Chapter 171 : ထူးဆန်းသော လူနာ
ရေကန်ထဲမှ ရေ၏ အရည်အသွေးမှာ ကြည်လင်နေ၏။ အထဲ၌ ဘာမှမရှိသည်မှာ အတိအကျပင်။ ကျင်းယွင်ကျောင်းသည် ထိုကန်ထဲမှ ရေဖြင့် အပင်များကို ရေလောင်းရန် ကြိုးစားလိုက်သော်လည်း ကြီးထွားခြင်းကို တိုးမြှင့်ပေးနိုင်သည့် လုပ်ဆောင်ချက် မရှိကြောင်း သိလိုက်ရ၏။ ထို့နောက် သူမ သိလိုက်ရသည်မှာ ရေပူစမ်းရေအတွက် တစ်ခုတည်းသော အရင်းအမြစ်ရှိနေသေးသည် ဆိုတာကိုပင်။ ဤရေကန်ထဲမှ ရေသည် အပြင်ဘက်ရှိ ညစ်ပတ်သော ရေများဖြင့် ကွာခြားမှု များများစားစား မရှိပေ။
"ကျွိ ကျွိ ... ..."
သူမ၏ ခြေဖဝါးအောက်မှ တစ်စုံတစ်ခုက ရုတ်တရက် ဤထူးဆန်းသော အသံကို ထုတ်လွှတ်လိုက်၏။
ကျင်းယွင်ကျောင်းက ငုံ့ကြည့်လိုက်ရာ ချက်ချင်းပင် အံ့သြထိတ်လန့်သွားသည်။
(T/N: ထူးဆန်းတဲ့ အိမ်မွေးတိရိစ္ဆာန်လေးဖြစ်တဲ့ ရှောင်လန်က စပြီးတော့ အသွင်ပြောင်းတာပါ။)
သူမ မြင်လိုက်ရသည်မှာ လက်သီးဆုပ်ခန့် အရွယ်အစားရှိသော ရေခဲပြာရောင် အသားလုံးလေးတစ်လုံး ဖြစ်၏။ နားရွက်များက ခန္ဓာကိုယ်ကို ဖုံးနေကာ ဘောလုံးလေးတစ်လုံးနှင့် တူနေသည်။ လက်ဖဝါးလေးနှစ်ဖက်က သူမအား ဝှေ့ယမ်းပြနေပြီး ဘေးဘက်များ၌ အတောင်ပံလေးတစ်စုံပင် ပါနေသေးသည်။
"ရှောင်လန် လားဟင်"
ကျင်းယွင်ကျောင်း၏ နှုတ်ခမ်းများက တွန့်နေပြီး မသေမချာဖြစ်နေ၏။
ရှောင်လန်သည် ယခင်က ဆေးပိုးကောင်လေးတစ်ကောင် ဖြစ်ရာ အကယ်၍ အသွင်ပြောင်းသွားသည်ဆိုလျှင်တောင်မှ ၎င်းသည် လိပ်ပြာလေးတစ်ကောင်သာ ဖြစ်နေသင့်သည်။ ယခု ဤပုံစံလေးက ဘာများလဲ။
နားရွက်များက ကြောင်နားရွက်များနှင့်တူ၍ အတောင်များက ထိပ်ဖျား ခုနစ်ခုရှိသည့် လင်းနို့တစ်ကောင်၏ အတောင်များနှင့် တူညီသော်လည်း ထိပ်ဖျား ဆယ်ခုက အရောင်နှင့်ဖြစ်၍ ပိုလှသည်။ ရေခဲပြာရောင် အရေပြားလေးတစ်လွှာက နဖူးပေါ်တွင် ဖွံ့ဖြိုးနေပြီး ထိုနေရာကို ဖုံးကာထားသည်က သစ်ရွက်လေးတစ်ရွက်နှင့် များစွာတူ၏။ ကြီးမား၍ ဝိုင်းစက်သော မျက်လုံးများရှိပြီး ပါးလျလျနှင့် ရှည်လျားသော အမြီးလေးက ၎င်း၏နောက်တွင် တရွတ်တိုက်လေးရှိနေသည်မှာ နွယ်ပင်လေးတစ်ပင်နှင့် တူသည်။ ၎င်း၌ လည်ပင်းတော့ မရှိသေးပေ။
ရှောင်လန်က ၎င်း၏ တောင်ပံများကို ခတ်ရန် အတတ်နိုင်ဆုံး ကြိုးစားလိုက်ပြီး နောက်ဆုံး၌ မြေပြင်ပေါ်မှ ခေတ္တမျှ မြင့်တက်အောင် လုပ်နိုင်သွားသည်။ သို့ရာတွင် ၎င်း၏ ကြေမွလွယ်သော တောင်ပံလေးများက ၎င်း၏ အလေးချိန်ကို ထိန်းထားနိုင်ပုံမရပေ။ ၎င်းသည် ဟိုဟိုဒီဒီဖြင့် ဦးတည်ရာပေါင်းစုံ ပျံသန်းနေပြီး ထိုအခိုက်တွင် ၎င်းဦးဆောင်ရာ နောက်သို့ လိုက်သော အခြားဆေးပိုးကောင်လေးများသည် စီစီညီညီ တန်းစီနေပြီး ၎င်းတို့၏ ပိုးကောင်ခန္ဓာကိုယ်လေးများကို တလွန့်လွန့်လုပ်နေကာ စိတ်လှုပ်ရှားနေကြပုံပင်။
ကျင်းယွင်ကျောင်းသည် ငေးငိုင်သွား၏။ သူမ စုပ်ယူထားပြီးသော ဝိညာဥ်ကျောက်စိမ်းအပိုင်းရှစ်ခုထဲတွင် ရှောင်လန်၏ အကြောင်း မှတ်တမ်းတစ်ခုမှ မရှိသေးပေ။
၎င်းက သူမ ပျိုးထောင်ပေးလိုက်သောကြောင့် သန္ဓေပြောင်းလဲသွားတာမဖြစ်နိုင်ဘူး မဟုတ်လား။
ကျင်းယွင်ကျောင်းက အသားလုံးလေးကို လက်ဖြင့် တို့ကြည့်လိုက်ရာ ရှောင်လန်က စိတ်လှုပ်ရှားစွာဖြင့် နောက်ထပ် ချီစွမ်းအင် ထုတ်လွှတ်လိုက်သည်ကို မြင်လိုက်ရ၏။
သူမသည် ခုနက သူမ သွေးထွက်ခဲ့သည်ဟု ခပ်ဝါးဝါး အမှတ်ရသွားသည်။ အဲဒါကြောင့်များ ရှောင်လန်က ဒီလိုမျိုးဖြစ်သွားတာလား။
လတ်ဆတ်သောသွေးကြောင့်သာ မဟုတ်ပါက တစ်ခုတည်းသော အခြားအကြောင်းပြချက်မှာ ဝိညာဥ်ကျောက်စိမ်းအပိုင်းများပင် ဖြစ်လိမ်မည်။
ဤသည်မှာ ဘိုးဘေး ချန်ထားခဲ့သော ရတနာဖြစ်၏။ ဆေးပိုးကောင်လေးများ၏ ကိုယ်တွင်း၌ ပုန်းကွယ်နေသည့် စွမ်းအားဖြစ်စေသည့် အကျိုးကျေးဇူးတစ်ခုရှိနေသည်ဆိုပါက ၎င်းက မထူးဆန်းပေ။ အထူးသဖြင့် ခုနလေးက သူမ အပိုင်းနှစ်ပိုင်းကို တစ်ခါတည်း တိုက်ရိုက် စုပ်ယူပစ်လိုက်စဥ်ကပင်။ သူမ၏ သွေးကြောကို ဖြတ်၍ သူမ၏ သွေးထဲသို့ ဝင်သွားသော ထိုစွမ်းအားက ရှောင်လန် စုပ်ယူထားတာ ဖြစ်သည်။ ဤကဲ့သို့ ဖြစ်လာသော ဆင့်ကဲပြောင်းလဲမှုတစ်ခုသည် သေချာပေါက် ဖြစ်နိုင်ချေရှိသော အတိုင်းအတာအတွင်း၌ပင်။
ကျင်းယွင်ကျောင်းသည် အကျဥ်းချုပ်အား သဘောပေါက်သိရှိသွားပြီဖြစ်ကြောင်း သူမကိုယ်သူမပင် သတိမထားမိလိုက်။
ရှောင်လန်၏ ပုံပန်းသွင်ပြင်က ပြောင်းလဲသွားသော်လည်း ၎င်းသည် ဆေးပိုးကောင်းတစ်ကောင် ဖြစ်နေဆဲ ဖြစ်ပြီး အခြားပိုးကောင်များ အလုပ်လုပ်ရန် ဦးဆောင်ပေးခြင်းအတွက် တာဝန်ရှိနေဆဲပင်။ အခြားပိုးကောင်များ၏ ဖွံ့ဖြိုးနှုန်းသည် ကြီးကြီးမားမား တိုးတက်လာသည်မှာလည်း အတော်လေး သိသာ၏။
……
နွေရာသီကျောင်းပိတ်ရက် စတင်ပြီး ရက်အနည်းငယ် ကုန်ဆုံးသွားသောအခါ ကျင်းယွင်ကျောင်းသည် အဖိုးကန်နှင့်အတူ အပြင်လူနာလိုက်ကြည့်သည့် သူမ၏ နေ့ရက်များကို စတင်တော့သည်။
ခရိုင်ဆေးရုံ၏ စည်းမျဥ်းများသည် တင်းကြပ်ပြီး ဘက်လိုက်မှု မရှိပေ။ သို့ရာတွင် သီးသန့်ကုသမှုအတွက် အဖိုးကန်အား လာရှာကြသော လူနာအရေအတွက်မှာလည်း အတော်လေးများ၏။ ဆေးပညာအပေါ် သူမ၏ ကတိကဝတ်ထားရှိမှုကို မြင်သော လူကြီးများသည်လည်း သူမအား အဖိုးကန်နှင့်အတူ ခေါ်လာမည့် အကြံကို မငြင်းဆန်ကြပေ။ သူက လူများအား သူမကို သူ၏ မြေးမလေးဟုသာ ပြောပြထားသည်။
ဤသည်မှာ ကျင်းယွင်ကျောင်းနှင့် အဖိုးကန် လူနာအိမ်တစ်အိမ်သို့ အတူသွားကြသည့် ပထမဆုံးအကြိမ်မဟုတ်တော့၊ ၎င်းက ပုံမှန်လုပ်ရိုးလုပ်စဥ် ဖြစ်လုနီးပါးပင်။
"လုံမလေး ယွင်ကျောင်း၊ ဒီတစ်ကြိမ်တော့ ငါ မင်းကို လူနာကိုတစ်ချက်ကြည့်ခွင့်ပေးတော့မယ်"
သူတို့ လမ်း၌ ရှိနေစဥ်တွင် အဖိုးကန်က ကြိုတင်၍ ပြောပြလာ၏။
သူ၏ မျက်ခုံးများက အနည်းငယ် တွန့်ချိုးနေပြီး မျက်နှာပေါ်ရှိ အရေးအကြောင်းများက ယခင်ကထက်ပင် ပို၍ သိသာနေကာ သူ၏ စိတ်ထဲတွင် စိုးရိမ်မှုများ ပြည့်နေသည့်အလားပင်။ ကျင်းယွင်ကျောင်းသည် သူ အဘယ်ကြောင့် ဤသို့ ဖြစ်နေသည်ဆိုသော အကြောင်းပြချက်အတွက် အနည်းငယ် မျက်စိလည်သွား၏။ အကြောင်းမှာ အဖိုး၏ ဆေးပညာစွမ်းရည်များသည် အတော်လေး ကောင်းမွန်သောကြောင့်ပင်၊ ထို့အပြင် သူတို့က အိမ်သို့ပင့်သည့်အခါတိုင်း သူသည် အမြဲတမ်း ကိုယ့်ကိုကိုယ်ယုံကြည်မှုများ ဖိတ်လျှံကျနေတတ်သည်။ သူ၏ ပုံမှန်စိတ်နေစိတ်ထားနှင့် နှိုင်းယှဥ်ပါက သူ၏ လက်ရှိပုံစံသည် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေ၏။
"အဖိုးကန်၊ လူနာရဲ့ အခြေအနေက အရမ်းဆိုးလို့လား"
ကျင်းယွင်ကျောင်းက မနေနိုင်တော့ဘဲ မေးလိုက်သည်။
အဖိုးက ခေါင်းယမ်းလိုက်၏။
"အဲလိုမဟုတ်တာ အသေအချာပဲ၊ အဲဒါက....ဟူး၊ မင်း ခဏနေရင် သိပါလိမ့်မယ်"
မူလက သူသည် ဤတစ်ကြိမ်၌ ကလေးမလေးကို သူနှင့်အတူ မခေါ်ခဲ့ချင်သော်လည်း သူမသည် သမားတော်တစ်ယောက် ဖြစ်လာရန် ဆန္ဒပြင်းပြနေကတည်းက သူမတွင် စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုများရှိရန် လိုအပ်သည်။ ကမ္ဘာပေါ်ရှိ လူနာတိုင်းသည် တမူထူးခြား၏။ ပြင်းထန်သော အပြုအမူများနှင့် လူနာများလည်း ကင်းမဲ့မနေပေ။