Chapter 180 : အပေးအယူ
ကျင်းယွင်ကျောင်းသည် အဖိုးထန်က သူ့ အဖိုးတန်မြေးအား ကိုယ်တိုင်လွှတ်၍ လာခေါ်စေသည်အထိ ရှန်းကျင်အား တန်ဖိုးထားမှန်း မမျှော်လင့်ထားခဲ့ပေ။
ထန်ကျစ်ဟွားသည် ဒရိုင်ဘာ ဘေးခုံ၌ ထိုင်နေပြီး နောက်ကြည့်မှန်မှတစ်ဆင့် ကျင်းယွင်ကျောင်းအား ကြည့်နေသည်။ နွေရာသီသည် သူမအား အကျိုးသက်ရောက်မှုရှိပုံမရဘဲ သူမ၏ အသားအရောင်က ဖြူဖွေးနူးညံ့နေကာ ဤသည်းမခံနိုင်လောက်စရာ နေအပူရှိန်အောက်၌ ၎င်း၏ အေးမြနေသောပုံစံက လူများအား အနည်းငယ် စိတ်အေးငြိမ်းသွားစေနိုင်ပေသည်။
"အန်တီရှန်း၊ အဖိုးက အန်တီ့ကို ကွာရှင်းဖို့အတွက် ကူညီပေးပါလိမ့်မယ်။ အဲဒီအချိန်မှသာ အန်တီက ရှေ့ထွက်လာဖို့ လိုပါတယ်"
ထန်ကျစ်ဟွားက အားနည်းနေသော အသံဖြင့်ပြောလိုက်သည်။
ယခုအချိန်တွင် သူ၏ အသားအရေမှာ ပုံမှန်လူများနှင့် တူညီလုနီးပါးရှိသော်လည်း တကယ်တမ်းတွင် သူ၏ အခြေခံမှာ သိပ်မကောင်းပေ၊ ထို့ကြောင့် သူမက သူ့ကို ဆက်၍ ကုသပေးနေရခြင်း ဖြစ်သည်။
"ကျေးဇူးတင်ပါတယ်"
ရှန်းကျင်က ပျာပျာသလဲ ပြန်ဖြေလိုက်၏။
သူမသည် ဤအချိန်၌ စိတ်စောလွန်းနေပြီး ဥက္ကဌထန်က သူမကို အမှန်တကယ် ကူညီပေးလိမ့်မည်ဟု မျှော်လင့်မထားခဲ့ပေ။ စင်စစ် သူမ၏ အဖေသည် သူနှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသော်လည်း နှစ်ပေါင်းများစွာ ကြာညောင်းသွားခဲ့ပြီဖြစ်သည်။
"အန်တီက ယဥ်ကျေးလွန်းနေပါပြီ။ အဖိုးက အန်တီ ကျေးဇူးတင်သင့်တဲ့သူက ကျင်းယွင်ကျောင်းလို့ ပြောလိုက်ပါတယ်။ သူ့ကြောင့်သာ မဟုတ်ရင် အန်တီ ဟွားနင်ခရိုင်မှာ ဒုက္ခအကြီးအကျယ်ရောက်နေတာကို ထန်မိသားစုက သိမှာမဟုတ်ဘူး။ ဒါနဲ့ စကားမစပ်၊ အဖိုးက ကျွန်တော့်ကို အန်တီ့အတွက် အိမ်တစ်လုံး ဝယ်ပေးဖို့ မှာလိုက်တယ်။ လောလောဆယ်တော့ အန်တီ အဲ့မှာပဲ နေလိုက်ပါဦး။ တကယ်လို့ အန်တီ နင်းမြို့တော်ကို ပြန်သွားချင်တယ်ဆိုရင် အန်တီ သူ့ကို ပြောလို့ရပါတယ်။ သူက အဲဒီအတွက် နေရာတစ်ခု ထပ်ရွေးပေးလိမ့်မယ်"
ထန်ကျစ်ဟွားက အတိုးအလျှော့ ချဥ်းကပ်နည်းကို သိနေ၍ သူစကားပြောသည့်အခါ အရွယ်ရောက်သူတစ်ယောက်ဟု ထင်ရစေသည်။
ကျင်းယွင်ကျောင်းက ထန်ကျစ်ဟွား၏ အနည်းငယ် တောင့်တင်းနေသော အမူအယာကို တစ်ခါမှ သတိမပြုမိချေ။
မကြာသေးမီက သူ့ အဖိုးဖြစ်သူသည် သူ့ ကျန်းမားရေးက ပိုမိုကောင်းမွန်လာကြောင်းကို သတိထားမိ၍ သူ့ ရှေ့တွင် ကျင်းယွင်ကျောင်းကို ဆက်တိုက် ချီးမွှမ်းခန်းဖွင့်နေခဲ့သည်။ ၎င်းက သူ ကျင်းယွင်ကျောင်းကို မြင်သည့်အခါတိုင်း စတင်၍ လေးစားလာစေပြီး တစ်ချိန်တည်းမှာပင် သူ ပို၍ ရင့်ကျက်သင့်သည်ဟု ခံစားမိလာစေ၏။
ထို့ကြောင့် စကားပြောပြီးသည့်အခါတွင် ထန်ကျစ်ဟွားသည် အခွင့်ကောင်း ယူ၍ သူမကို ဂရုတစိုက်ကြည့်လိုက်ရာ ကျင်းယွင်ကျောင်းက ကားပြတင်းပေါက် အပြင်သို့ ငေးနေသည်အား မြင်မှ စိတ်သက်သာရာ ရသွားတော့သည်။
သူမထံ၌ အချိန်အတော်ကြာ ကုသမှုခံယူပြီးသည့်နောက် သူသည် သူမ၏ လေးနက်သော အမူအယာကို မကြာခဏ မြင်ခဲ့ရ၏။ ၎င်းက သူ သူမကို မြင်သည့်အခါတိုင်း သူ့ မိဘများနှင့် မျက်နှာချင်းဆိုင်နေရသကဲ့သို့ အမြဲတမ်း ခံစားရစေသည်။ သို့သော် ကျင်းယွင်ကျောင်းက သူနှင့် သက်တူရွယ်တူမှန်း အသိအသာပင်၊ ဤသည်မှာ ထူးဆန်းလွန်းလှ၏။
ထန်ကျစ်ဟွားသည် ရှန်းကျင်အား ပြန်လည်နေရာချထားပေးရန်အတွက် ပြီးပြည့်စုံစွာ တည်ဆောက်ပြီးထားသည့် အိမ်တစ်လုံးဆီသို့ လိုက်ပို့ပေးခဲ့သည်။
တစ်ဖက်တွင် ချင်ဇစ်ရွှယ်သည် အခက်အခဲများစွာနှင့် ကြုံနေရ၏။
ရှန်းကျင်က ထွက်ပြေးသွားသောကြောင့် သူ့ အမေကို ကိုင်တွယ်ဖြေရှင်းရာ၌ ကူညီမည့်သူမရှိတော့ပေ။ ချင်ဇစ်ရွှယ်သည် ရွေးခြယ်စရာမရှိတော့သောကြောင့် သူ့ အိမ်နီးချင်းများကို အလောတကြီး အကူအညီတောင်းရသည်။ အခြားသူများက သူ့ မိခင်အရင်းဖြစ်သူအပေါ် ရွံရှာစက်ဆုပ်နေသည့် သဘောထားကို မြင်သောအခါ ဆန္ဒမရှိခဲ့ကြသော်လည်း ချင်ဇစ်ရွှယ်က ငွေစက္ကူအချို့ ထုတ်ပေးလိုက်သည့်နောက်မှသာ သူတို့သည် အဖွားအိုအား သင့်တင့်လျောက်ပတ်စွာ နေရာချထားပေးလိုက်ကြသည်။
သို့သော် သူသည် ပြဿနာကို မည်သို့ တရားဝင် ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။ အဖွာအိုသည် အရာရာတိုင်းတွင် ပြဿနာများ ရှိသည်။ အစားအသောက်၊ အဝတ်အစားနှင့် သွားရေးလာရေး အပါအဝင်ပင်။ ထို့ပြင် သူမ၏ ရောဂါကိုလည်း ကုသပေးရန် လိုသေးသည်။
ဂရုတစိုက် စဥ်းစားဆုံးဖြတ်ပြီးသည့်နောက်တွင် ချင်ဇစ်ရွှယ်သည် အဖွားအိုကို နင်းမြို့တော်သို့ ပြန်ခေါ်လာခဲ့၏။ ဤနေရာ၌ သူ့အား ကိစ္စများစွာကို ကူညီပေးနိုင်မည့် နာနီတစ်ယောက်ရှိသည်။
သို့ရာတွင် လက်တွေ့၌ ခက်ခဲသောအချိန်များက စတင်ရုံသာ ရှိသေး၏။
သုံးရက်ကြာပြီးနောက်တွင် ချင်ဇစ်ရွှယ်သည် ထိတ်လန့်ဖွယ်ရာ အမှန်တရားကို ရှာတွေ့သွားခဲ့၏။
လူတစ်ယောက်က သူ ဘက်ပေါင်းစုံမှ အငြင်းပယ် ခံနေရသည်ကိုမြင်သွားခဲ့ပြီး နောက်ဆုံး၌ သူ့ကို အကြံတစ်ခုပေးရန် ဆုံးဖြတ်ခဲ့သည်။ သူသည် ပါးစပ် ဖွင့်လိုက်သည်နှင့် ချင်ဇစ်ရွှယ်အား ရှန်းကျင်ကို ပြန်ရအောင်လုပ်ရန် ပြောလာခဲ့၏။
ချင်ဇစ်ရွှယ်သည် အစောပိုင်းကတည်းက ဤကိစ္စသည် ရှန်းကျင်နှင့် ဆက်စပ်နေမည်ဟု ခန့်မှန်းမိခဲ့သော်လည်း သူက ၎င်းကို လက်မခံနိုင်သေးပေ။ သူက ထိုအကြောင်းကို အသေးစိတ်မေးမြန်ခဲ့ပြီး နောက်ဆုံး၌ အစောပိုင်းက ကွယ်လွန်သွားခဲ့ပြီဖြစ်သော သူ၏ ယောက္ခမသည် အမှန်တကယ်ပင် အကြီးအကဲထန်နှင့် မိတ်ဆွေကောင်းများ ဖြစ်ခဲ့ကြကြောင်း သိလိုက်ရ၏။
ချက်ချင်းပင် ချင်ဇစ်ရွှယ်သည် သူ့ဘဝ ပြီးဆုံးသွားပြီဖြစ်ကြောင်းကို သိလိုက်သည်။
နင်းမြို့တော်ရှိ အရေးပါသူအားလုံးကို တောင်းပန်လျှင်တောင်မှ သူ့ ကုမ္ပဏီ၏ ဒေဝါလီခံရမည့် အဆုံးသတ်ကို ပြောင်းလဲနိုင်မည် မဟုတ်သေးပေ။
သူ ဘာလုပ်သင့်သနည်း။ သူသည် တကယ်ပဲ ရှန်းကျင်ကို သွားရှာရမည်လား။
လူများသည် အပေးအယူကို သိရန်လိုအပ်၏။ သတင်းလက်ခံရရှိသောနေ့တွင် ချင်ဇစ်ရွှယ်သည် ကုမ္ပဏီကို ခေတ္တတာဝန်ပေးခဲ့ရန်အတွက် ကုမ္ပဏီအတွင်းမှ ဂုဏ်သိက္ခာရှိသည့် ဆက်ခံသူတစ်ယောက်ကို ရွေးခြယ်၍ နင်းမြို့တော်မှ အမြန်ထွက်လာခဲ့သည်။ သို့သော် ရှန်းကျင် မည်သည့်နေရာ၌ ရှိကြောင်း သူ မသိပေ။ လုံခြုံရေးများနှင့် အိမ်နီးချင်းများကို အကြိမ်အနည်းငယ် မေးမြန်းပြီးနောက် သူ၏ ဇနီးနှင့်အတူရှိနေသော မိန်းကလေးမှာ သမားတော်တစ်ယောက် ခေါ်လာသည့် မြေးမလေးဖြစ်ကြောင်းကိုသာ သိလိုက်ရ၏။ ထိုသမားတော်သည် ဟွားနင်ခရိုင်အတွင်း၌ အတော်လေး ကျော်ကြားသည်။
ချင်ဇစ်ရွှယ်၏ တုံ့ပြန်မှုမှာ လျင်မြန်၏။ သူသည် သူ၏ အရှက်မဲ့မှုများကို နှစ်ပေါင်းများစွာ ပျိုးထောင်ခဲ့ပြီးဖြစ်သည်။ နောက်တစ်နေ့ မိုးလင်းသည်နှင့် သူသည် ဟွားနင်ခရိုင်ဆေးရုံသို့ တန်းတန်းမတ်မတ် သွားတော့၏။