘဲ "မရပါဘူး။ ငါကနင့်ကို အသင်းဖော်အဖြစ်ရွေးလိုက်ပြီ။ နင်မပါရင် အသင်းလိုက်ပြိုင်ပွဲကို ဘယ်လိုလုပ်ရမလဲ။"
ဒီလိုနှင့် ယွီကျီရီတစ်ယောက် ပြိုင်ပွဲတွင်ပါဝင်ရန်တွန်းအားပေးခံခဲ့ရသည်။
အခြားအသင်းများက ဗျူဟာမြောက်စွာပူးပေါင်းပြီး တစ်ပြိုင်နက်လုပ်ဆောင်ကြသည်။ ကြားထဲတွင် တစ်စက္ကန့် သို့ နှစ်စက္ကန့်သာအနားရသည်။ ရီရီကတော့ ကုဗတုံးကိုကိုင်ထားရင်း လက်တုန်နေခဲ့သည်။ "ကောကော။ တောင်းပန်ပါတယ်။"
"တောင့်တား။ ငါတို့နိုင်မှာ။"
"..."
သူ(မ)မည်မျှစိတ်လေးနေသည်ကို သူ(မ)သာလျှင်သိရာ ဆက်၍တောင့်မထားနိုင်တော့ပေ။
လူအချို့က အပျော်သက်သက်ဝင်ပြိုင်ကြသည်။ အချို့က မိနစ်ပိုင်းအတွင်းဆက်နိုင်ကြပြီး အချို့ကတော့ ၁၀ မိနစ်ကျော်သွားလျှင်ပင် အဆုံးမသတ်နိုင်သေးချေ။
ချန်ချင်းယွီက စင်ပေါ်မတက်မီ ရီရီတို့ခုံဘေးမှဖြတ်လျှောက်စဉ်တွင် သူတို့နှစ်ဦးကို အဓိပ္ပာယ်ပါပါကြည့်ခဲ့သည်။ သူ(မ)ပြောချင်နေသည်က : ငါသေချာပေါက်အနိုင်ရမှာ။
ချန်ချင်းယွီတို့အဖွဲ့၏ရလဒ်မှာ တကယ်လည်းကောင်းလေသည်။ သူ(မ)ရော အသင်းဖော်ပါ စက္ကန့် ၂၀ အတွင်း အပြီးဆက်နိုင်ခဲ့သည်။ အကြာဆုံးအချိန်မှာ ၁၈ စက္ကန့်ဖြစ်သည်။
ရှီရီသည် ရီရီနှင့်အသင်းဖွဲ့စဉ်ကတည်းက စင်ပေါ်မတက်ခင်ထိ သူ(မ)ကို စကားတစ်ခွန်းသာပြောလေသည်။
စင်မြင့်ပေါ်တွင် ကုဗတုံးနှစ်တုံးရှိပြီး ဒိုင်များက အချိန်သတ်မှတ်ရန်စောင့်နေကြသည်။
အချိန်သတ်မှတ်ချက်စသည်နှင့် ရှီရီက ကုဗတုံးကိုကောက်ယူ၍ အမြန်လှည့်တော့သည်။ အခြားသူများက သူ၏လှုပ်ရှားမှုကိုပင် ရှင်းလင်းစွာမမြင်နိုင်ကြပေ။ ယွီကျီရီက သူ(မ)၏ကုဗတုံးကိုမကိုင်ဘဲ မတ်တတ်ရပ်နေသည်။
"ဟာ..။"
"သူ(မ)က ဘာလို့ မလှုပ်ရှားသေးတာလဲ။"
ချန်ချင်းယွီက သူတို့ကိုစောင့်ကြည့်နေခဲ့သည်။ ရှီရီသည် သူ၏ကုဗတုံးကိုဆက်ပြီးခဲ့လေပြီ။ ထို့နောက် သူက ရီရီ့ကုဗတုံးကိုကောက်ကာ အမြန်ဆက်လိုက်ပြန်သည်။ ကုဗတုံးနှစ်တုံးလုံးကို ပြီးမြောက်အောင်ဆက်ရန် ၁၅ စက္ကန့်မျှသာကြာခဲ့သည်။
"ဝါး။" ပရိသတ်တို့က မှင်တက်နေကြသည်။ သတင်းထဲမှအမြန်နှုန်းကို မျက်မြင်တွေ့လိုက်ရ၍ မယုံနိုင်ဖြစ်နေကြသည်။
ထိုအချိန်တွင် ချန်ချင်းယွီက ကြက်သေသေနေခဲ့သည်။ "ဒါ.. ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။"
သို့ပေမဲ့ အမှန်တရားပင်။ မျက်လုံးများစွာကြည့်နေခဲ့ကြပေမဲ့ မည်သူမျှအမှားရှာမတွေ့ခဲ့ကြချေ။ နောက်ဆုံးတော့ စင်ပေါ်မှပုဂ္ဂိုလ်မှာ ကျောင်း၏လူသိများသည့်ဉာဏ်ကြီးရှင်ဖြစ်လေသည်။
တစ်ယောက်ယောက်က ယွီကျီရီကို ဘာကြောင့်မလှုပ်ရှားခဲ့သလဲဟုမေးလိုက်သည်။
အဘယ်ကြောင့်ဆိုရလျှင် စင်ပေါ်မတက်မီ၌ ရှီရီက သူ(မ)ကို စကားတစ်ခွန်းပြောခဲ့သည်။ "စင်ပေါ်ရောက်ရင် နင်ဘာမှလုပ်စရာမလိုဘူး။ ကောကောကူညီပေးမယ်။"
သူ(မ)က ရှီရီဘာပြောပြောယုံသည်ပင်။
ခရစ်မတ်(စ်)နီးကပ်လာသည်နှင့်အမျှ ကျောင်းတွင် ပို့စ်ကတ်ရေးခြင်းက ခေတ်စားလာခဲ့သည်။
ယွီကျီရီနှင့်ချောင်လဲ့ကျီတို့သည် ကလေးစိတ်သာရှိသေးရာ လှပသည့်ပို့စ်ကတ်များကိုကြိုက်ကြသည်။
"ရီရီ။ ငါနင့်ကို ပို့စ်ကတ်(စ်)ပေးမယ်။ နင်လည်းငါ့ကိုပြန်ပေး။" ဒီအရွယ်ကလေးများသည် အပြန်အလှန်အပေးအယူကို လက်ခံယုံကြည်ကြသည်။
ယွီကျီရီက ခေါင်းညိတ်လိုက်သည်။ စာရွက်အချို့ဝယ်ပြီး ချောင်လဲ့ကျီနှင့် သူ(မ)၏ကစားဖော်များထံ စာရေးပေးခဲ့သည်။
သို့ပေမဲ့ နေ့လယ်ကျောင်းဆင်းချိန်တွင် သူ(မ)က ဈေးဆိုင်ငယ်လေးဆီ တစ်ယောက်တည်းလာခဲ့သည်။
သူ(မ)က လူတိုင်းရသည့်အရာကို ရှီရီ့ထံပေးချင်ခဲ့သည်။ သူ(မ)ကြိုက်သည့်ပို့စ်ကတ်က သာမန်ထက် နှစ်ဆဈေးကြီးသည်။
ယွီကျီရီက သူ(မ)စုထားသမျှကိုသုံးပြီးနောက် အတည်ပေါက်နှင့် စာလုံးကြီးကြီးရေးခဲ့သည်။ ပြီးနောက် သူ(မ)က ခရစ်မတ်(စ်)ထိစောင့်ပြီးလက်ဆောင်ပေးရန်သာလိုတော့သည်။
"ငါကြားတာတော့ နိုင်ငံခြားသားမိဘတွေက ခရစ်မတ်(စ်)နေ့မှာ စန်တာကလော့(စ်)ယောင်ဆောင်ပြီး သူတို့ကလေးတွေကိုလက်ဆောင်ပေးကြတယ်တဲ့။"
"တကယ်လို့ စန်တာကလော့(စ်)ရှိခဲ့ရင် နင်ဘာလက်ဆောင်လိုချင်လဲ။" အတန်းနားချိန်တွင် လူတိုင်းကစုဝေးပြီး ဆွေးနွေးနေခဲ့ကြသည်။
ဒီခေါင်းစဉ်အရောက်တွင် အားလုံးက ဣန္ဒြေမဆည်နိုင်စွာဖြင့် သူတို့လိုချင်သမျှကိုဆွေးနွေးခဲ့ကြသည်။ ဥပမာ : "ငါအရုပ်အစုံလိုက်ဝယ်ချင်တယ်။ ဒါပေမဲ့ကံဆိုးချင်တော့ ငါ့အမေက ငါ့ကို ခရစ်မတ်(စ်)လက်ဆောင် မပေးဘူးလေ။
"ငါကတော့ လက်ဆောင်မုန့်ထုပ်ကြီးလိုချင်တယ်။" အားလုံးပြောကြသည့်လက်ဆောင်များမှာ အကန့်သတ်ထုတ်ကုန်မဟုတ်ဘဲ အလွယ်တကူဝယ်ယူရရှိနိုင်သည်များဖြစ်သည်။
"အတန်းခေါင်းဆောင်။ မင်းရောဘယ်လိုလဲ။"
ရှီရီ့အလှည့်တွင် ယွီကျီရီက နားစွင့်ထားလေသည်။
သို့ပေမဲ့ ရှီရီသာမန်ကာလျှံကာပြောလိုက်သည့် " walkman နားထောင်မယ်" ဆိုသည်ကိုသာ ကြားလိုက်ရသည်။
[ t/n : walkman ဆိုတာ အိတ်ဆောင်ကတ်ဆတ်ပါ။ နားကြပ်နဲ့သုံးရတာပါပဲ။ mp3 တို့ mp4 တို့ မပေါ်ခင်ကသုံးတာပါ။]
ရှီရီလိုချင်သည့်အရာက walkman ဖြစ်နေသည်ပင်။
ပိတ်ရက်တွင် ယွီကျီရီက တစ်ယောက်တည်းလျှောက်သွားခဲ့ပြီး walkman ရောင်းသည့်ဆိုင်ကိုတွေ့ခဲ့သည်။
တချို့မှာ အလွန်ဈေးကြီးသည်ကြောင့်မတတ်နိုင်ပေမဲ့ တချို့ရိုးရှင်းသည့် walkman များက ယွမ်၁၀၀ကျော်သာကျသင့်သည်။
သူ(မ)တွင် များသောအားဖြင့် မုန့်ဖိုးများများမရှိပေ။ သူ(မ) တစ်နှစ်လုံးစာမုန့်ဖိုးစုလျှင်ပင် မဝယ်နိုင်သေးချေ။
"မိတ်ဆွေလေး။ ဒီအမျိုးအစားက ဒီတစ်လုံးပဲကျန်တော့တယ်နော်။ သမီးကြိုက်ရင် မြန်မြန်ဝယ်လိုက်။"
တစ်လုံးသာကျန်တော့ပြီး ခရစ်မတ်(စ်)လည်း နီးလာလေပြီ။ သူ(မ)က ရှီရီ့ကို အံ့အားသင့်စေချင်သည်။
"ကျဲကျဲ။ ဒါလေးကို သမီးအတွက်ချန်ထားပေးနိုင်မလား။ သမီး တတ်နိုင်တဲ့အခါပြန်လာဝယ်မှာပါ။"
သူ(မ)က အိမ်ပြန်ပြီးနောက် နှစ်ပေါင်းများစွာစုထားသည့်ဝက်စုဘူးလေးကိုခွဲလိုက်သည်။ ပြီးနောက် ယွမ် ၅၀ တန်ပိုက်ဆံသုံးရွက်ကိုထုတ်လိုက်သည်။
သူ(မ)မိသားစုတွင် ဆွေမျိုးများများမရှိပေ။ သူ(မ)ဦးလေးမိသားစုသည်လည်း ကလေးများအား ကံကောင်းစေရန်ပိုက်ဆံပေးခြင်းကိုမထောက်ခံပေ။ နှစ်သစ်ကူးတွင် မိဘများကသာ သူ(မ)ကို ယွမ် ၅၀ သာပေးသည်။
ရှီရီက အခန်းတွင်းရှိ ခရစ်မတ်(စ်)အငွေ့သက်ကိုမနှစ်သက်ပေ။ သူ့အမြင်တွင် ဒီလူတွေက သူတို့ရရှိထားသည့်ပို့စ်ကတ်(စ်)အရေအတွက်ကိုလည်း အားရကျေနပ်ခြင်းမရှိကြပေ။ တကယ့်စိတ်ရင်းဟူ၍အဘယ်မှာနည်း။
ခရစ်မတ်(စ်)နေ့တွင် များစွာသောပို့စ်ကတ်(စ်)များကို သူ့စားပွဲခုံထဲတွင် ထည့်ထားကြသည်။ သူတွေးမိနေသည့်မေးခွန်းကတော့ : ငါ ဒါတွေကို ဘယ်မှာပစ်ရမလဲ။
အလွန်ဒုက္ခပေးကြသည်။
အရိုးရှင်းဆုံးအနေနှင့် လွယ်အိတ်ထဲသို့ အကုန်ပစ်ထည့်ကာ ကျောင်းနှင့်ဝေးဝေးတွင်လွှင့်ပစ်မည်။
သူက ထိုသို့တွေးခဲ့ပြီး တကယ်လည်းလုပ်ခဲ့သည်။
ယွီကျီရီသည် ဒီအဖြစ်ကိုမြင်လျှင် သူ(မ)နှလုံးသားက အနည်းငယ်အခုန်မြန်လာသည်။ "ကောကော။ နင့်ကို လူတွေ ပို့စ်ကတ်(စ်)ပေးတာကို မကြိုက်ဘူးလား။"
"စိတ်ဝင်စားစရာမကောင်းဘူး။" သူက တကယ်လည်းလက်မခံချင်ပါ။
"ဒါပေမဲ့..အိုး..။" သူ(မ)လည်း တစ်ကတ်ပြင်ဆင်ခဲ့ပေမဲ့ ရှီရီကမကြိုက်ဘူးဖြစ်နေသည်။
သူ့ဘေးရှိကောင်မလေး သက်ပြင်းချလိုက်သည်ကိုကြားလျှင် သူက တစ်ခုခုကို ထူးထူးခြားခြားခံစားမိလိုက်သည်။ "ငါဒါတွေအကုန်လုံးကိုရော အရင်ကဟာတွေရော အိမ်ယူသွားမယ်ဆိုရင် ငါ့အိမ်မှာ ထားစရာရှိပါ့မလား။"
ကောင်မလေးက တိတ်တိတ်လေးခေါင်းငုံ့ထားသည်။
ရှီရီမကြိုက်မှတော့ သူ(မ) ပို့စ်ကတ်(စ်)မပေးချင်တော့ပေ။
"နင့်လွယ်အိတ်က ဖောင်းကားနေတာပဲ။ နင်လည်း အများကြီးရလို့များလား။" ရုတ်တရက် ရှီရီက သူ(မ)၏လွယ်အိတ်ကိုမလိုက်သည်။
ယွီကျီရီက သူ(မ)လွယ်အိတ်ကို အလန့်တကြားပြန်ဆွဲထားသည်။
သူ(မ)၏စိတ်လှုပ်ရှားနေပုံကိုမြင်လျှင် ရှီရီသည် အထဲမှကတ်များကို မည်သူတွေပေးထားသည်လဲဟု သိချင်သွားသည်။ "လာစမ်းပါ။ ကောကောကိုကြည့်ခွင့်ပေး။ ငါတို့ရီရီ ဘယ်လိုကတ်တွေရထားပါလိမ့်။"
"မကြည့်နဲ့။" သူ(မ)က လွယ်အိတ်ကိုတင်းတင်းဆုပ်ကိုင်ထားပြီး လွှတ်မပေးပေ။
"ဆိုးတာပဲ။ ရီရီက အရွယ်ရောက်လာတော့ သူ့ကောကောကိုတောင် လျှို့ဝှက်တတ်နေပြီ။"
"..." ထပ်ပြီး ဒီစကားတွေပဲလား။ သူ(မ)က အရူးလုပ်ခံတော့မည်မဟုတ်ပေ။
ရှီရီက များသောအားဖြင့် တည်ငြိမ်စွာပြုမူတတ်သည်။ သို့ရာတွင် ယခုတော့ သူက ရီရီနှင့် ခက်ခက်ခဲခဲကစားနေပြီး သူ(မ)၏လွယ်အိတ်ကို လက်တစ်ဖက်နှင့်ဆွဲထားသည်။
"ကောင်မလေး။ နင်ငါ့ကိုနိုင်မှာတဲ့လား။" သူက မောက်မာစွာဖြင့် အိတ်ဇစ်ကိုဖွင့်လိုက်သည်။
ယွီကျီရီက အလျင်လိုနေပြီး "ဒါ ငါ့လွယ်အိတ်လို့။"
"ကပ်စေးကုပ်လေး။"
သူက သူ(မ)ဒေါသထွက်လာသည်ကိုမမြင်လိုတာကြောင့် သူ(မ)ကိုစနောက်ရုံသာလုပ်ခဲ့သည်။ "ကောင်းပြီ။ ကောကောမကြည့်တော့ဘူး။ လွယ်အိတ်လည်းပြန်ပေးမယ်။"
အိတ်ကိုပြန်ပေးစဉ်တွင် ရှီရီက ယွီကျီရီသေချာမဖမ်းမိခင်လွှတ်လိုက်ရာ အိတ်မှာ မြေပြင်ပေါ်ကျသွားပြီး အတွင်းရှိပို့စ်ကတ်(စ်)တစ်ဝက်ကျလာခဲ့သည်။
ရှီရီက အမြင်စူးရှသူမို့ တစ်ချက်ကြည့်ရုံနှင့်ပင် စာအိတ်လေးပေါ်မှစကားလုံးသုံးလုံးကို မြင်လိုက်လေသည်။
ရှီရီ့ထံသို့
---------------------------------------------------------
စာရေးသူမှာ ပြောစရာရှိပါတယ် :
ရီရီလုပ်နိုင်တယ် : ရှီရီ့ကိုယုံ။ သူဘာပြောပြောယုံလိုက်။
ရှီကောကောကပြောတယ် : ပို့စ်ကတ်(စ်)လား။ အနံ့လေးကမွှေးနေတာပဲ။
(မနေ့က မင်မင်နေမကောင်းလို့ အပိုင်းသစ်မတင်ပေးနိုင်ခဲ့တာ။အခုတော့ နေပြန်ကောင်းသွားပြီမို့လို့ မနေ့ကစောင့်နေတဲ့ရီဒါလေးတွေအတွက် နှစ်ပိုင်းတင်ပေးလိုက်ပါတယ် 🥰)