Chapter 74

2.5K 274 1
                                    

Chapter 74 : ပြိုလဲကျပြီးနောက် တဖန် ပြန်ထခြင်း

အထူးသဖြင့် ယဲ့ချင်းသည် သူမ မုန်းတီးသောသူတစ်ယောက်၏ ရှေ့တွင် လုံးဝ အရှက်ကွဲသွားသလို ခံစားနေရသည်။ သူမ၏ မာနတရားကို ဖွင့်ချ၍ မြင်သာအောင် ပြသခံလိုက်ရပြီး နေရာအနှံ့ပြန့်ကျဲကာ တဖြည်းဖြည်း ဘာတစ်ခုမှ မကြွင်းကျန်ရစ်တော့သည့်တိုင်အောင် ပျောက်ကွယ်သွားသကဲ့သို့ပင် ခံစားနေရ၏။

အန်တီယဲ့သည် အနည်းငယ်မူးဝေနေပြီးနောက် တဖြည်းဖြည်း အသိစိတ်ပြန်ကပ်လာသည်။ သူမ၏ မျက်ဝန်းအကြည့်များတွင် စိတ်ထိခိုက်ခြင်း၊ စိတ်အားငယ်ခြင်းများ ရောယှက်နေပြီး စိတ်အားထက်သန်မှုများ ပျောက်ကွယ်လုနီးပါးပင်။

ငွေကြေးချမ်းသာသူတစ်ယောက်မှ အကြွေးပေါ် အကြွေးဆင့်နေသော သူတစ်ယောက်အဖြစ် ပြောင်းလဲသွားသောအခါ သူမကိုယ်သူမ လက်မခံနိုင်ခဲ့သော်လည်း ယခင်က သူမတွင် ထိုဆင်းရဲဒုက္ခများကို သည်းခံကြိုးပမ်းနိုင်ရန်အတွက် အကြောင်းပြချက်လေးတစ်ခု ရှိနေခဲ့သည်။ သို့သော် ယခုအခါတွင်တော့ အနည်းငယ် အလှမ်းကွာနေပုံပင်။

"နင့်ရဲ့ ရည်ရွယ်ချက်တွေက ဘာတွေလဲ။ ကျင်းယွင်ကျောင်း၊ နင် ဘာလို့ ငါ့လမ်းကို ခေါင်းမာမာနဲ့ လာပိတ်နေတာလဲ"

ယဲ့ချင်းက ကြိမ်းမောင်းလိုက်သည်။

ကျင်းယွင်ကျောင်းက သူမအား ရန်စသလို ကြည့်လာ၏။

"နင့်ရဲ့စကားတွေက နင့်ရဲ့အသိစိတ်နဲ့ ဆန့်ကျင်နေတယ်လို့ နင် နည်းနည်းလေးတောင် မခံစားရဘူးလား။ ငါ တစ်ခါမှ နင့်အပေါ် အမှားမလုပ်ခဲ့ဘူး။ နင်ပဲ ငါ့ကို နင့်ရဲ့စိတ်ကူးယဥ် ပြိုင်ဘက်အဖြစ် သတ်မှတ်ပြီး ငါ့ကို ကဏ္ဍပေါင်းစုံကနေ လိုက်တိုက်ခိုက်နေတာ မဟုတ်ဘူးလား။ ငါက နင့်ကို သက်ညှာပေးမယ်လို့ ဆုံးဖြတ်ပြီးသားကို နင်က ငါ့ရဲ့ရည်ရွယ်ချက်တွေကို မေးနေတယ်လား။ ရယ်စရာကောင်းတယ်လို့ မထင်ဘူးလား"

"နင်က နင့်ရဲ့မိဘတွေကို ပိုက်ဆံပဲ ဆက်တောင်းနေတယ်။ ဒါပေမယ့် နင် သူတို့အပေါ်မှာ ဘယ်လောက် အကြွေးတင်နေတယ်ဆိုတာကိုရော နင်တွေးဖူးလား။ နင်က အဲဒါကို သိက္ခာကျစရာလို့ တွေးနေပေမယ့် ငါမြင်တာကတော့ နင့်လိုမျိုး သမီးတစ်ယောက်ရှိနေတာကမှ နင့်မိဘတွေရဲ့တစ်သက်တာမှာ သိက္ခာအကျဆုံးကိစ္စပဲ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now