Chapter 172 : ထူးဆန်းသော အဖွားအို
နှစ်ယောက်သားသည် ကားထဲ၌ ထိုင်နေကြပြီး သိပ်မကြာမီမှာပင် သူတို့သည် ခြံဝန်းတစ်ခု၏ ဝင်ပေါက်၌ ရပ်လိုက်၏။ ၎င်းမှာ သေးငယ်၍ တိတ်ဆိတ်သော ခြံဝန်းတစ်ခုဖြစ်ပြီး နှစ်လိုဖွယ်ကောင်း၍ နွေးထွေးသော ပတ်ဝန်းကျင်နှင့် ဖြစ်သည်။ အတွင်းသို့ ခြေလှမ်းအနည်းငယ် လျှောက်လာပြီးနောက် သူတို့ဆီသို့ လှမ်းလာသော အိမ်ရှင်မတစ်ယောက်အား တွေ့လိုက်ရ၏။ သူမသည် အဖိုးကန်ကို မြင်လိုက်သည့် ခဏ၌ သူတို့ဆီသို့ ချက်ချင်းပင် ပြေးလာသည်။
"သမားတော်ကန်၊ ရှင် နောက်ဆုံးတော့ ရောက်လာပြီပဲ။ ကျွန်မရဲ့ ယောက္ခမက ရှင့်ကို အထဲမှာ စောင့်နေပါတယ်"
အိမ်ရှင်မက ဂရုတစိုက်ဖြင့် ခရီးဦးကြိုပြုလာ၏။
ဤအမျိုးသမီးသည် အသက်သုံးဆယ်ကို အနည်းငယ်သာ ကျော်ဦးမည့်ပုံရှိ၍ သူမ၏ ပုံစံက အလွန်ရှုပ်ပွနေပြီး သူမ ဝတ်ဆင်ထားသော အဝတ်အစားများက လျော့ရဲ၍ ရိုးစင်းသည်။ သူမ အနီးသို့ကပ်လာပြီးသည့်နောက်တွင် ဆီနှင့် မီးခိုးနံ့တစ်ခုက သူတို့၏ နှာခေါင်းများသို့ ရိုက်ခတ်လာ၏။ သူမသည် မီးဖိုချောင် မကြာခဏ ဝင်ရခြင်း ဖြစ်နိုင်သည်။
"သွားကြစို့"
အဖိုးကန်က သူမအား တစ်ချက်ကြည့်လိုက်၍ ခေါင်းယမ်းလိုက်ပြီး သူ၏ အမူအယာမှာ ထူးဆန်းသွား၏။
ကျင်းယွင်ကျောင်းသည် အခြေအနေအား ရှင်းရှင်းလင်းလင်း မသိသေးသောကြောင့် အလိုအလျောက်ပင် ထုတ်မပြောဘဲ နေလိုက်သည်။ ထိုခဏတွင် အိမ်ရှင်မက သူမအား သတိထားမိသွားပြီး မေးလာ၏။
"ဒါက ရှင့်ရဲ့မြေးမလေးလား"
အဖိုးအိုက ခေါင်းညိတ်ပြလိုက်သည်။
အမျိုးသမီးက အလျင်အမြန်ပင် ရယ်မောလိုက်၏။
"သူက တကယ့်ကို လှတာပဲ။ ပြီးတော့ ဒီလိုအသက်အရွယ် ငယ်ငယ်လေးနဲ့ အိမ်ကိုပင့်တာတွေမှာ ရှင့်ကို အဖော်ပြုပေးရလောက်အောင် သိနေပြီဆိုတော့ သူက သေချာပေါက် အနာဂတ်မှာ ပြိုင်ဘက်ကင်း သမားတော် ဖြစ်လာလိမ့်မယ်"
အမျိုးသမီး၏ စကားများသည် သူမအား မြှောက်ပင့်နေခြင်းမဟုတ်ဘဲ ထိုစကားကို ကြားသည့် ကျင်းယွင်ကျောင်းသည်လည်း ထိုသို့ကြားရသည့်အပေါ် မည်သည့်ဝမ်းမြောက်မှုကိုမှ မခံစားရပေ။ ကျေးဇူးတင်သည့် အနေဖြင့် ခေါင်းသာညိတ်ပြလိုက်သည်။ ထို့နောက် သူတို့သည် အိမ်သို့သွားရန် သူမ၏ နောက်မှ လိုက်ပါသွားကြ၏။
သူတို့ အထဲသို့ ခြေချလိုက်သည့်အခိုက်၌ အိမ်အိုတစ်လုံးကို မြင်လိုက်ကြရသည်။ နေရာမှာ မကြီးဘဲ အဆောက်အဦးသည် ခေတ်နောက်ကျ မနေပေ။ အခန်းဖွဲ့ပုံမှာ အနည်းငယ် ပူးပူးကပ်ကပ် ဖြစ်နေ၏။ အထဲရှိပစ္စည်းများကလည်း အတော်လေး သက်တမ်းရင့်နေပြီး အောက်သိုးသိုးအနံ့ပြင်းပြင်းကို ပေးနေသည်။ ပြတင်းပေါက်များကို တင်းတင်းကြပ်ကြပ် ပိတ်မထားပါက အိမ်ထဲ၌ လေဝင်လေထွက်ကောင်းလိမ့်မည်ဖြစ်သော်လည်း လိုက်ကာများကိုပင် ပိတ်ထားသေးသည်။ အရာအားလုံးက အခန်းကို ခြောက်ခြားစရာ ကောင်းနေစေသည်။ အထဲသို့ ဝင်ဝင်ချင်း အကြီးအကျယ် နေမထိထိုင်မသာ ခံစားသွားရစေနိုင်၏။
"အမေ၊ သမားတော်ကန်က ဒီမှာလေ"
အမျိုးသမီးက အခန်းတံခါးကို ဂရုတစိုက်ဖွင့်လိုက်ပြီး အထဲသို့ ငြင်ငြင်သာသာ လှမ်းပြောလိုက်သည်။
ကျင်းယွင်ကျောင်းသည် သူမ၏ နားများကို အနည်းငယ် စောင်း၍ နားစွင့်ထားလိုက်ပြီး အထဲရှိလူသည် သူတို့၏ လူနာဖြစ်နိုင်သည်ဟု တွေးနေမိ၏။ သို့သော် အဖိုးက ယခင်က ပြောခဲ့သည်က ဘာကို ဆိုလိုသနည်း။
"နင် ငါ့ကို လန့်ပြီးတော့ သေအောင် လုပ်နေတာလား။ နင်က လောကဝတ်လေးတစ်ခုတောင် လုံးဝမသိဘူး။ နင် ဝင်မလာခင် ငါ့အခန်းတံခါးကို ခေါက်ရမယ်ဆိုတာ မသိဘူးလား။ နင့်အသံက ကျယ်လွန်းတယ်။ နင်က ငါ့ကို စောစောသေစေချင်နေတာလား"
ရုတ်တရက် အိုမင်းသော်လည်း ပြတ်သားသော အသံတစ်သံ ထွက်ပေါ်လာပြီး ကျင်းယွင်ကျောင်းကို ထိတ်လန့်သွားစေသည်။
သို့ရာတွင် တစ်ဖက်၌ အဖိုးကန်က အတော်လေး စိတ်ပျက်လက်ပျက်ဖြစ်နေ၏။ သူ၏ တင်းတင်းကြပ်ကြပ် စုကျုံ့ထားသော မျက်ခုံးတန်းများက မြင်နိုင်သည့် တစ်ခုတည်းသော တုံ့ပြန်မှုဖြစ်သည်။
အသံသည် စူးရှပြီး တဝီဝီမြည်နေသော လျှပ်စစ်လွန်ပူနှင့် တူ၏။ နားကို ထိုးဖောက်သွားသလို သည်းမခံနိုင်ဖြစ်စေ၏။ အဖွားအို၏ ပါးစပ်မှ ထွက်ပေါ်လာသော အမိန့်ပေးသည့် လေသံက ၎င်းကို ပို၍ပင် ဆိုးဝါးစေသည်။
ဘက်မလိုက်ဘဲ ပြောရလျှင် ယခင် အိမ်ရှင်မ၏ လှုပ်ရှားမှုများမှာ အလွန်သိမ်မွေ့၍ သွက်လက်၏။ သူမ၏ အသံကလည်း ငြင်သာ၍ သိမ်မွေ့နူးညံ့သည်။ အဖွားအိုက သူမ၏ အသံကို ကျယ်သည်ဟု အဘယ်ကြောင့် ပြောမှန်း မသိပေ။
အော်သံ၏ နောက်တွင် ဖျော့တော့နေသော အိမ်ရှင်မက တံခါးဝ၌ ရပ်နေသော်လည်း မိနစ်အနည်းငယ်မျှ ကုန်သွားပြီးနောက် အားလုံးသိကြသည့် တုန်ယင်နေသော အသံက ထွက်ပေါ်လာ၏။ ဆက်လက်၍ စူးစူးရှရှ အော်ဟစ်နေဆဲပင်။
"ငါ့ကို အဝတ်အစားဝတ်ရအောင် ကူညီဖို့ နင်က အထဲဝင်မလာသေးဘူးလား။ ဒါဆို ငါက နင့်ကို ဘာလို့ ဆက်လိုနေဦးမှာလဲ"
အမျိုးသမီး၏ ခန္ဓာကိုယ်သည် တုန်ယင်နေပြီးနောက် သူမသည် ကူညီပေးရန်အတွက် အခန်းထဲသို့ သုတ်သုတ်ပျာပျာ ပြေးဝင်သွားသည်။
"ပိုပြီး ငြင်သာစမ်းပါ။ ကိုးရိုးကားယားနဲ့"
"ဒီအဝတ်အစားက တအားရုပ်ဆိုးတယ်။ နင်က ငါ့ကို ဧည့်သည်တွေရှေ့မှာ သိက္ခာကျစေချင်နေတာလား"
"ငါ နင့်လောက် တုံးတဲ့လူမျိုး တစ်ခါမှ မမြင််ဖူးဘူး။ နင်က အိမ်မှုကိစ္စတွေကို ကောင်းကောင်းမွန်မွန် မလုပ်နိုင်ဘူး၊ ကလေးမမွေးနိုင်ဘူး၊ နေ့တိုင်း ငါ့သားကို ဘယ်လိုဒုက္ခပေးရမယ်ဆိုတာပဲ သိတယ်။ ငါတို့ ရှေးခေတ်တုန်းကသာဆိုရင် နင့်ဘဝက သိက္ခာကျနေတာ ကြာလှပြီ"
(T/N: ရှေးခေတ်တုန်းကကလေးမမွေးနိုင်ရင် ယောက်ျားဆီကနေ ကွာရှင်းခံရပြီး သိက္ခာကျပါတယ်။ အခုလည်း ရှိနေတုန်းပါပဲ။)
နောက်ထပ် ဆယ်မိနစ်၊ မိနစ်နှစ်ဆယ်ကြာသည်အထိ ကျင်းယွင်ကျောင်း၏ နားများက တစ်ခါမှ ငြိမ်းငြိမ်းချမ်းချမ်း ရှိမနေပေ။
သူမသည် ထိုအမျိုးသမီးကို မသနားဘဲ မနေနိုင်ချေ။ သူမ၏ အဝတ်အစားများက အနည်းငယ် နွမ်းပါးသော်လည်း သူမ၏ အမူအကျင့်နှင့် အရာအားလုံးက တကယ့်ကို မဆိုးလှပေ။ လက်ထပ်ပြီး ဤမိသားစုသို့ ဝင်လာပြီးနောက် အဘယ်ကြောင့် သူမသည် အားငယ်စိတ်များကို ခံစားနေရသနည်း။
နောက်ထပ်တစ်ကြိမ် ပြန်လည်မွေးဖွားလာပြီးနောက်တွင် သူမသည် သူမ၏ အသုံးမကျသောသူတစ်ယောက် ဘဝကို မကြာခဏ ပြန်လည်သတိရမိ၍ သူမ၏ ဘဝကို ဖြုန်းတီးပစ်ခဲ့သလို ထင်မိသည်။ ကံဆိုးသည်မှာ ထိုအချိန်က သူမသည် ငယ်သေး၍ ၎င်းက သူမအတွက် တောင့်ခံရန် ခက်ခဲ၏။ ဤအမျိုးသမီးကတော့ မတူပေ။ သူမသည် အကြီးအကျယ် နစ်နာမှုများကို ခံစားနေရသော်လည်း သူမ၏ ဘဝကို ဤမိသားစုအတွင်း၌ ဆက်၍ ဖြုန်းတီးနေချင်သေးတယ်လား။ သူမက တကယ်ပဲ ထိပါးစော်ကားမှုများနှင့် အနိုင်ကျင့်မှုများကို ခံနိုင်ရည်ရှိသည်လား။
ကျင်းယွင်ကျောင်း၏ စိတ်သည် အသုံးမကျသည်များကို တွေးနေရင်း အချိန်ကုန်သွားသည်။ နောက်ဆုံး၌ ပြောဆိုရှုတ်ချနေသော အဖွားအိုသည် အိမ်ရှင်မ၏ အကူအညီဖြင့် အပြင်ဘက်သို့ ထွက်လာ၏။