Chapter 190 : ရည်မှန်းချက်
ချင်ဇစ်ရွှယ်၏ ကုမ္ပဏီသည် မသေးငယ်သော်လည်း ထန်မိသားစုအတွက်မူ ဖျစ်ညှစ်ထားသည့် နှမ်းစေ့တစ်စေ့နှင့် ဖရဲသီးတစ်လုံး ကဲ့သို့ ကွာဟချက်ရှိနေသည်။ သူတို့အရှေ့၌ သူ့ စီးပွားရေးလုပ်ငန်းသည် တောင့်ခံနိုင်စွမ်း နည်းနည်းလေးပင် ရှိမနေခဲ့။
တစ်ရက်တာအချိန်ကာလအတွင်းမှာပင် နင်းမြို့တော်၌ ကိစ္စများစွာ ဖြစ်ပျက်သွား၏။
ချင်ဇစ်ရွှယ်သည် ရှန်းကျင်က သူ့ အမေအကြောင်း ပြောလိုက်သည်ကို ကြားသောအခါ သူ့ ရပ်တည်ချက်က ယိမ်းယိုင်သွားပြီး မျက်လုံးများက ပေါက်ထွက်လုမတက် ပြူးကျယ်လာကာ သူမအား အရှင်လတ်လတ် မြိုချပစ်ချင်နေသည့်အလားပင်။
သို့သော် သူ တောင့်ခံထားရန်လိုအပ်သေးသည်။ သူ ရမ်းကားကြမ်းတမ်းလို့ ရသော အခြေအနေသို့ အခုထိ မရောက်သေးပေ။
"အားကျင်၊ ကိုယ့်အမေရဲ့ခန္ဓာကိုယ်က မကောင်းတော့ဘူး။ ပြီးတော့ သူက အသက်လည်း ကြီးနေပြီ။ ဒါကြောင့် သူ့ကို ခဏတစ်ဖြုတ် ဂရုစိုက်ပေးဖို့အတွက် ကိုယ်က မင်းကို သူနဲ့အဖော်ပြုခိုင်းခဲ့တာပါ။ ဒီအတွက်ကြောင့် မင်းမှာ မကျေနပ်ချက်တွေအများကြီး ပေါက်ဖွားလာလိမ့်မယ်လို့ ကိုယ်တစ်ခါမှ မတွေးခဲ့မိဘူး။ မင်း စိတ်ဆိုးနေတာကို ကိုယ်နားလည်ပါတယ်။ မင်းနဲ့ မင်းရဲ့စိတ်အပြောင်းအလဲတွေနောက်ကို ကိုယ် ဘယ်လိုလိုက်ရမလဲ။ မင်း ကိုယ့်ကို ခွင့်လွှတ်နေသရွေ့တော့........"
ချင်ဇစ်ရွှယ်က သူ့ လမ်းစဥ်ကို မပြောင်းလဲဘဲ ဆက်ပြောပြန်သည်။
"နောက်ကျလွန်းသွားပြီ။ ရှင် ကယောင်ကတမ်းတွေ ဆက်မပြောခင်မှာ ရှင့်ရဲ့ရုံးကို ဖုန်းခေါ်ပြီး သူတို့ကို အခြေအနေလေး တစ်ချက်လှမ်းမေးဖို့ ကျွန်မ အကြံပေးလိုက်မယ်"
ကျင်းယွင်ကျောင်းက ဘေးမှနေ၍ သူ့ကို အေးစက်စက် သတိပေးလိုက်၏။
သူမ့ သတိပေးချက်ကြောင့် ချင်ဇစ်ရွှယ်၏တစ်ကိုယ်လုံး ကြောက်စိတ်ဖြင့် မလှုပ်ရှားနိုင် ဖြစ်သွားသည်။
သူ့ ဖုန်းကို ထုတ်လိုက်ရာ မရေမတွက်နိုင်သည့် ဖုန်းခေါ်ဆိုထားမှုများကို မြင်လိုက်ရ၏။ ခုနက ဆူညံသံများကို ကျော်၍ သူ ဘာကိုမှ မကြားနိုင်ခဲ့သောကြောင့် ဖြစ်ပုံရလေသည်။
အကြောင်းစုံသိရှိရန်အတွက် မက်ဆေ့ချ်တစ်စောင် ပို့လိုက်ပြီးနောက်တွင် သူ့ အမူအယာမှာ မိုးကြိုးပစ်ခံလိုက်ရသည့်အလားဖြစ်သွား၏။
'ငါတော့ အဆုံးသတ်သွားပြီ...အရာအားလုံး ပြီးသွားပြီ'
ဒေဝါလီခံရပြီး ကုမ္ပဏီ၏ ရင်းမြစ်များအားလုံးနှင့် နင်းမြို့တော်ရှိ သူ့ ဗီလာများပါ အသိမ်းခံလိုက်ရသည်။
သိမ်းတယ်တဲ့လား။ ထိုနေရာအထိ နားလည်သွားပြီးနောက် ချင်ဇစ်ရွှယ်၏ခန္ဓာကိုယ် တစ်ခုလုံးက တုန်ခါလာသည်။ အဖွားအိုသည် ထိုနေရာ၌ ရှိနေသေး၏။ ဒါက သူ့ကိုလည်း ခေါ်သွားတယ်ဆိုတဲ့ အဓိပ္ပါယ်လား။ သူမ မောင်းထုတ်ခံရပြီး တစ်ချိန်တည်းမှာပင် အကြွေးရှင်များ၏ ပြစ်တင်မှုများကို ရင်ဆိုင်ခဲ့ရသည်လား။
ချင်ဇစ်ရွှယ် ထိုကဲ့သို့သော အတွေးကြောင့် လုံးလုံးလျားလျား မှင်သက်နေမိသည်။ အရာအားလုံးက အလွန်လျင်လျင်မြန်မြန် ဖြစ်ပျက်သွားမည်ဟု သူ တစ်ခါမှ မထင်မိခဲ့ပေ။
သို့ရာတွင် ၎င်းက ထန်မိသားစု၏ အစွမ်းပင်။ သူသည် ကြုံတောင့်ကြုံခဲ ထန်မိသားစု၏ အာရုံတစ်ခု ဖြစ်လာခဲ့၍ အနန္တငရဲသို့ ပို့ဆောင်ခံလိုက်ရလေပြီ ဖြစ်သည်။
ရယ်ရသည်က သူသည် ဟွားနင်ခရိုင်၌သာ ရှိနေခဲ့ပြီး သူ ရှန်းကျင်ကို ပြန်ရအောင် ယူနိုင််သရွေ့ အရာအားလုံး အဆင်ပြေသွားလိမ့်မည်ဟု တွေးနေခဲ့ခြင်းပင်။
"အဆိပ်ပြင်းတဲ့ မိန်းမ"
ချင်ဇစ်ရွှယ်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ရှန်းကျင်ကို ကန်ရန်အတွက် သူ့ ခြေထောက်ကို မြှောက်လိုက်သော်လည်း ရှန်းကျင်အား ကျင်းယွင်ကျောင်းက အချိန်မီ ဝင်ကယ်လိုက်သည်။ သူမလက်ချောင်းများက သူ့ လက်ဖမိုးအား ဖြတ်ကျော်သွားသောအခါ လူအုပ်ကြီးသည် အသည်းခိုက်စဖွယ် 'ဂျွတ်' ခနဲ မြည်သံကိုသာ ကြားလိုက်ကြရသည်။ ထို့နောက် သူမ၏ တံတောင်ဆစ်က သူ့ နောက်ကျောအောက်ဘက်ကို ဖိထားကာ သူ့ ပေါင်များဆီသို့ တစ်ချက်ဆောင့်ကန်လိုက်၏။ နောက်တစ်စက္ကန့်အတွင်းမှာပင် ချင်ဇစ်ရွှယ်သည် ကြမ်းပြင်ပေါ်သို့ 'ဘုန်း' ခနဲ ဒူးထောက်ရက် ကျသွားသည်။
ဖြစ်စဥ်တစ်ခုလုံးက စောင့်ကြည့်နေသော သူများကိုပင် သူ့ နာကျင်မှုအား ခံစားရမိစေ၏။
ကျင်းယွင်ကျောင်း၏ လုပ်ရပ်များမှာ ရင်သပ်ရှုမောဖွယ်ဖြစ်သော်လည်း သူမ၏ လှုပ်ရှားမှုများက လျင်မြန်လွန်းသဖြင့် သူတို့အား သွေးလေခြောက်ခြားမှုကြောင့် မရှိသည်ကို အရှိဟု မြင်လိုက်ရသည့်သဖွယ် ဖြစ်စေခဲ့သည်။
ချင်ဇစ်ရွှယ်က ဒူးထောက်နေပြီး သူ့ နောက်ကျောအောက်ဘက်မှ အလွန်အမင်း နာကျင်မှုကို ခံစားနေရသည်။ သူ့ ခန္ဓာကိုယ်တစ်ခုလုံးကလည်း လုံးဝမလှုပ်နိုင်ပေ။ ထိုအခိုက်တွင် သူ ဒူးထောက်နေသည့် ဦးတည်ရာမှာ ရှန်းကျင်နှင့် မျက်နှာချင်းဆိုင်ဖြစ်နေသဖြင့် သူ ပို၍ အရှက်ခွဲခံရလိုက်သလို ခံစားနေရသည်။
"အဆိပ်ပြင်းတဲ့မိန်းမ၊ ဘာလို့ ငါက မင်းကို လက်ထပ်ခဲ့ရတာလဲ။ အခုချိန်ထိ မင်းကို အာဃာသတွေ သယ်လာစေခဲ့ရတဲ့အထိ ဖြစ်ရအောင်လည်း အဲဒါက ကုမ္ပဏီအစုတ်အပြတ်တစ်ခုသာသာပဲ မဟုတ်ဘူးလား။ မင်းက မိန်းမတစ်ယောက်ပဲလေ။ ဘာကိုအခြေခံပြီး မင်းက ကဏ္ဍတိုင်းမှာ ယောက်ျားတစ်ယောက်ထက် ပိုပြီးတော့ ထူးချွန်နေသင့်တာလဲ။ ဒါကြောင့် ငါက မင်းကို ငါ့အမေကို စောင့်ရှောက်ပေးဖို့ အိမ်မှာ နေခိုင်းခဲ့တာ။ ဒါကလည်း မင်းရဲ့အကျိုးအတွက်ပဲ"
ချင်ဇစ်ရွှယ်သည် သူ အရာအားလုံး ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်းကို တွေးမိသောအခါ အနည်းငယ် ရူးနှမ်းနှမ်းဖြစ်လာသည်။ တိမ်များပေါ်သို့ ပစ်ကျသွားသည့် ခံစားချက်သည် သူ့အား သေသွားလိုက်စေရန် ဆုတောင်းမိစေသည့် နာကျင်မှုတစ်ခုပင်။
"ဘာလို့ ရှင်က ကျွန်မကို လက်ထပ်ခဲ့ရတာလဲ ဟုတ်လား။ ရှင်က ကျွန်မကို ရှင့်ကို သတိပေးစေချင်နေတာလား။ အဲဒီအချိန်တုန်းက ရှင့်ရဲ့မိသားစုနောက်ခံက မကောင်းဘူး။ ကျောင်းမှာတုန်းက ရှင့်မှာ နေထိုင်မှုအသုံးစရိတ်တောင် မရှိဘူး။ ဒါတောင်မှ ရှင်က ရှင့်မှာရှိသမျှ ပိုက်ဆံလေးကို ကျွန်မအတွက် ပန်းစည်းဝယ်ဖို့ သုံးခဲ့တာလေ။ ကျွန်မက အပြစ်ရှိသလိုခံစားရလို့ ပိုက်ဆံပြန်ပေးတော့ ရှင်က ကျွန်မက ရှင်ရဲ့ရိုးသားမှုကို စော်ကားတယ်ဆိုပြီး ပြောခဲ့တယ်။ ဒါပေမယ့် ကျွန်မအတွက် ပိုက်ဆံသုံးပစ်ပြီးတဲ့နောက်မှာ ကျွန်မက ရွေးခြယ်စရာမရှိလို့ ရှင့်ကို တစ်လလုံး ထမင်းကျွေးခဲ့ရတယ်ဆိုတာ လူတိုင်းသိတယ်"
အတိတ်ကို ပြန်ပြောရင်း ရှန်းကျင်သည် ထိုအချိန်က သူမသည် နုံအ,လွန်းခဲ့သည်ဟု ရုတ်တရက် ခံစားလိုက်ရသည်။ ချင်ဇစ်ရွှယ်၏ ရည်မှန်းချက်က ဘယ်တော့မှ ပေါ့သေးသေး မဟုတ်ခဲ့သည့်ပုံပင်။