Chapter 158

1.3K 100 0
                                    

Chapter 158 : လျှင်သူစားစတမ်း

ချောင်ဟုန်ယဲ့သည် လူတိုင်း၏ အကြည့်များအောက်မှာပင် တံခါးဝသို့ လျှောက်လာ၍ သူမ၏ မျက်နှာ၌ ရှက်ရွံ့မှုများဖြင့် ပြည့်နေ၏။ ကျင်းယွင်ကျောင်းက ဟယ့်ကျားစစ်ဆီသို့ ဦးတည်နေသည့် ချောင်ဝေ့မင်၏ မျက်နှာပေါ်မှ မျက်နှာလို မျက်နှာရ အပြုံးကို မြင်သောအခါ သူမသည် အရာအားလုံးကို ချက်ချင်းသဘောပေါက်သွားတော့သည်။

လက်ရှိ၌ ချောင်ဟုန်ယဲ့နှင့် ဟယ့်ကျားစစ်သည် လျှင်သူစားသည့် ဆက်ဆံရေးဖြစ်၏။

သို့ရာတွင် ချောင်ဟုန်ယဲ့သည် စာသင်ခန်းတံခါးဝသို့ ရောက်သည်နှင့် ချောင်ဝေ့မင်က သူမအား ချက်ချင်းပင် ပါးတစ်ချက် ချလိုက်သည်။

ချက်ချင်းပင် ချောင်ဟုန်ယဲ့၏ မျက်နှာ၌ နီရဲသော လက်ငါးချောင်းရာကြီးများ ထင်သွားသော်လည်း ချောင်ဝေ့မင်က မပြီးသေးပေ။ ထို့နောက် သူက ခြေထောက်ကို မတ်မတ်ရပ်၍ ချောင်ဟုန်ယဲ့၏ နှာခေါင်းကို လက်ညှိုးဖြင့် တည့်တည့်ထိုးလိုက်ကာ စတင် ငေါက်ငမ်းတော့သည်။

"ငပျင်းမ၊ နင် ပုံမှန်မဟုတ်တာတွေ ဘာတွေလုပ်ထားတာလဲ။ ပြီးတော့ နင် ဘယ်သူ့ကို အပြစ်ပြုမိထားတာလဲ။ ငါ့ရဲ့စက်ရုံပြိုကျသွားတာ အဲဒါတွေ အားလုံးကြောင့်ပဲ"

ကျင်းယွင်ကျောင်းက မျက်မှောင်ကြုံ့လိုက်၏။ ချောင်ဝေ့မင်ရဲ့ စက်ရုံ ပြိုကျသွားတာလား။ ဘယ်အချိန်တုန်းက ဖြစ်သွားတာလဲ။ ဟယ့်ကျားစစ်လား။

ကျင်းယွင်ကျောင်းက ဟယ့်ကျားစစ်အား လှည့်ကြည့်လိုက်ရာ သူမ၏ မျက်နှာတွင်လည်ူ အံ့အားသင့်သွားသော အရိပ်အယောင်များကို တွေ့လိုက်ရသည်။ ထိုအခိုက်အတန့်လေးတွင် သူမ ဟန်ဆောင်နေရန် မဖြစ်နိုင်ချေ။ ပြီးလျှင် သူမတွင်လည်း ထိုသို့လုပ်စရာ အကြောင်းပြချက် မရှိ။

သို့သော် အတိတ်ဘဝက ချောင်ဝေ့မင်၏ စက်ရုံမှာ အကောင်းကြီးပင် ဖြစ်၏။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်လာတာလဲ။

"အဖေ ရူးနေပြီလား။ ကျွန်မက ဘယ်သူ့ကို အပြစ်လုပ်နိုင်မှာလဲ"

ချောင်ဟုန်ယဲ့က အပြစ်တင်စွပ်စွဲခံသောကြောင့် စတင်၍ အော်ဟစ်ငိုကြွေးနေပြီး သူမ၏ စိတ်ထဲတွင်မူ ကိစ္စတစ်ခုလုံးအား ဟယ့်ကျားစစ်၏ ခေါင်းပေါ်သို့သာ ပုံချလိုက်သည်။ သူမ ကောင်းရှင်းအား တစ်ခုခု လုပ်ခိုင်းလိုက်သည်ဟူသော ထင်မြင်ချက်မှာ ပို၍ ခိုင်မာလာ၏။ သူတို့နှစ်ဦးနှစ်ဖက် အကျိုးရှိမည့် ကိစ္စမျိုးကို ကောင်းရှင်းက ငြင်းမည် မဟုတ်ပေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now