Chapter 185 : တရားမျှတမှုရှာဖွေခြင်း
ကန်စုန့်ပိုင်သည် စားပွဲ၏ အကူအညီဖြင့် သူ့ကိုယ်သူ ထောက်ကန်ထားရ၏။ သူ၏ အိုမင်းနေသော အရိုးများက ရွဲ့စောင်းနေပြီဖြစ်သည်။ ဒါရိုက်တာက သက်ပြင်းချလိုက်ပြီး ကန်စုန့်ပိုင်က သူ၏ ကြင်နာမှုကို တန်ဖိုးထားရကောင်းမှန်း မသိဟု တွေးနေ၏။
ဤဒါရိုက်တာ၏ မျိုးရိုးနာမည်မှာ လျို့ဖြစ်ပြီး ဆေးရုံ၏ အမှုဆောင်ဒါရိုက်တာ၏ မြေး ဖြစ်သည်။ အမှုဆောင်ဒါရိုက်တာသည်လည်း တိုင်းရင်းဆေးပညာကို သင်ယူလေ့လာခဲ့သူတစ်ယောက်ဖြစ်၏။ သို့သော် အနောက်တိုင်းဆေးပညာ၏ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် သူ၏ သားသမီးများနှင့် မြေးများအားလုံးကမူ နှစ်ခုစလုံး၌ ဟိုစပ်စပ်ဒီစပ်စပ် တတ်မြောက်ကြသည်။ သို့ရာတွင် ဒါရိုက်တာလျို့ကမူ အသက်ငယ်သေး၍ သူသည် တိုင်းရင်းဆေးပညာ၏ အခြေခံဗဟုသုတလောက်သာ သိ၏။ သူ့ မိသားစုနောက်ခံကြောင့် သူသည် အသက်ငယ်ငယ်၌ပင် ကိုယ့်ကိုကိုယ် ကျေနပ်အားရနေပြီဖြစ်သည်။
"ဟူး...ဒါဆိုရင်လည်း ဒီမှာပဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာပေါ့"
ဒါရိုက်တာလျို့က သူ့ ခေါင်းကို မချင့်မရဲဖြင့် ငုံ့လိုက်သည်။ သူက သူ့ မျက်လုံးကို ကစား၍ ချင်ဇစ်ရွှယ်အား တစ်ချက်ကြည့်လိုက်ပြီး စပြောလိုက်၏။
"ဒီက အစ်ကိုကြီး၊ ခင်ဗျားက ကျိုးကြောင်းဆီလျော်မှုမရှိတဲ့သူတစ်ယောက် မဟုတ်ဘူးဆိုတာ ကျွန်တော် မြင်နိုင်ပါတယ်။ ခင်ဗျားက ဒီပြဿနာကို ဘယ်လိုဖြေရှင်းချင်လဲ"
ချင်ဇစ်ရွှယ်၏ နှလုံးသားထဲ၌ ဝမ်းသာပီတိဖြာသွားသော်လည်း သူ့ အမူအယာကမူ မပြောင်းလဲပေ။
"ဒါရိုက်တာလျို့ကတော့ ပိုပြီးတော့ ကျိုးကြောင်းဆီလျော်တဲ့သူ ဖြစ်နေတုန်းပါပဲဗျာ။ ကျုပ်က ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဖြစ်သွားစေချင်ရုံပါ။ တကယ်လို့ ခင်ဗျားရဲ့အမေကို အိမ်မှာ အစာငတ်ပြီး သေသွားလောက်တဲ့အထိ စွန့်ပစ်ထားခံရပြီး ခင်ဗျားရဲ့မိန်းမက ရှေးရိုးစွဲအဖိုးကြီးတစ်ယောက်နဲ့ ခိုးရာလိုက်ပြေးသွားတယ်ဆိုရင် ခင်ဗျားလည်း စိုးရိမ်တကြီးဖြစ်နေမှာပဲ"
နားထောင်နေရင်း ဒါရိုက်တာလျို့၏ မျက်နှာက မည်းမှောင်သွားသည်။
'အဟမြး...အဟမြး'
"ကျုပ်က ဥပမာတစ်ခုအနေနဲ့ ပြောပြရုံပါပဲ။ ဒါရိုက်တာ စိတ်မဆိုးပါနဲ့"
ချင်ဇစ်ရွှယ်က တောင်းပန်သည့်အပြုံးပြုံးပြလိုက်ပြီး ဆက်ပြောပြန်၏။
"ကျုပ်က အများကြီးလည်း မတောင်းဆိုချင်ပါဘူး။ လူတိုင်းရှေ့မှာ ကျုပ်ကို တောင်းပန်ပြီး သူ့မှာ ဆေးပညာကျင့်ဝတ်မရှိဘူးဆိုတာကို သူ့ကို ဝန်ခံစေချင်ရုံပါပဲ။ ပြီးတော့ ကျုပ်က သူ့ကို အနာဂတ်မှာ သူ အခြားလူနာတွေကို ဒီလိုမဆက်ဆံတော့ပါဘူးဆိုပြီးတော့လည်း ကတိပြုစေချင်ပါတယ်။ အရေးအကြီးဆုံးကတော့ ကျုပ်မိန်းမကို ကျုပ်ပြန်လိုချင်ပါတယ်။ ဒါပါပဲ"
"ဒီလောက်ပဲလား"
ချင်ဇစ်ရွှယ်က နစ်နာကြေးတောင်းလိမ့်မည်ဟု မျှော်လင့်ထားသော ဒါရိုက်တာလျို့ အံသြသွားသည်။
သို့ရာတွင် ဤသည်က အကောင်းဆုံးအဖြေ ဖြစ်ကြောင်းကို သူ မငြင်းနိုင်ပေ။ တောင်းပန်ရုံလေးသာ ဖြစ်၍ ဘာမှ များများစားစား မဟုတ်ပေ။
သူတို့ ဆေးရုံကဲ့သို့ ဆေးရုံကြီးများတွင်လည်း ခွဲစိတ်နေစဥ်အတွင်း အမှားလုပ်မိသော ဖြစ်ရပ်အချို့ရှိတတ်သည်။ များသောအားဖြင့် လူနာ၏ မိသားစုက စတင်၍ ပြဿနာရှာတတ်ကြပြီး သေးငယ်သော ဆေးရုံတစ်ရုံသည် သူတို့ကိုယ်သူတို့ ကာကွယ်ရန်အတွက် သတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ရန် လိုအပ်လိမ့်မည်ဖြစ်၏။ အကယ်၍ သူတို့သာ သင့်တင့်လျောက်ပတ်သော ဆွေးနွေးပွဲတစ်ခု မကျင်းပနိုင်၍ ၎င်းက အလွန်ဆိုးလာပါက ဆရာဝန်သည် တောင်းပန်ရန်အတွက် ကိုယ်တိုင်ကိုယ်ကျ လူလုံးထွက်ပြရသည်၊ သို့မဟုတ်ပါကလည်း တိုက်ရိုက်ပင် ဆရာဝန်အား အလုပ်ထုတ်ပစ်ရပြီး ကိစ္စများကို ဖြေရှင်းရသည်။
မည်သည့်ကိစ္စမဆို တောင်းပန်ခြင်းနှင့် သိက္ခာအနည်းငယ် အကျခံခြင်းက ငွေသုံးရခြင်းထက် အမြဲတမ်း ပိုကောင်း၏။ အကယ်၍ စကားလုံးအနည်းငယ်ကသာ အခြေအနေကို ဖြေရှင်းနိုင်ပါက အဘယ်ကြောင့် အခြားတစ်ခုကို အဆုံးရှုံးခံရမည်နည်း။
"ဒါရိုက်တာလျို့၊ 'ဒီလောက်ပဲလား' ဆိုတာ မင်း ဘာကို ဆိုလိုတာလဲ။ သူ့ရဲ့တောင်းဆိုချက်တွေထဲမှာ လွန်တာ မတွေ့ဘူးလို့တော့ ငါ့ကို မပြောနဲ့"
ကန်စု့န်ပိုင်သည် ဒါရိုက်တာလျို့၏ ပါးစပ်မှ ဤကဲ့သို့သော စကားလုံးများ ထွက်ပေါ်လာသည်ကို လုံးဝမယုံနိုင်သေးချေ။
သူနှင့် ဆေးရုံအမှုဆောင်ဒါရိုက်တာ၏ ဆက်ဆံရေးမှာ အတော်လေးကောင်းသည်။ မမျှော်လင့်ဘဲ ဒါရိုက်တာလျို့သည် အလွန်ရည်မှန်းချက်ကြီးမား၏။ သူသည် ဆေးခန်းသေးသေးလေးဖြင့် မစတင်ချင်ခဲ့ဘဲ သူ့ မိသားစုက အနည်းငယ် ပိုက်ဆံရှိသည်ဟူသော အချက်ကို ထည့်ပေါင်းလိုက်ရာ သူသည် ဤဆေးရုံကို အသက်ငယ်ငယ်မှာပင် တည်ထောင်ခဲ့သည်။ ယနေ့ ဤအခြေနေသို့ ရောက်လာနိုင်သည်တိုင်အောင်ပင် စီးပွားရေးလုပ်ငန်းက တဖြည်းဖြည်း ကျယ်ပြန့်လာခဲ့၏။
နောက်ပိုင်းတွင် အမှုဆောင်ဒါရိုက်တာလျို့က သူ့အား ဖိတ်ခေါ်ခဲ့သည်။ ကန်စုန့်ပိုင်အတွက်မူ သူ အရေးထားသည်မှာ ပိုက်ဆံမဟုတ်သော်လည်း သူ အမှုဆောင်ဒါရိုက်တာလျို့နှင့်အတူ အလုပ်လုပ်ပါက အခြားအရာအားလုံးကလည်း သူ့အတွက် အဆင်ပြေသည်ဖြစ်၏။
သူသည် လူနာများ ပိုရောက်လာစေရန် ဆန္ဒရှိခဲ့ပြီး တစ်ချိန်တည်းမှာပင် ဆေးရုံရှိ အခြားဆရာဝန်များ၏ အရည်အချင်းများ တိုးတက်လာသည်ကိုလည်း မြင်ချင်ခဲ့သည်။
အမှုဆောင်ဒါရိုက်တာလျို့က ဤကဲ့သို့သော မြေးတစ်ယောက်ကို အမှန်တကယ်ပင် မြေတောင်မြှောက်ပေးခဲ့မည်ဟု သူ အိပ်မက်ထဲမှာပင် တစ်ခါမှ မတွေးဖူးချေ။
သူရောက်လာကတည်းက ပြဿနာ၏ အဖြစ်မှန်ကို မေးခြင်းမဟုတ်ဘဲ တစ်ဖက်လူ၏တောင်းဆိုချက်များကိုသာ မေးနေခဲ့ပြီး ထိုအသံကိုကြားသောအခါအတွင်လည်း သူတို့၏တောင်းဆိုချက်များက တစ်ခုခုလိုနေသလိုပင် ခံစားနေရသေးသည်လေ။
ထိုအချိန်၌ ဒါရိုက်တာလျို့သည်လည်း အနည်းငယ် စိတ်မရှည်ခံစားနေရ၏။ သူသည် ဤကဲ့သို့ ခေါင်းမာသောလူကြီးများ အပေါ်၌ တစ်ခါမှ အထင်ကောင်းအမြင်ကောင်း မရှိခဲ့ဖူးပေ။ သူတို့သည် ဆေးပညာစွမ်းရည်အနည်းငယ်ရှိရုံနှင့် ဘဝ၌ ဆရာတစ်ယောက်ဖြစ်နေသော အမူအယာ အမြဲတမ်း ရှိတတ်ကြသည်။ သို့သော် လက်တွေ့၌ သူတို့သည် လေလုံးထွားခြင်းသက်သက်သာ ဖြစ်၏။
ယဥ်ယဥ်ကျေးကျေးပြောရလျှင် သမားတော်များသည် နက်နဲသိမ်မွေ့၍ နားလည်ရခက်သည်။ ရိုင်းရိုင်းစိုင်းစိုင်း ပြောရလျှင် သူတို့က သင့်အား မျက်ကန်းသဖွယ် အပျော့ဆွဲဆွဲ၍ နူးနှပ်နေကြခြင်းပင်။
"သမားတော်ကန်၊ လူတွေက အမြဲတမ်း တံခါးဆီကိုရောက်ဖို့ နည်းလမ်းရှာနေကြတာ။ တကယ်လို့ ခင်ဗျားက မတောင်းပန်ဘူးဆိုရင် ဆေးရုံကိုပါ ခင်ဗျားနဲ့အတူ ဆွဲချချင်နေတာလား။ တစ်ဖက်လူက ခင်ဗျားကို ဘာမှလုပ်ပေးဖို့ တောင်းဆိုနေတာလဲ မဟုတ်ဘူး၊ ခင်ဗျားနှုတ်ခမ်းလေးလှုပ်ပြီး နည်းနည်းလောက် နှိမ့်ချလိုက်ရုံနဲ့ ကိစ္စတွေက အဆင်ပြေသွားမှာ။ ဒါ့အပြင် အဆုံးမှာ သူ(မ)က အခြားသူရဲ့ဇနီးဖြစ်နေသေးတယ်လေ။ အခြားလူရဲ့မိန်းမနဲ့ အတူနေတာက...."
'ဖြောင်း'
ဒါရိုက်တာလျို့ စကားမဆုံးသေးမီမှာပင် ကန့်စု့န်ပိုင်၏ လက်ဖဝါးက သူ့ ပါးပေါ်သို့ ပြင်းထန်စွာ ကျရောက်လာ၏။
"မင်းကိုယ်မင်း ဘာထင်နေတာလဲ။ မင်းရဲ့အဖိုးကတောင် ငါ့ကို မင်းလိုပုံစံနဲ့ စကားမပြောခဲ့ဖူးဘူး။ ငါ့ကို တောင်းပန်စေချင်တယ်၊ ဟုတ်လား။ ငါ ဘာအမှားမှ မလုပ်ခဲ့ဘူး။ ဘာကိုအခြေခံပြီး ငါက တောင်းပန်သင့်တာလဲ"