Chapter 163 : မင်းသမီးနှင့် သူမ၏အစေခံ
ချောင်ဝေ့မင်၏ ခြေထောက်များမှာ တုန်ယင်နေကြသည်။ ကျင်းယွင်ကျောင်းဆီမှ တစ်ချက်အကန်ခံရရုံနှင့်ပင် သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက ဘောလုံးတစ်လုံးကဲ့သို့ လိမ့်သွား၏။ သူ၏ မျက်လုံးများထဲတွင် ဒေါသများ ထင်ဟပ်သွားသော်လည်း ချက်ချင်း ပြန်သတိရလိုက်ရ၍ သူ လှုပ်တောင် မလှုပ်ရဲတော့ချေ။
ဤကမ္ဘာပေါ်တွင် ကိစ္စများကို ဥပဒေစည်းမျဥ်းများအရ မလုပ်သော ယောက်ျားတစ်ယောက် ရှိနေသည်ကို သူ လွယ်လွယ် မယုံကြည်နိုင်သေးချေ။
ထိုလူက သူ့အား ကားတစ်စီးပေါ်၌ လက်များကို ကြိုးနှင့်တုတ်ကာ သတိမပေးဘဲ အားပြင်းပြင်းနှင့် ရိုက်တော့သည်။ သူ၏ ကိုယ်ပေါ်သို့ ကျလာသော ထိုလက်သီးချက်သည် ဓါးနှင့်ထိုးသည်ထက်ပင် ပို၍ နာပြီး ထိုလက်သီးနောက်တွင် ကျင်းပေါင်း သောင်းနှင့်ချီသော ကျောက်တုံးများရှိနေသလိုပင်။ သူသည် အသက်မရှုနိုင်လောက်အောင်ပင် အရိုက်ခံလိုက်ရသည်။ သူက စတင်ပြီး ငယ်သံပါအောင် အော်ဟစ်လိုက်၍ ထိုလူသည် သူ့အား မတော်တတ သတ်မိမည်ကို စိုးရိမ်သွားလိမ့်မည်ဟု တွေးလိုက်သော်လည်း တစ်ဖက်လူက လုံးဝ စိုးရ်ိမ်မှုမရှိသည်ကို မည်သူ သိမည်နည်း။ ထို့အပြင် သူတို့၏ ဘေးမှလူများကလည်း ရယ်ပင် ရယ်မောနေကြ၍ အကယ်၍ သူတို့က သူ့အား အမှန်တကယ် သတ်ခဲ့လျှင်တောင်မှ မည်သူကမှ သူ၏ ခေါင်းကို သူ့အတွက် ဂရုစိုက်ပေးနေလိမ့်မည် မဟုတ်ပေ။
ထိုလူ့ထံမှ သတ်ချင်ဖြတ်ချင်စိတ်များ ထွက်ပေါ်နေသည်ကို သူ သိသိသာသာပင် ခံစားနေရသည်။ ထိုအခိုက်တွင် အာဆူရာ၏ ရှေ့၌ သူကိုယ်တိုင် ရောက်နေသည့်အလားပင်။ ထိုလူ့ထံမှ ထွက်ပေါ်လာသည့် အအေးလှိုင်းများကိုလည်း ခံစားခဲ့ရ၏။ ဤကဲ့သို့သော နှိပ်စက်ညှင်းပန်းခြင်းမျိုးက သူ၏ နှလုံးသားအား တုန်လှုပ် ကြောက်ရွံ့သွားစေသည်။
(T/N : အာဆူရာဆိုတာ အိန္ဒိယဒဏ္ဍာရီထဲက နတ်မင်းတစ်ပါးပါ)
ယခုအချိန်၌ပင် ထိုလူက သူ၏ လည်ပင်အား တင်းတင်းကြပ်ကြပ် ညှစ်ထားသကဲ့သို့ သူ၏ စိတ်ကလည်း ကျဥ်းထဲကျပ်ထဲ ကျနေ၍ မွန်းကြပ်နေဆဲပင်။
ချောင်ဝေ့မင်၏ အကြောက်လွန်၍ ကျုံ့ကျုံ့လေးဖြစ်နေသော ပုံစံက ကျင်းယွင်ကျောင်းအား စိတ်ကျေနပ်လန်းဆန်းခြင်းများကို ဆက်တိုက် ခံစားရစေသည်။
"ယွင်ကျောင်း၊ ဘယ်အချိန်ကတည်းက နင် ဒီလောက် လေးစားချင်စရာ ကောင်းနေတာလဲ"
ကျင်းယွင်ကျောင်းအား ကြည့်နေသော ရှောင်ဟိုင်ချင်း၏ အကြည့်များမှာ လုံးဝ ပြောင်းလဲသွားပြီး သူမအား ကိုးကွယ်ခံပလ္လင်တစ်ခုပေါ်၌ တင်၍ ကြည်ညိုချင်လုနီးပါးပင်။
စူးချူကမူ ပို၍ပင် ပုံကြီးချဲ့သေးသည်။ သူမ၏ မျက်လုံးလေးများတွင် အသည်းပုံလေးများနှင့် ပြည့်နေပြီး ကျင်းယွင်ကျောင်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုချင်းစီတိုင်းကို လေ့လာနိုင်ရန် ဆုတောင်းနေသည့်အလားပင်။
"သူက ခုနတုန်းကထက် အတန်းထဲတုန်းက ပိုတောင်မိုက်တယ်လို့ ကျွန်မတော့ ထင်နေတုန်းပဲ၊ နင်တို့ အခြားအတန်းဖော်တွေရဲ့ အမူအယာတွေကို မမြင်ခဲ့ဖူးလား။ အရမ်းစိတ်လှုပ်ရှားနေကြတာ။ အိုး...ဟုတ်သားပဲ။ ကျီသာ့ယုံး ကတောင် နောက်ပိုင်းကျ ပြောင်ကျဲက အိမ်မှာလည်း လူတွေကို ရိုက်နေမလားဆိုပြီး မေးနေသေးတယ်။ အစ်မရဲ့ခြေထောက်တွေက သွက်လက်လွန်းလို့တဲ့၊ အစ်မက ရှောင်လင်ကျောင်းမှာ လေ့ကျင့်လာခဲ့တာလားတဲ့။ အဲဒီအကြောင်းကို စဥ်းစားလိုက်တိုင်း ကျွန်မ အူတက်နေတာ"
ကျီသာ့ယုံးသည် သူတို့အတန်း၏ ကိုယ်စားပြုဖြစ်၍ ဆရာကျီ၏ တူလည်း ဖြစ်သည်။ ဆရာကျီရှေ့၌ သူသည် မယုံကြည်နိုင်လောက်ပင် နာခံမှုရှိ၏။ များသောအားဖြင့် သူသည် ဖြောင့်မှန်၍ ရိုးစင်းသည့် လူတစ်ယောက်ဖြစ်သော်လည်း သူ၏ အဆင့်များက မဆိုးလှကာ ရှန်းရှဝတ္ထုများ၏ ဖန်အကြီးစားတစ်ယောက် ဖြစ်သည်။ သူသည် မကြာခဏပင် အခြားယောက်ျားလေးအုပ်စုနှင့် တိုက်ကွက်များအကြောင်းကို ဆွေးနွေးလေ့ရှိသော်လည်း ရမ်းသမ်းခန့်မှန်းချက်များသာ ဖြစ်၏။
စူးချူ၏ မျက်လုံးထဲတွင်မူ ကျင်းယွင်ကျောင်း၏ ယခင် လုပ်ဆောင်ချက်များနှင့် နှိုင်းယှဥ်ပါက ထိုဟာများသည် စိတ်ကူးယဥ်များသာဖြစ်၍ လက်တွေ့မဆန်သော အရာများသာ ဖြစ်သည်။
"နင် ကိုယ်ခံပညာတွေကိုလည်း အဲ့ဒီလူထူးဆန်း အဖိုးဆီကနေပဲ သင်ခဲ့တာလား"
ရှောင်ဟိုင်ချင်းက မေးလိုက်ပြီး မျက်နှာတွင် အတင်းအဖျင်းပြောချင်စိတ်များ ပြည့်နေ၏။
ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်သည်။
ရှောင်ဟိုင်ချင်း၏ မျက်လုံးအစုံက တောက်ပသွား၏။ သူမ ကျင်းယွင်ကျောင်းအား ကြည့်ပုံကြည့်နည်းမှာ ရုပ်ရှင်ထဲမှ အမျိုးသမီးဇာတ်လိုက်အား ကြည့်နေသည့်အလားပင်။
ကန်ကျင်းချန်နှင့် စူးချူသည်လည်း ဤလူထူးဆန်းအဖိုး၏ အကြောင်းကို များများစားစား မသိကြသောကြောင့် သူတို့သည် ထိုအကြောင်းအား ကြားလိုက်သည်နှင့် စိတ်ဝင်စားလာကြပြီး ကျင်းယွင်ကျောင်းကို သူတို့အား အရာအားလုံး အသေးစိတ် ပြောပြခိုင်းတော့သည်။
သို့သော် နေရာလွတ်နယ်မြေမှ အဖိုးအို၏ အကြောင်းကို ပြန်တွေးသည်နှင့် ကျင်းယွင်ကျောင်း၏ နှလုံးသားက ယောက်ယက်ခတ်သွား၏။ တစ်ဖက်လူက သူမအား သူသည် သူမ၏ ဘိုးဘေးဖြစ်ကြောင်း ပြောခဲ့သော်လည်း ယခုအချိန်ထိတိုင်အောင်ပင် သူမ၏ မိဘအရင်းများက မည်သူများ ဖြစ်ဆိုသည်အား သူမ မသိသေးချေ။
သူမ၏ မိဘအရင်းများ ဆုံးပါးသွားပြီဖြစ်ပါက အခြားဆွေမျိုးများ ရှိနေသင့်သေးသည် မဟုတ်လား။ ထိုအချိန်က သူမသည် အဘယ်ကြောင့် လမ်းပေါ်တွင် အစွန့်ပစ်ခံရခြင်းနှင့် အဆုံးသတ်ခဲ့ရသနည်း။ အကယ်၍ သူတို့နှင့် အနာဂတ်တွင် တွေ့ဆုံပါက သူမ သူတို့နှင့် မျက်နှာချင်းဆိုင်သောအခါ မည်သည့်စိတ်ထားမျိုး ထားသင့်သနည်း။
ကျင်းယွင်ကျောင်း၏ စိတ်သည် ရှုပ်ထွေးသွားသော်လည်း အချိန်အနည်းငယ် ကုန်ဆုံးပြီးနောက် သူမသည် သူမကိုယ်သူမ လှောင်ပြောင်လိုက်မိသည်။ ယခုအချိန်၌ ထိုအကြောင်းများအားလုံးကို စဥ်းစားနေခြင်းက အနည်းငယ် စောလွန်းနေသေးသည်လေ။
ဖြစ်ချိန်တန်လျှင် အလိုလို ဖြစ်လာခွင့်ပေးထားသ၍ အရာအားလုံးက အဆင်ပြေလိမ့်မည်။
ပုံမှန်အတိုင်းပင် ကျင်းယွင်ကျောင်းသည် တိုက်ခန်းသို့ ပြန်လာခဲ့၏။ သို့ရာတွင် သန်းခေါင်ယံအချိန်၌ မျက်လုံးအစုံက ကျင်းယွင်ကျောင်း၏ အခန်းတည်နေရာအား မျက်စိမလွှဲဘဲ စူးစူးစိုက်စိုက် ကြည့်နေပြီး၊ ထိုမျက်လုံးအစုံမှ မုန်းတီးမှုများက ကောင်းကင်ဘုံထိအောင်ပင် ဖိတ်လျှံကျနေသည်။
ချောင်ဟုန်ယဲ့သည် ကောင်းရှင်းထံ၌ အဓမ္မပြုကျင့်ခံခဲ့ရသည်ကို ပြန်သတိရတိုင်း သူမ၏ နှလုံးသားကို ပုရွက်ဆိတ် ထောင်ပေါင်းများစွာက တစ်သုတ်ပြီး တစ်သုတ် ကိုက်ဖဲ့နေသည့်အလား ခံစားရ၏။ နာကျင်လွန်းသဖြင့် သူမ အသက်ပင် မရှင်ချင်တော့ချေ။ ထိုအရာများအားလုံးသည် ကျင်းယွင်ကျောင်းကြောင့်သာ ဖြစ်သည်။ ကျင်းယွင်ကျောင်းက ကောင်းရှင်းအား မိအောင် ဖမ်းခဲ့ခြင်းကြောင့်သာ မဟုတ်ပါက သူမသည် ကောင်းရှင်းကို သစ္စာဖောက်ခဲ့ရမည် မဟုတ်ဘဲ ကောင်းရှင်းကလည်း သူမအား အရိုးထဲထိအောင် မုန်းတီးနေမည် မဟုတ်ပေ။
ဟယ့်ကျားစစ်သည်လည်း ထိုသို့ပင်။ ထိုခွေးမသည် ချောင်ဟုန်ယဲ့အား အစေခံတစ်ယောက်ကဲ့သို့ ဆက်ဆံ၍ သူမကိုယ်သူမ မင်းသမီးတစ်ပါးကဲ့သို့ တွေးနေခဲ့သော်လည်း အဆုံးတွင်မူ သူမသည်လည်း ချောင်ဟုန်ယဲ့ ကဲ့သို့ပင် အဆုံးသတ်သွား၍ ထိုလူယုတ်မာများ၏ အရှက်ခွဲခြင်းကိုသာ ရရှိခဲ့သည် မဟုတ်လား။
ထန်ကျစ်ဟွားနှင့် နီးစပ်ရန် သူမ၌ မည်သည့်အရည်အချင်း ပြည့်မီမှုများ ရှိသနည်း။
ချောင်ဟုန်ယဲ့သည် ထန်ကျစ်ဟွား၏ အကြောင်းကို တွေးနေစဥ်မှာပင် အိမ်ရာဝန်းလေး၏ ဝင်ပေါက်မှ လမ်းလျှောက်ဝင်လာသည့် ရင်းနှီးနေသော ပုံရိပ်တစ်ခုသည် ကျင်းယွင်ကျောင်း၏ တိုက်ခန်းနံပါတ်ရှိရာဆီသို့ တည့်တည့် လျှောက်သွားသည်အား သူမ မြင်လိုက်ရ၏။ ဤသူသည် ထန်ကျစ်ဟွား မဟုတ်ပါက မည်သူ ဖြစ်လိမ့်ဦးမည်နည်း။