Chapter 181 : အသရေဖျက်ခြင်း
ကန်စုန့်ပိုင်သည် ခရိုင်ဆေးရုံ၌ အလွန်ကျော်ကြားသည်။ ချင်ဇစ်ရွှယ်က သူ့ကိုရှာရန်အတွက် လိုက်လံမေးမြန်းခြင်းများလုပ်မည်ဟု ဆုံးဖြတ်ထား၍ စုံစမ်းမှုအနည်းငယ်လုပ်ပြီးနောက် ဆွေးနွေးတိုင်ပင်သည့် ဆရာဝန်ခန်းသို့ သွားရန် လမ်းကို လွယ်လွယ်ကူကူ ရှာဖွေနိုင်ခဲ့၏။
ဖော်ရွေကြင်နာတတ်ပုံရသော အဖိုးအိုတစ်ဦး၏ ပုံရိပ်ကို မြင်လိုက်ရခြင်းက ချင်ဇစ်ရွှယ်အား စိတ်သက်သာရာရသွားစေပြီး သူ၏ စိတ်ထဲ၌ သူ အနိုင်ရပြီးသားဟုပင် ခပ်ရေးရေး ခံစားလိုက်ရသည်။
ထို့နောက် ချက်ချင်းပင် ရှေ့သို့ တိုးသွားပြီး သူ၏ လက်ကို ယမ်းပြလိုက်ကာ စုံစမ်းကြည့်လိုက်၏။
"မင်္ဂလာပါ။ ခင်ဗျားက သမားတော်ကန်၊ ကန်စုန့်ပိုင်လား"
ကန်စုန်ပိုင်က ကြောင်အ,သွားသည်၊ သို့သော် လွန်ခဲ့သောနှစ်များအတွင်း သူ့ကို လာရှာသည့်လူများစွာရှိသောကြောင့် သူက ဘာကိုမှ သတိမထားမိဘဲ ယဥ်ကျေးစွာ ခေါင်းညိတ်ပြလိုက်သည်။
"ခင်ဗျား ကျုပ်ကို ဘာလို့ ရှာနေတယ်ဆိုတဲ့ အကြောင်းပြချက်လေးများ ရှိလား"
ဤလူသည် တန်းစီ၍ စာရင်းပေးထားသော နံပါတ်မရှိပေ၊ သူ၏ အသားအရေ မကောင်းမွန်လွန်းသော်လည်း သူ့ စိတ်စောနေမှုကို ခံစားမိခြင်းအရ သူသည် ဤနေရာသို့ သမားတော်နှင့်တွေ့ရန် လာခြင်း မဟုတ်သည်မှာ အသိအသာပင်။
ဤအချိန်၌ ဆွေးနွေးခန်းထဲတွင် စောင့်နေသော လူနာအနည်းငယ်သာရှိနေသေးသည်။ ဤအခြေအနေများအောက်တွင် ချင်ဇစ်ရွှယ်သည် ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုရှိလာပြီး သူ့ မျက်နှာကလည်း ပိုလေးနက်လာ၏။
"သမားတော်ကန်၊ နောက်ဆုံးတော့ ကျုပ် ခင်ဗျားကို ရှာတွေ့ပြီ။ ခင်ဗျားလိုမျိုး နာမည်ကြီး၊ လုပ်နိုင်ကိုင်နိုင်စွမ်းရှိပြီး လုပ်သက်လည်း ကြာတဲ့ သမားတော်တစ်ယောက်က ဒီလိုကိစ္စမျိုးကို လုပ်လိမ့်မယ်လို့ ကျုပ်တစ်ခါမှ မတွေ့ဖူးဘူး။ ကျုပ်က ခင်ဗျားကို ကျုပ်အမေရဲ့ရောဂါကို ရှာပေးပြီး ဆေးကုပေးဖို့ ပင့်ခဲ့တယ်၊ ဒါပေမယ့် သူ့ရဲ့အခြေအနေကို ကြည့်ရတာ သေဘေးကနေ သီသီလေး ရှောင်နိုင်ခဲ့တာ။ ခင်ဗျား ကျုပ်ကို ရှင်းပြချက်လေးတစ်ခုလောက်များ ပြန်ပေးဖို့ မစဥ်းစားထားဘူးလား"
ထိုစကားလုံးများကြောင့် သူတို့၏ ဘေးရှိ လူနာများစွာသည် ချက်ချင်းပင် ဖြူဖတ်ဖြူလျော်ဖြစ်သွားသည်။
ကန်မိသားစုသည် မျိုးရိုးစဥ်ဆက် ဆေးပညာအမွေကို ဆက်ခံလာပြီး ဟွားနင်ခရိုင်၌ အလွန်ကျော်ကြား၏။ ခရိုင်ဆေးရုံသည် ကန်စုန့်ပိုင်ကို သူတို့၏ ဆေးရုံသို့လာ၍ လူနာများ ကြည့်ပေးရန်ဖိတ်ကြားဖို့အတွက် ငွေပမာဏအမြောက်အမြားကို သုံးထားရပြီး သူ့အား လွတ်လပ်ခွင့်အများကြီးကိုလည်း ပေးထားသည်။ အခြားသမားတော်များနှင့် ယှဥ်ပါက အနည်းဆုံးတော့ ကွာခြားချက်အချို့ ရှိသေး၏။
ထို့အပြင် သူ့ ဂုဏ်သတင်းကလည်း ကြီးမားသောကြောင့် သမားတော်ကန်နှင့် ဆွေးနွေးတိုင်ပင်ချင်သော လူနာအရေအတွက်ကလည်း မရေမတွက်နိုင်အောင်ပင်ဖြစ်၍ အပြင်လူနာဝန်ဆောင်မှု ပေးသည့်အခန်းတစ်ခုလုံးကို ပြည့်သွားစေကာ အထဲသို့ ဝင်ရရန်လည်း ခဲယဥ်းသည်။ သို့သော် ဤကဲ့သို့ဖြစ်လျှင်တောင်မှ ကန်စုန့်ပိုင်သည် ခရိုင်ဆေးရုံတွင် ယဥ်ကျေးမှုအရှိဆုံး ပြည်သူ့အချစ်တော်သမားတော်ကြီး ဖြစ်နေဆဲပင်။
အခြားလူများစွာသည် လူနာ၏ မိသားစုဝင်များက သမားတော်ကန်အား ဂုဏ်ပြုအားပေးမှုများနှင့် ချီးမွှမ်းမှုများပေးကြသည့် မြင်ကွင်းကိုသာ အသားကျနေကြသော်လည်း သူက တစ်စုံတစ်ယောက်အား သေလုနီးပါးဖြစ်စေခဲ့သည်ဟု လူတစ်ယောက်က ပြောနေသည်ကို မြင်ရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်နေသေးသည်။
"ခင်ဗျား ဘာပြောတာလဲ။ စွပ်စွဲချက်အမှားတွေနဲ့ အသရေဖျက်တာတွေက ဥပဒေကို ဆန့်ကျင်နေတာနော်"
အနီးရှိ ငယ်ရွယ်သော သမားတော်လေးတစ်ယောက်က ချက်ချင်းပင် ကာကွယ်လိုက်၏။
"ကျုပ် ပေါက်ကရပြောနေတာ မဟုတ်ဘူး။ သမားတော်ကန်၊ ခင်ဗျားလိုမျိုး လေးစားစရာလူတစ်ယောက်က ကျုပ်အမေကို တွေ့ဖူးပြီး ဆေးကုပေးခဲ့ဖူးတာကိုတော့ ခင်ဗျား မငြင်းနိုင်တာ သေချာတယ် မဟုတ်လား။ ကျုပ်က ချင်ဇစ်ရွှယ်ပဲ၊ ရှန်းကျင်က ကျုပ်မိန်းမ။ ကျုပ်တို့ခြံထဲမှာ ရှိတဲ့လူတိုင်း ခင်ဗျား ကျုပ်အိမ်ကို နေ့တိုင်းနီးပါးလာတယ်ဆိုတာ သိကြတယ်။ ခင်ဗျား ဒီအဆိုကိုတော့ မငြင်းနိုင်ဘူး"
ချင်ဇစ်ရွှယ်၏ စကားလုံးများက အစီအစဥ်ကျ၍ ရှင်းလင်း၏။ သူသည် ပြဿနာရှာရန်အတွက် ဤနေရာ၌ ရှိနေသည်ဆိုလျှင်တောင်မှ အလောတကြီးဖြစ်မနေဘဲ တဇောက်ကန်းလည်း ဖြစ်မနေပေ။ တကယ်တမ်း၌ ဤကဲ့သို့သော ပုံစံက လူများအား သူသည် ကျိုးကြောင်းဆီလျော်မှုရှိသောသူ ဟူသည့် ပုံရိပ်ကို ပေးနေသည်။ သန့်ရှင်းသပ်ရပ်နေသော အနောက်တိုင်းဝတ်စုံနှင့် သူ၏ ခံ့ညားထင်ရှားသော ပုံပန်းသွင်ပြင်ကိုပါ ထည့်ပေါင်းလိုက်ပါက လူများကို သူ့အား ပို၍ပင် လွယ်လွယ်ကူကူနှင့် ယုံကြည်လာစေ၏။
ကန်စု့န်ပိုင်က သူ့ရှေ့ရှိ ဤယောက်ျားသည် အမှန်တကယ် ရှန်းကျင်၏ အမျိုးသား၊ ချင်ဇစ်ရွှယ် ဖြစ်နေလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့မိပေ။ သို့ရာတွင် သူ၏ လုပ်ရပ်အစဥ်လိုက်ကို မြင်ရ၍ ယခင်က ရှန်းကျင် သူ့အား ပြောပြခဲ့သည်များကို ပြန်စဥ်းစားမိရင်း ဤယောက်ျားအပေါ်၌ သူ၏ အမြင်သည် မျက်စိတစ်မှိတ်စာအတွင်းမှာပင် ချောက်ထဲသို့ ထိုးကျသွား၏။
မူလက သူသည် သူ၏ လူနာများထဲမှ တစ်ယောက်ယောက် အမှန်တကယ်ပင် တစ်ခုခုဖြစ်၍ဟု ထင်ခဲ့သော်လည်း ယခုအချိန်၌မူ သူသည် ဤလူအား အပြင်ဘက်သို့ ဆွဲထုတ်ပစ်ချင်သွားမိသည်။
"ကျုပ် တကယ်ပဲ အရင်တုန်းက ခင်ဗျားရဲ့အမေကို ဆေးကုပေးခဲ့တယ်။ ပြီးတော့ သူ့ကို ဆေးညွှန်းပေးခဲ့တယ်။ ဒါပေမယ့် ခင်ဗျားရဲ့အမေက ဒီသမားတော်ရဲ့အကြံဥာဏ်ကို ဘယ်တုန်းကမှ စိတ်ပါလက်ပါ မလိုက်နာခဲ့ဘူး။ ပြီးတော့ ဆေးလည်း အချိန်မှန်မသောက်ဘူး။ ဒါ့အပြင် သူ့ကို ဆေးကုပေးခဲ့တဲ့ ကိစ္စကလည်း လွန်ခဲ့တဲ့ရက်ပေါင်းများစွာတုန်းက ဖြစ်ခဲ့တာတွေပါ။ အဲဒီနေ့က သူ့ကို ကျုပ် ဆေးဆက်ကုပေးဖို့ ငြင်းတယ်ဆိုတဲ့ အကြောင်းကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီးတော့ ဆေးကုခတွေကိုလည်း အကုန်ပြန်ပေးပြီးပြီ။ အဲဒါတွေအပြင် ခင်ဗျားအမေရဲ့ရောဂါက သူ့ရဲ့တင်ပါးမှာပါ။ ဒါက သူ့ရဲ့အသက်အန္တရာယ်ကို လုံးဝမခြိမ်းခြောက်နိုင်ဘူး"
ကန်စုန့်ပိုင်က ရှင်းပြနေရင်း အော်ဟစ်လိုက်၏။
သူသည် ဤလူကဲ့သို့ အရေထူသောလူများစွာကို အမှန်ပင် မမြင်ဖူးခဲ့ချေ။ ရှန်းကျင်ဆိုသော ကလေးမသည် အတိတ်တုန်းက ဤကဲ့သို့သောလူမျိုး သဘောကျသွားခြင်းမှာ အမှန်တကယ်ပင် မျက်စိကန်းနေ၍ဖြစ်လိမ့်မည်။
ယနေ့ သူ၏ လုပ်ရပ်များကို မြင်လိုက်ရသောအခါ ကန်စုန့်ပိုင်သည် ဤလူ့အရေခြုံထားသော သားရဲကောင်က ရှန်းကျင်အား ပြုမူဆက်ဆံခဲ့သည်အား စိတ်ကူးကြည့်နိုင်သွား၏။ သူသည် ဇနီးဖြစ်သူကို အမြတ်ထုတ်ရန်အတွက်ပင် အများကြီးလုပ်ခဲ့ရာ သူ့၌ မည်သည့်ကိုယ်ကျင့်တရားမျိုး ကျန်ရှိနေသေးသနည်း။
စင်စစ် ကန်စုန့်ပိုင်တွင် နာမည်ကောင်းအချို့ ကျန်ရှိနေသေးသည်။ သူ ရှင်းပြပြီးသည့်နောက်တွင် သူ၏ လုပ်ကိုင်ဖော်ဖက် မိတ်ဆွေများက နားလည်စွာဖြင့် ခေါင်းညိတ်လိုက်ကြသည်။
ချင်ဇစ်ရွှယ်သည် ယနေ့ ဤနေရာသို့ နည်းလမ်းမျိုးစုံဖြင့် ပြဿနာရှာရန်အတွက် လာခဲ့ခြင်းဖြစ်သည်။ အခြားသူများက အမှန်တရားကို မသိသောကြောင့် ၎င်းက သူတို့အတွက် ကြားဖြတ်ဝင်စွက်ဖက်ရန် မသင့်တော်ပေ။
မည်သို့ပင်ဆိုစေကာမူ သမားတော်များနှင့် သူနာပြုများသည် ကန်စုန့်ပိုင်၏ စရိုက်နှင့် ရင်းနှီးနေကြသော်လည်း လူနာများအတွက်မှာမူ မတူပေ။ သူတို့သည် ချင်ဇစ်ရွှယ်၏ စွပ်စွဲမှုများကို ကြားသောအခါ သူတို့၏ ရင်ထဲ၌ ကြောက်စိတ် အနည်းနှင့်အများ ခိုအောင်းလာ၍ ဆောက်တည်ရာမရ ဖြစ်ကုန်ကြသည်။ သမားတော်ကြီးက ရှင်းပြရန်အတွက် ရှေ့ထွက်လာသော်လည်း သူတို့သည် မသက်မသာ ခံစားနေရဆဲပင်။
Sent from my Xiaomi device