Chapter 168 : ခွေးလေခွေးလွင့်
ကျင်းယွင်ကျောင်းက သူမကို အထင်သေးစွာ ကြည့်လိုက်သည်။ ချောင်ဟုန်ယဲ့၏ မုန်းတီးစက်ဆုပ်သော အကြည့်များအောက်တွင် သူမသည် ထန်ကျစ်ဟွားအား သွေးခုန်နှုန်း စမ်းရန်အတွက် သူမ၏ အခန်းထဲသို့ သွားရန် ပြောလိုက်သည်။ ဤနေရာ၌ ချောင်ဟုန်ယဲ့၏ ပူဆွေးဝမ််းနည်းစွာ အော်ဟစ်သံများကိုသာ ကြားနေရသောကြောင့်ပင်။ သူမသည် ရူးနှမ်းနေပုံရပြီး အိမ်ရာတစ်ခုလုံးရှိ ကလေးများကပါ ကြောက်ရွံ့၍ ငိုကြွေးကုန်ကြသည်အထိပင်။ စူးချူက သူမအား တစ်ချက်ကြည့်လိုက်ပြီး ခြောက်လှန့်ရန် ကြိုးစားလိုက်သည်။
"ငါ နင် ဒီမှာ ရောက်နေတယ်ဆိုတာကို အရာရှိတွေကို သွားပြောတော့မယ်"
စက္ကန့်ပိုင်းအတွင်းမှာပင် ချောင်ဟုန်ယဲ့သည် အဝေးသို့ သုတ်သုတ်ပျာပျာ ပြေးသွားတော့၏။
သူမက ကျင်းယွင်ကျောင်း မက်ဆေ့ချ်ပို့နေသည်ကို မြင်ခဲ့ရသော်လည်း ပို့နေသည့် အကြောင်းအရာကိုတော့ မသိချေ။ ထို့ကြောင့် သူမသည် ကျင်းယွင်ကျောင်း ရဲခေါ်ပြီး၊ မပြီးကို အမှန်ပင် မသိခဲ့။
ထို့ကြောင့် ဤအခိုက်တွင် သူမသည် စိုးရိမ်မှုနှင့်ကြောက်ရွံ့မှု နှစ်ခုစလုံးကို ခံစားခဲ့ရသော်လည်း ဘာလုပ်ရမှန်း မသိ။
ထွက်ပြေးရမည်လား။ သူမတွင် ပိုက်ဆံမရှိပေ၊ ထို့အပြင် သူမသည် ငယ်ရွယ်သေးသည်။ ယခု သူမသည် ဟွားနင်ခရိုင်မှ ထွက်ပြေးပါက သူမ၏ အနာဂတ်လမ်းကြောင်းသည် တောက်ပနေသော မျှော်လင့်ချက်များနှင့် လမ်းတစ်လမ်း မဖြစ်နိုင်တော့။
ကောင်းရှင်းကို ရှာလျှင်ရော။ ချောင်ဟုန်ယဲ့က သူမ၏ ခေါင်းကို ထပ်မံ၍ ခါယမ်းလိုက်သည်။ မသေချာပေ။ ကောင်းရှင်းက အကာအကွယ်ပေးလိမ့်မည် ဖြစ်သော်လည်း သူတို့နှစ်ယောက်လုံးအား တစ်ပြိုက်နက် ဖမ်းမိသွားပါက သူမကိုယ်သူမ ကာကွယ်ရန် အခွင့်အရေးကိုပင် ဆုံးရှုံးသွားလိမ့်မည်။ အချိန်ခဏကြာအောင် တွေးပြီးနောက် ချောင်ဟုန်ယဲ့သည် ကျောင်းသို့ ပြန်ရန်သာ ဆုံးဖြတ်လိုက်၍ ကျင်းယွင်ကျောင်းက သူမကို ခြောက်လှန်ရုံသာ ဖြစ်ပါစေဟု မျှော်လင့်ခဲ့သည်။
ညဆယ်နာရီထိုးသောအခါ ချောင်ဟုန်ယဲ့သည် ကျောင်းအိပ်ဆောင်သို့ ပြန်လာခဲ့၏။ ဤနေရာရှိ မိန်းကလေးတိုင်းသည် သူမအား အလွန်အမင်း ရွံမုန်းကြသော်လည်း သူမက ထိုလူများ ဘာတွေးနေသည်ဆိုတာကို ဂရုမစိုက်တော့ဘဲ အိပ်ရာထဲ၌သာ လူးလိမ့်နေခဲ့၏။
သန်းခေါင်ယံအချိန်ဖြစ်သည်။ မိန်းကလေးအဆောင်သည် တံခါးခေါက်သံများကြောင့် လန့်နိုးလာကြသည်။ ဆရာမတစ်ယောက်သည် ရဲများနှင့်အတူ ပူးပေါင်း၍ လူအုပ်ကြီး၏ အာရုံစိုက်မှုအောက်မှာပင် ချောင်ဟုန်ယဲ့အား ခေါ်ဆောင်သွားကြတော့၏။
ထို ဆရာ၊ ဆရာမများအား ရဲများက သူတို့၏ တာဝန်အရ အခြေအနေနှင့် ပတ်သတ်၍ မေးခွန်းအနည်းငယ်သာ မေးသော်လည်း ဤရိုးရှင်းသော အခိုက်အတန့်ကပင် သူတို့အား ကြောက်ရွံ့ထိတ်လန့်စေလေသည်။
နောက်နေ့ မနက်တွင် သတင်းက တစ်ကျောင်းလုံးကို ပြန့်သွားပြီဖြစ်၏။ ချောင်ဟုန်ယဲ့၏ အတန်းပိုင်ဆရာဖြစ်သော ဆရာကျီသည် အလွန်အမင်း စိတ်မသက်မသာ ခံစားနေရသည်။
သူသည် ဆယ်စုနှစ်ပေါင်းများစွာ စာသင်ခဲ့ပြီး သူတာဝန်ယူနေစဥ်အတွင်း ရာဇဝတ်မှု ကျူးလွန်သူ တစ်ဦးတစ်ယောက်မှ မရှိခဲ့ဘူးချေ။ အထူးသဖြင့် အပေါ်ယံက အလွန်ယဥ်ကျေးသိမ်မွေ့ပြီး သန့်စင်သော မိန်းကလေးတစ်ယောက်က မကျူးလွန်ခဲ့ဖူးခဲ့။ ထို့အပြင် ချောင်ဟုန်ယဲ့၏ ရမှတ်များသည် မူလက အေခန်းကို ရရန် အဆင့်မမီပေ။ ၎င်းမှာ လုံးဝပင် ရင်းနှီးမြှုပ်နှံထားသော ဟယ့်မိသားစုကြောင့်သာ ဖြစ်ပြီး သူတို့သည် သူတို့၏ သမီးအတွက် သူမကို အေခန်းထဲသို့ ဆွဲသွင်းခဲ့သည်။ ထို့ကြောင့် သူတို့သည် အတန်းဖော်များ ဖြစ်လာကြသည်သာပင်။
ထိုအချိန်က သူသည် ဤမိန်းကလေး၏ အဆင့်များဟာ ယခင်က အတော်လေး ကောင်းခဲ့သည်ဟု တွေးခဲ့သောကြောင့် ခြွင်းချက်အနေဖြင့် လက်ခံပေးခဲ့သည်။ ၎င်းက ယနေ့၌ သူ၏ နှစ်ပေါင်းများစွာ ကောင်းမွန်လာသော ဂုဏ်သိက္ခာနှင့် ချီးမွှမ်းခံရခြင်းများအား ပျက်ဆီးသွားစေလိမ့်မည်ဟု မည်သူက သိမည်နည်း။
ချောင်ဟုန်ယဲ့နှင့်အတူ အဖမ်းခံရသူမှာ ငှားနေသော အခန်းမှ ကောင်းရှင်းဖြစ်၏။ ကောင်းရှင်းသည် ထောင်ထဲသို့ ပြန်ဝင်ရချိန်၌ ချောင်ဟုန်ယဲ့က တစ်ဖန်ပြန်၍ ဆန့်ကျင်ပြန်သောကြောင့် သူ၏ ရည်မှန်းချက်များအတိုင်း မဖြစ်ခဲ့ပေ။ သူမသည် ကောင်းရှင်းက သူမကို ခြိမ်းခြောက်ခဲ့သည်ဟု ထွက်ဆိုခဲ့ပြီး သူမ၏ ပြောင်မြောက်လှသော သရုပ်ဆောင်စွမ်းရည်ကိုပါ ဖော်ထုတ်ပြသကာ ဘုရားသခင်ရော လူသားများပါ ဒေါသထွက်သည်အထိ သူ့အား မတော်မတရား စွပ်စွဲခဲ့သည်။
ဤတစ်ကြိမ် အမှုစွပ်စွဲချက်သည် အလွန်ပြင်းထန်၏။
နစ်နာသူတစ်ဦးအနေဖြင့် ဟယ့်ကျားစစ်သည်လည်း ဆင့်ခေါ်ခံရသည်။
မိန်းကလေးနှစ်ဦးက အသက်မပြည့်သေးသော အချက်လည်းရှိ၏။ အထူးသဖြင့် ချောင်ဟုန်ယဲ့သည် ဆယ့်ခြောက်နှစ်ပင် မပြည့်သေးချေ။ (T/N: ချောင်ဟုန်ယဲ့က အားလုံးထက် တစ်နှစ် ငယ်ပါတယ်။) သက်ငယ်မုဒိမ်းမှုနှင့် ခြိမ်းခြောက်မှုဖြစ်၏။ ကောင်းရှင်းသည် ဤတစ်ကြိမ်၌ ခလုတ်အကြီးကြီး တိုက်မိခဲ့သည်မှာ အသေအချာပင်။
ဤကိစ္စအား အပြည့်အစုံ ကိုင်တွယ်ဖြေရှင်း၍ အပြီးသတ်ပြီးနောက်တွင်မူ အချိန်တစ်လကျော်ခန့် ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ မျှော်လင့်ထားသည့် အတိုင်းပင် ချောင်ဟုန်ယဲ့သည် အလိုအလျောက် ကျောင်းထွက်လိုက်ရ၏။
ကျောင်းဝန်းအပြင်ဘက်တွင် ဟယ့်မိသားစု၏ ကားက အချိန်အတော်ကြာအောင် စောင့်ဆိုင်းနေသည်။ သို့သော် ဤတစ်ကြိမ်၌ ကွာခြားသည်မှာ သူတို့သည် သူတို့၏ ယာဥ်မောင်းကို သာမန်လူတစ်ယောက်အား ပြောင်းလိုက်ပြီဖြစ်၍ သူတို့၏ ကားမှာလည်း တန်ဖိုးနည်းသွား၏။ စင်စစ် သူမသည် လက်ထပ်ပြီး ထန်မိသားစုအတွင်းသို့ ဝင်ရောက်ရန် အခွင့်အရေးမရှိတော့သောကြောင့် ဟယ့်မိသားစု၏ နှလုံးသားသည်လည်း အလွန် မသက်မသာ ခံစားနေရသည်။ ပြောဆိုဆက်ဆံရာ၌ ကွာခြားမှုအချို့ အနည်းနှင့်အများရှိလာလိမ့်မည် ဖြစ်သောကြောင့်ပင်။
"ချောင်ဟုန်ယဲ့၊ သေချာပေါက် နင်က တစ်ခုခုပဲ"
ဟယ့်ကျားစစ်က သူမနှင့်အတူ တစ်ချိန်တည်း ထွက်ခွာလာသော ချောင်ဟုန်ယဲ့အား ကြည့်နေပြီး သူမ၏ မျက်လုံးများတွင် မုန်းတီးစက်ဆုပ်မှုများက အိုင်ထွန်းနေသည်။
ချောင်ဟုန်ယဲ့သည် လမ်းလျှောက်နေသော အလောင်းကောင် တစ်ကောင်နှင့်ပင် တူနေသည်။ သူမ၏ မျက်နှာနှင့် ခန္ဓာကိုယ်တွင် ဒဏ်ရာများနှင့် ဖုံးလွှမ်းနေပြီး ထိုအရာများအားလုံးသည် ချောင်ဝေ့မင် လုပ်ထားခြင်းပင်၊ ချောင်ဝေ့မင်၏ သဘောထားသည် ဤမမလေးဟယ့်အပေါ်တွင် လုံးလုံးလျားလျား မူတည်နေ၏၊
"ဟယ့်ကျားစစ်၊ ငါ နင့်ကို အမှားလုပ်ခဲ့တာ ငါဝန်ခံပါတယ်။ ဒါပေမယ့် အဲဒီဓါတ်ပုံတွေကို ရဲတွေဆီပို့တာက တကယ်ပဲ ငါလုပ်ခဲ့တာလို့ နင် ထင်နေတာလား။ ငါက ငါ့အတွက် ငါကိုယ်တိုင် ကျင်းတစ််ကျင်း တူးရလောက်တဲ့အထိ မတုံးအ,ဘူး။ ဒါတွေ အားလုံးကို ကျင်းယွင်ကျောင်းက လုပ်ခဲ့တာ။ ဘယ်လောက်တောင် သနားစရာကောင်းလဲ၊ ငါ့အပြင် နင်နဲ့ ချမ်းသာတဲ့ နင့်မိသားစုကပါ တကယ်ပဲ သူတောင်းစားမ တစ်ယောက်ကိုတောင် အနိုင်မယူနိုင်ဘူး။ ပြီးတော့ နင်ဆိုရင် ခွေးလေခွေးလွင့်တွေလို နင်းမြို့တော်ကို ကမူးရှူးထိုး ပြန်ပြေးရတာ။ ဝမ်းနည်းစရာ ကောင်းလွန်းလိုက်တာနော်"
ချောင်ဟုန်ယဲ့၏ အကြည့်များက သူမစကားပြောနေသည့်အသံလိုပင် အေးစက်နေပြီး၊ ဆက်လက်၍ ဟန်ဆောင်နေရမည်ကိုပင် ပျင်းလွန်းနေခဲ့ပုံရလေတော့သည်။