Chapter 187 : သားရဲကောင်ထက် ပိုဆိုးသော
ကျင်းယွင်ကျောင်းက လူအုပ်ကို ဖြတ်၍ ရှေ့တိုးသွားလိုက်ကာ မျက်စိစပါးမွှေးစူးအောင် စကားပြောနေသည့် ဒါရိုက်တာအား ဘေးသို့ ဆောင့်ကန်လိုက်ပြီး လမ်းရှင်းခိုင်း၍ ကန်စုန့်ပိုင်၏ ဘေးသို့ အမြန်သွားလိုက်သည်။
သူ၏ သွေးခုန်နှုန်းကို စမ်းလိုက်ပြီးနောက် ၎င်းမှာ အလွန်မြန်နေ၍ ရှန်ဓါတ်များ အလွန်အကျွံ စီးဆင်းနေသည်ကို တွေ့လိုက်ရ၏။
(T/N: တရုတ်တိုင်းရင်းဆေးပညာအရ ရှန်ဓါတ်ဆိုတာ သွေးထဲမှာရှိတဲ့ နှလုံးအတွက် အလုပ်လုပ်ပေးတဲ့ဟာလေးကို ခေါ်တာပါ။)
သူမသည် ကျောပိုးအိတ်ကို အမြန်ပင် ဆွဲယူလိုက်၍ သူမ၏ လက်ကို အထဲသို့ထည့်လိုက်ကာ သူမ၏ နေရာလွတ်နယ်မြေထဲမှ ဂျင်ဆင်းတစ်ခုကို ဆွဲထုတ်လိုက်၍ အဖိုး၏ ပါးစပ်ထဲသို့ ခပ်မြန်မြန် သိပ်ထည့်လိုက်သည်။ ထို့နောက် သူ၏ အပ်စိုက်ရာ နေရာများထဲမှ အချို့ကို ဖိထားလိုက်၏။
ဝိညာဥ်ကျောက်စိမ်းအပိုင်းသည် အပ်စိုက်ကုထုံးခေါင်းစဥ်သို့ မရောက်သေးပေ။ သို့မဟုတ်ပါက သူမသည် ၎င်းကို အသုံးပြုလိုက်ပြီးဖြစ်၏။ အကြောင်းမှာ ၎င်းက ပို၍ ထိရောက်မှုရှိသည့် ရလဒ်များရှိသောကြောင့်ပင်။
ကျင်းယွင်ကျောင်း၏ လုပ်ရပ်များက ထူးဆန်းနေပုံပေါ်သော်လည်း အခန်းထဲရှိ သမားတော်အနည်းငယ်သည် သူမ၏ ရည်ရွယ်ချက်များကို နားလည်စပြုလာကြသည်။
သူတို့အားလုံးသည် ယခင်က သူမကို တွေ့ဖူးကြ၏။ သမားတော်ကန်က ဤသည်မှာ သူ တာဝန်ယူထားသော မြေးမလေးဖြစ်၍ ဆေးပညာနယ်ပယ်တွင် ပါရမီရှင်တစ်ယောက်ဖြစ်သည်ဟု ပြောခဲ့၏။ ထိုအချိန်က သူတို့အားလုံးသည် သူမအား အနည်းငယ်ပင် အထင်သေးခဲ့ကြသည်။ စင်စစ် သူမသည် ငယ်ရွယ်သော ကလေးမလေးတစ်ဥှီးသာ ဖြစ်ရာ သူမသည် ဆေးပညာကို နှစ်ပေါင်း ဘယ်လောက်များများ လေ့လာခဲ့နိုင်မည်နည်း။ သူမက မည်သည့်ပါရမီရှင်အမျိုးအစား ဖြစ်နိုင်သနည်း ဟူ၍သာ။
သိူ့သော် သူတို့ စောင့်ကြည့်နေရင်း အံ့သြထိတ်လန့်ကုန်ကြ၏။
ကျင်းယွင်ကျောင်း၏ လက်လှုပ်ရှားမှုများက အတွေ့အကြုံမရှိသော်လည်း နည်းစနစ်များက ထိပ်တန်းဖြစ်သည်။ သူမသည် အပ်စိုက်ရာနေရာများစွာကို တိတိကျကျနှင့် မှန်မှန်ကန်ကန် ဖိပေးထားခဲ့၏။ သူမက အကြိမ်ရေ အနည်းငယ် ဖိပေးနှိပ်ပေးပြီးသည့်နောက်တွင် ကန်စုန့်ပိုင်၏အသားအရောင်မှာ သိသိသာသာ တိုးတက်လာ၏။ သူ့အသက်ရှုသံများက စည်းချက်မှန်လာပြီး မျက်ခွံများအောက်၌ လှုပ်ရှားမှုရှိလာ၍ သူ သတိလည်လာလုနီးပါး ဖြစ်လာသည်။
သို့ရာတွင် သူတို့သည် ထိုသွေးလွှတ်ကြောနေရာများကို မှတ်မိလျှင်တောင် ဤအသက်ကယ်နည်းမျိုးကို သူတို့မသိကြချေ။ ယခုအခါ ပထမဆုံးအကြိမ် မျက်မြင်ကိုယ်တွေ့ဖြစ်၍ ဆေးပညာဗဟုသုတအနည်းငယ်ရှိသူအချို့သည် နားလည်သဘောပေါက်မှုအချို့ ရရှိသွားကြသည်။ သူတို့သည် သူမအပေါ်၌ လေးစားမိသော ခံစားချက်များကို မရပ်တန့်နိုင်တော့ပေ။
ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် ဒါရိုက်တာလျို့ လဲကျနေပြီး သူ့ဟာသူ ကုန်းရုန်းထရပ်ရန် ကြိုးစားနေသည့် နေရာသို့ ဦးတည်လိုက်သည်။ သူက သူမအား လက်ညှိုးငေါက်ငေါက်ထိုး၍ ဒေါသတကြီး အော်လိုက်၏။
"ဒါက ဘယ်မိသားစုက သမီးလဲ။ ဘာလို့ သူက ဒီလောက် အသိဉာဏ်မရှိရတာလဲ"
ချင်ဇစ်ရွှယ်သည် ကျင်းယွင်ကျောင်းအား မြင်လိုက်ပြီးနောက် ခပ်သွက်သွက် ပြောလိုက်သည်။
"ဒါရိုက်တာလျို့၊ ကျုပ် သူ့ကို သိတယ်။ သူက အဲဒီအဖိုးကြီးရဲ့မြေးမလေးပဲ။ သူက သူ့အဖိုး ကျုပ်မိန်းမကို ပြန်ပေးဆွဲတာကို ကူညီပေးတဲ့ ကြံရာပါတစ်ယောက်"
အစောပိုင်းက ကျင်းယွင်ကျောင်းသည် သူမ၏ အဖိုးဆီမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့ပြီး တစ်ခုခုဖြစ်နေကြောင်း သိထားပြီးဖြစ်၏။ ထို့ကြောင့် အချိန်မဖြုန်းဘဲ သူမသည် ရှန်းကျင်အား သူမ နောက်သို့လိုက်လာစေ၍ ဤနေရာသို့ ရောက်လာကြသည်။
သူတို့သည် သက်ကြီးရွယ်အိုတစ်ယောက်အား ပြဿနာရှာသည်အထိ အရှက်မရှိလိမ့်မည်ဟု တစ်ခါမှ မထင်မိခဲ့ကြပေ။
လက်ရှိအချိန်၌ ရှန်းကျင်သည် သူမကိုယ်တိုင် လူလုံးထွက်မပြသေးပေ။ ကျင်းယွင်ကျောင်းက ကန်စုန့်ပိုင်အား ကုသပေးနေသေးသောကြောင့် ၎င်းက သူတို့အတွက် ရန်ဖြစ်ရမည့်အချိန်မဟုတ်ပေ။ ထို့ကြောင့် သူမသည် စတင်ရန်အတွက် ပို၍ သင့်လျော်သောအချိန်ကို ရှာနေလိုက်သည်။
ချင်ဇစ်ရွှယ်သည် မြေးအဖိုးနှစ်ယောက်အား စိုက်ကြည့်နေ၍ လူအုပ်ကြားထဲ၌ မတ်တပ်ရပ်နေသော ရှန်းကျင်အား သတိမထားမိပေ။
ကျင်းယွင်ကျောင်းသည် ထိုနှစ်ယောက်အား အာရုံမရှိ။ သူမ၏ အေးစက်စက် အမူအယာက လူများအား အဝေးသို့ တွန်းပို့နေသည်။ မိနစ်ပိုင်းမျှကြာပြီးနောက်တွင် အဖိုးအိုသည် တိတ်တိတ်ဆိတ်ဆိတ်ဖြင့် အသိစိတ်ပြန်ကပ်လာ၍ ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်အား ထိုနေရာ၌ရှိနေသည့် လူတိုင်းက စောင့်ကြည့်နေ၏။ အသက်ရှုသံများအတွင်း၌ သွေးရောင်ရောယှက်နေကာ သူ့ လက်များကပင် တုန်ယင်နေသည်။
အဖိုးအိုသည် နောင်တအနည်းငယ်ရနေ၏။ သူသည် ကျင်းယွင်ကျောင်းအား ကိစ္စများကို ရှင်းရန်အတွက် ရှန်းကျင်ကို ခေါ်လာခွင့် မပြုလိုက်သင့်ပေ။ ဤလူသည် သားရဲကောင်းထက်ပင် ပိုဆိုး၍ ကျင်းယွင်ကျောင်းသည် ငယ်ရွယ်သော မိန်းကလေးတစ်ယောက်သာဖြစ်ပြီး ရှန်းကျင်ကလည်း အိမ်ရှင်မတစ်ယောက်သာ ဖြစ်ရာ ဤအသရေဖျက်မှုကို သူတို့ မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။
"အဖိုး၊ အဖိုး အရင်ဆုံး အနားယူသင့်တယ်။ ဒီကိစ္စကို ကျွန်မကိုင်တွယ်လိုက်ပါ့မယ်။ ကျွန်မကို ယုံပါ"
ကျင်းယွင်ကျောင်း၏ အသံက အနည်းငယ်လေးလံနေပြီး အန္တရာယ်ရှိသည့် အငွေ့အသက်များပါနေသည်။
စကားပြောပြီးသည့်နောက်တွင် သူမသည် ဒါရိုက်တာလျို့နှင့် ချင်ဇစ်ရွှယ်အား လှည့်ကြည့်လိုက်၏။ သူမ၏ မျက်လုံးများထဲ၌ လူသတ်ချင်စိတ်များ ဖြတ်ပြေးသွားလေသည်။
"ရှင်တို့လိုမျိုး အရွယ်ရောက်နေတဲ့ ယောက်ျားကြီးနှစ်ယောက်က တကယ်ပဲ သက်ကြီးရွယ်အိုတစ်ယောက်ကို အနိုင်ကျင့်နိုင်တယ်ပေါ့။ ရှင်တို့နှစ်ယောက်က အသိတရားမရှိရုံဘဲလို့ ကျွန်မ ထင်ထားခဲ့ပေမယ့် အခုတော့ ရှင်တို့မှာ အရှက်တရားပါ တစ်စက်မှမရှိဘူးဆိုတာ ကျွန်မ မြင်လိုက်ရတယ်။ ချင်ဇစ်ရွှယ်၊ ရှင့်ရဲ့ဆယ်စုနှစ်နဲ့ချီတဲ့ ဘဝအတွေ့အကြုံတွေကို ခွေးတစ်ကောင်ဖြစ်ဖို့ သုံးလိုက်တာပဲနော်။ ရှင်က ရှင့်မိန်းမရဲ့မိသားစုပိုင်ဆိုင်မှုတွေကို ခိုးယူပြီး သူ့ကို နှစ်ပေါင်းများစွာ ခြိမ်းခြောက်ခဲ့ရုံနှင့် မလုံလောက်သေးဘူး။ ရှင့်ရဲ့လက်တွေက ဆေးရုံထိတောင် ရောက်လာသေးတယ်"
"ပိုပြီးရယ်စရာကောင်းတာက ဒီလို အမှန်တရားပုံဖမ်းထားတဲ့၊ အဓိပ္ပါယ်မရှိတာတွေပြည့်နေတဲ့၊ ဟာကွက်တွေပြည့်နေတဲ့ အလိမ်အညာစကားတွေကို ယုံတဲ့သူတွေက တကယ်ကြီး ရှိနေသေးတာပဲ။ သူတော်ကောင်းနဲ့ သူယုတ်မာကို မရှင်းလင်းတဲ့၊ အမှန်နဲ့အမှားကြား မခွဲခြားနိုင်တဲ့ မြင်ကွင်းမျိုး မြင်ရတာက ကျွန်မရဲ့မျက်စိကို တကယ်အလင်းပွင့်သွားတာပဲ။ ဒီမှာရှိကြတဲ့လူတွေရဲ့ အေးစက်တဲ့ နှလုံးသားတွေကိုလည်း ကျွန်မလေးစားပါိတယ်။ ပြီးတော့ ရှင်တို့ထဲမှာ ကျွန်မအဖိုးရဲ့ လူနာအချို့လည်း ပါမယ်လို့ထင်ပါတယ်။ ရှင်တို့ဘဝရဲ့ကယ်တင်ရှင်က ဒုက္ခရောက်နေတဲ့အခါမှ ကိုယ့်ကိုကိုယ် ဘက်မလိုက်ဘဲနဲ့ ခပ်ရှင်းရှင်းပဲ ဖြတ်သွားဖြတ်လာတစ်ယောက် ဖြစ်သွားကြတာ။ ဒါက တကယ်ပဲ ဒီဂျူနီယာလေးကို ရွံတာက လွဲပြီး ဘာမှမခံစားရအောင် ဖြစ်စေပါတယ်ရှင်"