Chapter 164 : အရေထူခြင်း
ထန်ကျစ်ဟွားသည် အားကစားဝတ်စုံကို ဝတ်ဆင်ထားပြီး သူသည် ဤလမ်းကြောင်းနှင့် အလွန်ရင်းနှီးနေပုံပေါ်သည်။ တစ်ချက်ကြည့်ရုံနှင့်ပင် ၎င်းမှာ သူ ဤနေရာသို့လာသည့် ပထမဆုံးအကြိမ် မဟုတ်ကြောင်း လူတိုင်း ပြောနိုင်လိမ့်မည်။
ချောင်ဟုန်ယဲ့၏ မျက်လုံးများက ထိုမြင်ကွင်းအား တည့်တည့် စိုက်ကြည့်နေသည်။ တစ်ခဏအတွင်းမှာပင် သူ့အား အော်ခေါ်မိလိုက်၏။
"ထန်ကျစ်ဟွား လား"
အခေါ်ခံလိုက်ရသောသူသည် တုံ့ဆိုင်းသွား၍ လှည့်ကြည့်လိုက်ရာ ညမြူခိုးများကို ဖြတ်၍ သူ့အား စိုက်ကြည့်နေသော မျက်လုံးတစ်စုံကို မြင်လိုက်ရ၏။ ထိုမိန်းကလေးသည် နူးညံ့ပါးလွှာသော ပန်းရောင်စကတ်အတို တစ်ထည်ကို ဝတ်ဆင်ထားသည်။ သူမ၏ ဆံပင်အရှည်ကြီးက သူမ၏ ပခုံးများကို ကျော်၍ ကျနေပြီး မျက်နှာသည် နစ်နာမှုအချို့ကို ခံစားနေရသည့်အလား အနည်းငယ် ညှင်းသိုးသိုး ဖြစ်နေ၏။
"နင် ဒီမှာ ဘာလုပ်နေတာလဲ"
ထန်ကျစ်ဟွားက မေးလိုက်သည်။ သူ ပဟေဠိဖြစ်နေလေ၏။
သူ ကျောင်းပြောင်းလာသည်မှာ မကြာသေးသော်လည်း ကျင်းယွင်ကျောင်းနှင့် ချောင်ဟုန်ယဲ့တို့သည် တစ်ယောက်၏ တည်ရှိမှုကို တစ်ယောက် သည်းခံနိုင်ဘဲ ထိုနှစ်ယောက်က ညီအစ်မအရင်းများလည်း မဟုတ်ကြသည်ကို သူ သိထားပြီးဖြစ်၏။ ယခုအချိန်တွင် ချောင်ဟုန်ယဲ့က ဤပတ်ဝန်းကျင်၌ ထွက်ပေါ်လာရာ သူသည် နောက်ဆက်တွဲ အကျိုးဆက်များကို မကြောက်မိဘဲ မနေနိုင်ပေ။
ယခုကာလတွင် ကျောင်းသားအများစုက ချောင်ဟုန်ယဲ့အား မကြိုက်ကြ။ သူမ၏ ကိုယ်ပိုင်ဘဝက အလွန်ရှုပ်ထွေးသည်ဟု အခြားသူများက ပြောကြသည်ကိုပင် သူကြားဖူး၏။ ထိုကဲ့သို့သော စကားများသည် ချောင်ဟုန်ယဲ့ ကဲ့သို့ မိန်းကလေးတစ်ယောက်ကို အလွန်အန္တရာယ် ဖြစ်စေသော်ငြားလည်း သူမသည် လူများအား မသက်မသာဖြစ်စေသည်ဟု သူ အမြဲတမ်း ခံစားနေရကြောင်းကို ဘုရားသာ သိိသည်။
ချောင်ဟုန်ယဲ့သည် ခဏမျှ ဗျာများနေပြီးနောက် သူမ၏ အမူအယာများကို ပြန်ထိန်းလိုက်၍ ချက်ချင်းပင် လုပ်ဇာတ်ကို စတင်လိုက်၏။
"ငါ...ငါ ဒီကို ငါ့အဖေ အစား မမကို တောင်းပန်ဖို့ လာတာပါ"
ထန်ကျစ်ဟွားသည် ရုတ်ချည်းပင် ကူကယ်ရာမဲ့စွာ ခံစားလိုက်ရသည်။
နောက်ဆုံး၌ သိမ်မွေ့သော ပုံစံရှိသည့် ချောင်ဟုန်ယဲ့အား သူ သဘောမကျရသည့်အကြောင်းအား သူ နားလည်သွား၏။
သူမသည် အပိုတွေလုပ်လွန်းသည်။
သူသည် ယခင်က ဤကဲသို့ပုံစံမျိုး မိန်းကလေးများစွာကို မြင်ဖူး၏။ နှစ်တိုင်း ထန်မိသားစုက ကျင်းပသော စုဝေးပွဲများ သို့မဟုတ် သူဖိတ်ကြားခံရသည့် အခြားစုဝေးပွဲများ၌ မပြတ်လပ်သည့် အရာတစ်ခုမှာ ဤကဲသို့ပုံစံမျိုး မိန်းကလေးများပင်။ သူတို့သည် သိသိသာသာပင် ကျန်းမာသော ခန္ဓာကိုယ်များ၊ လှပသော ရုပ်ရည်သွင်ပြင်များနှင့် သူတို့၏ မိသားစုများ၏ တုန်နေအောင် အချစ်ခံရခြင်းများကို ရရှိကြသော်လည်း သူတို့သည် အမြဲတမ်း ကြီးကြီးမားမား နစ်နာမှုအချို့ကို ခံစားနေရသည့်ပုံနှင့် တူ၏။
သူတို့သည် လူတိုင်းက သူတို့အား တစ်ခုခု အကြွေးတင်နေသည့်အလား သူတို့၏ ဘဝသည် မည်မျှဝမ်းနည်းစရာကောင်းကြောင်း၊ သနားစရာကောင်းကြောင်းကို တစ်ကမ္ဘာလုံးအား ပြောပြရန် ကြိုးစားနေပုံနှင့် တူသည်။ သို့သော် လက်တွေ့တွင်ရော။ သူတို့သည် အခြားသူများ၏ ကရုဏာနှင့် ကာကွယ်ပေးမှုများကို ရရှိရန်အတွက် ဤအနေအထားကို အမြဲတမ်း အသုံးပြုလေ့ရှိ၏။
(T/N : ပန်းနုသွေး)
ထို့ကြောင့် ဤကဲသို့ပုံစံမျိုး မိန်းကလေးများနှင့် နှိုင်းယှဥ်ပါက အပြန်အလှန်အားဖြင့် မာနကြီး၍ ပလွှားသော မိန်းကလေးများက ပို၍ သဘာဝကျသည်ဟု သူ ခံစားရသည်။
ကျင်းယွင်ကျောင်းနှင့် ရှောင်ဟိုင်ချင်းကဲ့သို့ လူစားမျိုးဖြစ်၏။
တဲ့တိုးဆန်၍ ပွင့်လင်းသည်။ သူတို့နှင့် စကားပြောလျှင် သူတို့၏ စကားလုံးများ၌ ကွယ်ဝှက်ထားသော အဓိပ္ပါယ်များ ရှိနေမည်လားဟု သူ တွေးနေစရာ မလိုပေ။
ထန်ကျစ်ဟွား၏ အကြည့်များက လေးနက်သွားသည်။
"သူက နင့်ရဲ့တောင်းပန်တာကို မလိုဘူးလို့ ငါထင်တယ်"
သူက ပြောပြီးသည်နှင့် ချောင်ဟုန်ယဲ့အား တစ်ချက်ကြည့်လိုက်၍ ခေါင်းကို မသိမသာ ယမ်းလိုက်ပြီးနောက် အပေါ်ထပ်သို့ တက်သွားတော့၏။
ချောင်ဟုန်ယဲ့သည် အလွန်ပင် လက်မလွှတ်နိုင်ဖြစ်နေသည်။ သူမသည် သူမ၏ သတ္တိကို စုစည်းလိုက်ပြီး သူ၏ နောက်မှ လိုက်ပါသွား၍ စူးချူ တံခါးဖွင့်လိုက်သည့်အခိုက်တွင် အခန်းထဲသို့ ကမူးရှူးထိုးပြေးဝင်သွားတော့၏။
သို့ရာတွင် သူမ တံခါးဝကိုကျော်၍ ခြေတစ်လှမ်းချမိသည်နှင့် မနာလိုမှုများက သူမအား လွှမ်းခြုံသွားသည်။ တိုက်ခန်းသည် ကျယ်ဝန်း၍ အိပ်ခန်းသုံးခန်းနှင့် ဧည့်ခန်းတစ်ခန်းရှိပြီး အလွန်သန့်ရှင်းနေ၏။ ခပ်ဖျော့ဖျော့ မွှေးရနံ့တစ်ခုက တိုက်ခန်းတစ်လျှောက် ပျံ့လွှင့်နေပြီး စာအုပ်ပုံအမျိုးမျိုးက နေရာအနှံ့ ရှိနေသည်။
ကျင်းယွင်ကျောင်းက ဘယ်လောက်တောင် ကံကောင်းလိုက်သလဲ။ သူမသည် ထန်ကျစ်ဟွားနှင့်လည်း ကောင်းမွန်သော ဆက်ဆံရေးရှိ၍ စူးချူနှင့် ကန်ကျင်းချန်ကဲ့သို့ ပြီးပြည့်စုံ အဆင့်အတန်းရှိသည့် တစ်အိမ်တည်းနေဖော်နေဖက် နှစ်ယောက်ကိုပင် ရှာနိုင်သေး၏။
ယခု ကျင်းယွင်ကျောင်း၏ ဘဝသည် သူမ စိတ်ကူးယဥ်လေ့ရှိသော ဘဝမျိုးပင်။
စူးချူသည် ချောင်ဟုန်ယဲ့ကို မြင်သည်နှင့် သရဲတွေ့သကဲ့သို့ စူးစူးဝါးဝါး အော်ဟစ်လိုက်၏။
"ချောင်ဟုန်ယဲ့၊ နင် ဒီကို ဘာလာလုပ်တာလဲ။ ငါတို့နေရာက နင့်ကို မကြိုဆိုဘူး"
ချောင်ဟုန်ယဲ့က ခေါင်းငုံ့လိုက်ပြီး သူမ၏ မျက်လုံးများက နီရဲနေသည်။ သူမက နှုတ်ခမ်းကိုက်လိုက်ကာ စူးချူအား ဂရုတစိုက် ကြည့်လိုက်၏။
"ငါ ဘာအမှားလုပ်မိလို့ နင်တို့တွေက ငါ့ကို ဒီလောက် ရက်ရက်စက်စက် ဆက်ဆံဖို့ လိုနေတာလဲ။ အစ်ကိုကျစ်ဟွားတောင် လာနိုင်သေးရင် ငါက ဘာလို့ မရတာလဲ။ ဒါ့အပြင် ငါ ငါ့မမကို စိတ်ရင်းနဲ့ တောင်းပန်ဖို့ ဆန္ဒရှိလို့။ ငါက သူ့ရဲ့အာရုံစိုက်မှုကို ခိုးမလို့မဟုတ်ပါဘူး။ ပြီးတော့ အနာဂတ်မှာလည်း သူ့ကို ထပ်ပြီးတော့ မပျော်မရွှင် ဖြစ်အောင် မလုပ်တော့ပါဘူး"
ယနေ့ ချောင်ဟုန်ယဲ့သည် ပုံမှန်ထက် အဆပေါင်းများစွာ မတရား ခံခဲ့ရ၏။ အထူးသဖြင့် သူမ၏ ကိုယ်ရော စိတ်ပါ ပျက်စီးသွားခဲ့သောကြောင့် သူမ၏ ငိုကြွေးမှုမှာ အလွန်အမင်း စစ်မှန်နေ၏။ သူမ၏ မျက်ရည်များက တရဟော စီးကျနေပြီး စူးချူကိုပင် လက်တွေ့ ကြောင်အမ်းသွားစေသည်။
ကျန်ကျင်းချန်က မျက်မှောင်ကြုတ်လိုက်ပြီး ထန်ကျစ်ဟွားအား အပြစ်တင်သော အကြည့်ဖြင့် ကြည့်လိုက်၏။
ထန်ကျစ်ဟွား ထပ်မံ၍ ကူကယ်ရာမဲ့ ဖြစ်သွားပြန်သည်။ ချောင်ဟုန်ယဲ့သည် အလွန် အရေထူ၍ အမှန်တကယ် သူ့ နောက်မှ ဇွတ်လိုက်ဝင်ရဲလိမ့်မည်ဟု မည်သူက ထင်မည်နည်း။