Chapter 182 : အခြားသူ၏ ဇနီးမယားကို ပြန်ပေးဆွဲခြင်း
လက်ရှိတွင် ချင်ဇစ်ရွှယ်အတွက် လျှောက်ရန်မှာ ဤလမ်းသာ ကျန်တော့သည်။ သူသည် ဘာမဆိုလုပ်ရန် အသင့်ဖြစ်နေသော ချောင်ပိတ်မိနေသည့် သားရဲကောင်တစ်ကောင် ဖြစ်နေပြီးသားပင်။
မည်သို့ပင်ဖြစ်စေ သူသည် ဤမျှဝေးဝေး သွားခဲ့ပြီးဖြစ်၍ သူ၏ ဇာတ်ညွှန်းကိုပါ ပြင်ဆင်ထားပြီးဖြစ်၏။ သူသည် အဖိုးအို၏ စကားတစ်ခွန်းကြောင့်ဖြင့် အဘယ်သို့ လမ်းချော်သွားရမမည်နည်း။
"သမားတော်ကန်၊ ကျုပ် ခင်ဗျားကို လေးစားပါတယ်။ ဒါပေမယ့် ခင်ဗျား ညွှန်းခဲ့တဲ့ဆေးက တစ်ခုခုမှားနေတယ်ဆိုတာ အသိအသာကြီးပါ။ ဘယ်လိုများ ခင်ဗျားက ကျုပ်ရဲ့အမေအပေါ်ကို အပြစ်ပုံချနိုင်ရတာလဲ။ သေချာတယ်၊ သူ့ရဲ့ဒေါသ နှစ်ကြိမ်၊ သုံးကြိမ်လောက် ပေါက်ကွဲဖူးလို့ ဖြစ်ရမယ်။ ဒါပေမယ့် ဒါကလည်း သူရောဂါ တက်ပြီးတဲ့နောက်မှာ သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးက မခံမရပ်နိုင်အောင် စပြီးတော့ ယား,လာတာကြောင့်ပါ။ ဒါပေမယ့် ခင်ဗျားက ဟစ်ပိုကရေးတီးကျမ်းသစ္စာအရ ခင်ဗျားရဲ့တာဝန်ကို ထိန်းသိမ်းဖို့ ပျက်ကွက်ခဲ့ရုံတင်မကဘူး။ ခင်ဗျားက ကျုပ်မိန်းမ၊ ကျုပ်အမေနဲ့ ပတ်သတ်ပြီးတော့ စိတ်မပါတစ်ပါးဖြစ်လာအောင် လှည့်ဖြားဖို့လည်း ထက်မြက်တဲ့ စကားလုံးတွေကို သုံးခဲ့သေးတယ်။ ဆိုဖာပေါ်မှာ ရက်နည်းနည်းကြာအောင် ပစ်ထားပြီးတော့ သူ့ကို အစာငတ်ပြီး သေလုနီးပါးဖြစ်အောင် လုပ်ခဲ့ရုံတင်မကဘူး။ သူ့ရဲ့ကျန်းမာရေးကိုလည်း ဆိုးလာစေသေးတယ်။ ခင်ဗျားရဲ့ ဂုဏ်သိက္ခာကြောင့် အဖြစ်အပျက်တွေကို စာရင်းရှင်းဖို့ ကျုပ် ခင်ဗျားကို လာမရှာခဲ့ဘူး။ ဒါပေမယ့် ခင်ဗျားက ကျုပ်မိန်းမကို ပြန်ပေးဆွဲရဲတယ်လား။ ဒီကိစ္စကိုတော့ ကျုပ်သည်းမခံနိုင်ဘူး။ ခင်ဗျား ကျုပ်ကို ဒီနေ့ ဖြေရှင်းချက်တစ်ခုမပေးရင် ခင်ဗျားရဲ့မကောင်းတဲ့ လုပ်ရပ်တွေကို တစ်လောကလုံး သိအောင်လုပ်ပြီး ပြဿနာ ဖန်တီးမှ ကျုပ်ကို အပြစ်မတင်နဲ့"
(T/N : ဟစ်ပိုကရေးတီးကျမ်းသစ္စာ ဆိုတာ ဆရာဝန်တွေ၊ သမားတော်တွေ ဘွဲ့ယူတဲ့အချိန်မှာ ကျိန်ဆိုရတဲ့ ကျမ်းသစ္စာရဲ့ နာမည်ပါ။)
ချင်ဇစ်ရွှယ်က သူ၏ အစောပိုင်းကတည်းက ပြင်ဆင်လာသောစကားများကို ပြောပြီးနောက် ပတ်ဝန်းကျင်ရှိလူများအားလုံးသည် အံ့သြထိတ်လန့်ကုန်၍ လုံးဝ မယုံကြည်နိုင်ဖြစ်သွားကြ၏။
သမားတော်ကန်က သူ့ရဲ့ဇနီးကို ပြန်ပေးဆွဲတယ်လား။ ဒါက ဘယ်လို ပြက်လုံးမျိုးလဲ။
ဤသမားတော်ကန်သည် အလွန်အသက်ကြီးနေပြီဖြစ်ရာ သူက ဤကဲ့သို့သော ကိစ္စမျိုးကို လုပ်သည်ဆိုသည်မှာ ဖြစ်နိုင်ပါ့မလား။ ထို့အပြင် အစပိုင်းကတည်းက မည်သည့်လူနာမျိုးပင် ဖြစ်စေ သမားတော်က သူတို့အား အမြဲတမ်း ဂရုစိုက်ပေးသည်။သူသည် ဘယ်တော့မှ လူနာကို လျစ်လျူရှု၍ လူတစ်ယောက်ကို လှည့်ဖြားမည့်သူမျိုး မဟုတ်ပေ။
ကံဆိုးချင်၍ ချင်ဇစ်ရွှယ်သည် တရားနည်းလမ်းတကျ ပြောနေခြင်းဖြစ်သည်။ သူ၏ တိတ်တဆိတ် တောင့်ခံနေရသော ဒေါသများကို သူ၏ မျက်နှာပေါ်၌ ပြည့်ပြည့်စုံစုံပြသထား၍ လူများအား သူ၏ပြောဆိုချက်များကို မယုံဘဲ မနေနိုင်အောင် ဖြစ်စေ၏။
ကန်စုန့်ပိုင်သည် သူ၏ စကားလုံးများကို ကြားလိုက်ရသောအခါ သူ၏ ရင်အုပ်သည် ဒေါသများကြောင့် အလျင်အမြန်ပင် တက်လိုက်ကျလိုက် ဖြစ်လာပြီး သူ့အား မူးမေ့သွားစေလုနီးပါးပင်။
သူ၏ ဘဝတစ်လျှောက်လုံးတွင် သူနှင့် ပတ်သတ်၍ လူများက လေးလေးစားစားသာ ပြောခဲ့ကြသည်။ ဤသည်မှာ လူတစ်ယောက်က သူ့အား လူများစွာ၏ ရှေ့မှောက်တွင် သူသည် သူ့ သမားတော်တာဝန်များကို မကျေပွန်ံဟု စွပ်စွဲသည့် ပထမဆုံးအကြိမ်လည်း ဖြစ်၏။
"မင်း၊ မင်း...ဆန်ကုန်မြေလေးကောင်၊ ငါ့ရှေ့ကနေ ထွက်သွား"
ဒေါသတရားများ၏ လွှမ်းမိုးမှုအောက်တွင် ကန်စုန့်ပိုင်သည် စားပွဲရှိ ပစ္စည်များကို တိုက်ရိုက်ပင် ဆွဲယူလိုက်၍ လွှင့်ပစ်လိုက်သည်။ အိုမင်းနေသော မျက်နှာက စိုးရိမ်ဖွယ်ကောင်းလောက်အောင်ပင် တင်းမာနေပြီး သူသည် လေးလေးပင်ပင်ဖြင့် အဆက်မပြတ် အသက်ရှုနေကာ ဤကဲ့သို့သော အသရေဖျက်ခြင်းမျိုးကို လုံးလုံးလျားလျား လက်မခံနိုင်ဖြစ်နေ၏။
သို့ရာတွင် သူသည် ဆေးပညာကို လေ့လာထားသူတစ်ယောက် ဖြစ်နေသေး၍ လူများနှင့် ဆက်ဆံရသည်ကိုလည်း မနှစ်သက်ပေ။ ထို့ကြောင့် သူ၏ စကားပြောစွမ်းရည်သည် စီးပွားရေးလောကထဲ၌ နှစ်ပေါင်းများစွာ ကျင်လည်ကျက်စားခဲ့သော ချင်ဇစ်ရွှယ်နှင့် မယှဥ်နိုင်သည်မှာ သဘာဝပင်။ "ဆန်ကုန်မြေလေး" ဟူသော စကားလုံးဖြင့် အရာအားလုံးသည် လေစုန်၌ ပါသွား၏။
ချင်ဇစ်ရွှယ်သည် စိတ်ထဲ၌ ကြိတ်၍ ပျော်ရွှင်နေသည်။
သူသည် ရှန်းကျင်က များသောအားဖြင့် အပြင်လူများစွာနှင့် တွေ့ရန် လုံးဝအခွင့်အရေးမရှိဟု သူ့အမေထံမှ ကြားခဲ့ရ၏။ သူမ၏ အသိုက်အဝန်း၌ အိမ်နီးချင်းများသာ အများဆုံး ပါဝင်သည်။ ဤသည်မှလွဲ၍ နောက်ပိုင်း၌ သူမ ပတ်သတ်ခဲ့သည့်သူမှာ ဤအဖိုးအိုနှင့် သူ၏ မြေးမလေးသာ ဖြစ်သည်။
ထို့အပြင် ထိုနေ့က အဖိုးအိုသည် သူမအား ဆေးကုပေးရန်လာခဲ့၍ ရှန်းကျင်အား အပြင်သို့ခေါ်သွားကာ အချိန်အတော်ကြာ အရည်မရ အဖတ်မရစကားများစွာ ပြောနေခဲ့သည်ဟုလည်း သူ့အမေက ရှင်းရှင်းလင်းလင်း ဆိုခဲ့၏။ သူမသည် 'အကြီးအကဲထန်' နှင့် "မိတ်ဆွေကောင်းများ' ဟူသော သူတို့ပြောနေသည့် စကားလုံးများကိုလည်း ခပ်သဲ့သဲ့ ကြားနိုင်ခဲ့သည်။ ရှန်းကျင်က ပြန်ဝင်လာပြီးနောက် သူမကို စတင်၍ လျစ်လျူရှုခဲ့သည်မှာလည်း ထိုနေ့ပင်ဖြစ်၏။
ထို့ကြောင့် ပြောရမည်ဆိုပါက သူ ဤအခြေအနေသို့ ကျရောက်သွားခဲ့ရသည့် အဓိက အကြောင်းပြချက်သည် အားလုံး ဤအဖိုးအိုနှင့် သူ၏ မြေးမကြောင့်သာ ဖြစ်သည်။
ယခုအချိန်တွင် သူသည် ရှန်းကျင်ရှိသည့်နေရာကို ရှာတွေ့ရန် လိုအပ်၏။ အကယ်၍ သူသာ သာမန်လမ်းစဥ်ကို သုံးပါက အောင်မြင်မည် မဟုတ်သည်မှာ အသေအချာပင်။ ထိုဖြစ်စဥ်အတွင်း၌ ဤအဖိုးအိုကပင် သူ့အား အရှက်ခွဲလိုက်နိုင်ဦးမည်။
ကိစ္စများသည် ထိုသို့အဆုံးသတ်သွားရမည့်အစား ဤလူထူးဆန်းအဖိုးအို၏ ဂုဏ်သိက္ခာကို ကြမ်းပြင်သို့ ဆွဲချပစ်လိုက်ခြင်းက ပို၍လွယ်ကူပေလိမ့်မည်။ ဤအဖိုးအိုသည် သူ့ ကိုယ်ပိုင်လုံခြုံရေးနှင့် ဂုဏ်သိက္ခာကို ထိန်းသိမ်းရန်အတွက် ရှန်းကျင်၏ တည်နေရာကို ထုတ်ပြောလိမ့်မည်ဟု သူယုံကြည်နေသည်။
ချင်ဇစ်ရွှယ်သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်းနှင့် အသေးစိတ်ကြိုတင် အကွက်ချထား၏။ ယခုအချိန်၌ ကန်စုန့်ပိုင် အလွန်ဒေါသထွက်နေသည်ကိုမြင်သောအခါ သူသည် မီးထဲသို့ လောင်စာ ပို၍ပင် ထည့်လိုက်၍ ဆက်ပြောလာသည်။
"သမားတော်ကြီး၊ ခင်ဗျားလည်း အသက်ငယ်တော့တဲ့သူလည်း မဟုတ်တော့ပါဘူး။ ပြီးတော့ အခုလည်း ကလေးတစ်ယောက်၊ နှစ်ယောက် ရှိနေတဲ့ပုံပဲ မဟုတ်လား။ တကယ်လို့ သိက္ခာတွေကို ထပ်ပြီးတော့ ဂရုမစိုက်ဘူးဆိုရင်တောင်မှ ခင်ဗျားရဲ့မိသားစုကတော့ ဂရုစိုက်လိမ့်မယ်လို့ ကျုပ်ယုံကြည်တယ်။ ဒါ့အပြင် အရင်တုန်းက ခင်ဗျားမှာလည်း အမေတစ်ယောက်ရှိခဲ့ဖူးတာပဲ။ ကလေးတစ်ယောက်ရဲ့ သူတို့မိဘတွေအပေါ်ကို ကျေပွန်ချင်တဲ့သားသမီးဝတ္တရားဆိုတာကို ခင်ဗျား နားမလည်ဘူးလား။ ခင်ဗျား ကျုပ်အမေကို ကုပေးချင်စိတ်မရှိတာကို ကျုပ်နားလည်ပါတယ်။ ဒါပေမယ့် ခင်ဗျား ကျုပ်ကို ပြောလိုက်ရုံနဲ့ရပါတယ်။ ဘာလို့ ကျုပ်ရဲ့မိန်းမကို ဦးနှောက်ဆေးပြီး သူ့ကို ဒီလိုမျိုးကိစ္စတွေ လုပ်ခိုင်းတာလဲ။ အဆုံးမှာ ဘာမှဖြစ်မသွားတာကို ကျေးဇူးတင်ရမယ်။ မဟုတ်လို့ကတော့ ကျုပ် အမေတစ်ယောက်လုံး ဆုံးရှုံးသွားမှာဗျ။ သူက ကျုပ်ကို ကျွေးမွေးပြုစုဖို့ အလုပ်အရမ်းကြိုးစားပြီး အားစိုက်ထုတ်ခဲ့ရတာ။ တကယ်လို့ သူသာ ဒီအခြေအနေနဲ့ ကွယ်လွန်သွားမယ်ဆိုရင် ကျုပ် ကျန်တဲ့ဘဝသက်တမ်းမှာ ဒါကိုပဲ နောင်တရနေတော့မှာ"