Chapter 161 : လုပ်ရကိုင်ရသည်မှာ အတော်လေး ပျော်စရာကောင်းခြင်း
အခြားသူများ ထိုအကြောင်းကို ပြောကြသည်ကို ကြားပြီးနောက် ကျင်းယွင်ကျောင်းလည်း သိသွား၏။ လီရှောက်ယွင်သည် ဤနေရာသို့ အချိန်အတော်ကြာကတည်းက ရောက်နေသော်လည်း အပြင်ဘက်၌သာ တစ်ချိန်လုံးနေခဲ့ပြီး ချောင်ဝေ့မင် ထွက်လာပြီးသည့်နောက်မှ သူကိုယ်တိုင် လူလုံးထွက်ပြခြင်းလား။
သူမသည် ထိုအကြောင်းနှင့်ပတ်သတ်၍ အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရသော်လည်း လီရှောက်ယွင်၌ သစ္စာရှိသောစိတ် အနည်းငယ်ရှိသည်ကိုတော့ သူမ မငြင်းနိုင်ပေ။
"ဒါ...ဒီအချိန်က ငါ့ဦးလေးရဲ့စာသင်ချိန်ပဲ။ ဒါကြောင့် ငါ နည်းနည်းရှင်းလိုက်မယ်"
အတန်းခေါင်းဆောင် ကျီသာ့ယုံးက ပြဿနာများ စဲသွားသည့်အချိန်ကို အခွင့်ကောင်းယူလိုက်ပြီး ကျင််းယွင်ကျောင်းအား ဂရုတစိုက်ဖြင့် တစ်ချက်ကြည့်လိုက်သည်။ သူမ၏ ဒေါသအား နှိုးဆွမိမည်ကို ကြောက်ရွံ့နေလုနီးပါးပင်။ သူမက တုံ့ပြန်မှုမရှိသည်ကို မြင်မှသာ သူက ကြမ်းပြင်ပေါ်၌ ပြန့်ကျဲနေသော စားပွဲအစအနများကို သန့်ရှင်းရေးစလုပ်လိုက်၏။ ပြီးနောက် သူသည် အတန်း၏ နောက်မှ ကျိုးနေသော စားပွဲခုံတစ်ခုံကို ချောင်ဟုန်ယဲ့၏ ထိုင်ခုံရှေ့သို့ ရွေ့ပေးလိုက်သည်။
ကျင်းယွင်ကျောင်းအတွက်မူ သူမသည် ချောင်ဟုန်ယဲ့၏ စားပွဲကို အပိုင်စီးထားသော်လည်း ပြန်မယူရဲ၍ ဘာမှမလုပ်ဘဲ နေလိုက်၏။
သူသည် ခုနလေးက ကျင်းယွင်ကျောင်း ပြသသွားသည့် အထိန်းအသိမ်းမရှိသော တိုက်ကွက်များကို အနည်းငယ် ကြောက်ရွံ့နေဆဲဖြစ်သည်။
သို့ရာတွင် အခြားသော ကျောင်းသားများသည်လည်း ထိတ်လန့်နေသော်လည်း အချိန်တစ်ခုကြာပြီးနောက် သူတို့ ထိုအကြောင်းကို ပြန်တွေးသောအခါ သူတို့၏ စိတ်ထဲ၌ သူမအား အံ့သြသလို လေးလည်း လေးစားမိကြ၏။ ထို တိုက်ကွက်များမှာ ရုပ်ရှင်များထဲမှဟာများနှင့် တထပ်တည်းတူသည်ဟု ခံစားနေရသည်။ တိကျပြတ်သားပြီး တည်ငြိမ်သည်။
တစ်ဖက်တွင်လည်း ဟယ့်ကျားစစ်သည် အလွန်အမင်း မချင့်မရဲဖြစ်နေ၏။ သူမသည် ချောင်ဟုန်ယဲ့နှင့် ကျင်းယွင်ကျောင်းတို့ ကြမ်းကြမ်းတမ်းတမ်း အပြောအဆိုခံရစေရန် ရည်ရွယ်၍ ချောင်ဝေ့မင်အား လျှို့ဝှက် အကြောင်းကြားလိုက်သူဖြစ်သည်။
ချောင်ဝေ့မင်သည် ဟယ့်ကျားစစ်၏ မျက်နှာသာပေးခြင်းဖြင့် နေရရန် အလို့ငှာ ပေါ့ပေါ့လျှော့လျှော့ မနေရဲသည်မှာ သဘာဝဖြစ်၍ ကျောင်းသို့ ခပ်မြန်မြန်ပင် အပြေးအလွှား ရောက်ရှိလာ၏။ သို့သော် ထိုလူသည် ဤမျှ အသုံးမကျလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့။ သူက ရန်ပွဲတစ်ခုလုံးအတွင်း၌ ချောင်ဟုန်ယဲ့ကိုသာ တစ်ကြိမ်တည်း ပါးရိုက်လိုက်နိုင်ပြီး ကျင်းယွင်ကျောင်းကိုမူ ဘာအခွင့်အရေးမှယူရန်ပင် မစီစဥ်နိုင်ခဲ့ချေ။ သူကပင် သူမထံမှ အရိုက်ခံခဲ့ရ၏။
ထို့အပြင် ယောက်ျားတစ်ယောက်ကလည်း ရုတ်တရက် ပေါ်ထွက်လာ၏။ သူနှင့် ဘာဆိုင်သနည်း။ သူသည် အပြုံးများ ဖိတ်လျှံကျနေသည်ဟု ထင်ရသော်လည်း သူဘာကိုပဲ လုပ်သည်ဖြစ်စေ သူ၏ အကြည့်များက လူများအား ဝါးစားတော့မည့်အလား သူမ ခံစားနေရသေးသည်။ အစောပိုင်းက သူမကိုယ်တိုင်ပင်လျှင် ထိုအကြည့်များဖြင့် ခြိမ်းခြောက်ခံခဲ့ရ၏။
ထို့အပြင်... ...
သူမသည် အဝတ်အစား၊ ဖက်ရှင်ဘရန်းများနှင့် ပတ်သတ်၍ ဗဟုသုတ အနည်းငယ်ရှိသည်။ ထိုလူဝတ်ဆင်ထားသော အဝတ်အစားများသည် ရိုးစင်းပုံပေါ်သော်လည်း ခေါင်းအစ ခြေအဆုံး စျေးပေါသော ဘရန်းအတု တစ်ခုမှ မပါရှိပေ။ ဤလူသည် ဟွားနင်ခရိုင်မှ မဟုတ်ပါက သူမ၏ ပထမဆုံး သံသယမှာ ဤလူသည် အာဏာအကြီးဆုံး ထိပ်တန်းမိသားစုများထဲမှ တစ်ခုက ဖြစ်လိမ့်မည်ဟုပင်။
သို့ရာတွင် ဟယ့်ကျားစစ်သည် လက်ရှိအချိန်၌ အခြားကျောင်းသားများက ကျင်းယွင်ကျောင်းအား ကြောက်ရွံ့သော်လည်း ရိုသေလေးစားစွာ ကြည့်နေကြသည်ကို မြင်သောအခါ အံကြိတ်မိသည်။
သူမသည် ဟွားနင်ခရိုင်၌ အချိန်အတော်ကြာ နေထိုင်ခဲ့ပြီးဖြစ်သော်လည်း လူများက သူမအား ဤသို့ စိတ်အားထက်သန်စွာဖြင့် ဆက်ဆံကြသည်ကို မမြင်ဖူးသေးပေ။
"အစ်ကိုကျစ်ဟွား၊ ခုနတုန်းက ပေါ်လာတဲ့လူက ကျင်းယွင်ကျောင်းနဲ့ တကယ် ကောင်းတဲ့ ဆက်ဆံရေး ရှိတဲ့ပုံပဲနော််"
ဟယ့်ကျားစစ်က အသံတိုးတိုးဖြင့် ပြောလိုက်၏။
ထန်ကျစ်ဟွားက ခေါင်းလှည့်လိုက်ပြီး သူမအား တစ်ချက်ကြည့်လာသည်။
"ကျင်းယွင်ကျောင်းကို ထပ်ပြီးတော့ အနှောက်အယှက် မပေးနဲ့"
လွန်ခဲ့သော ရက်အနည်းငယ်အတွင်း ကျင်းယွင်ကျောင်းက သူ့ကို သွေးခုန်နှုန်း နေ့တိုင်း စစ်မပေးတော့ပေ။ ပြီးလျှင် သူမကိုယ်သူမ သူနှင့် အကွာအဝေးများစွာ ခြားထား၏။ သူသည် အခြေအနေအား စိတ်ထဲမှ ရှင်းရှင်းလင်းလင်း နားလည်သည်။ ၎င်းမှာ သေချာပေါက်ပင် နောက်ဆုံးတစ်ခေါက်၌ ဟယ့်ကျားစစ်က သူမ၏ စည်းကို သွားထိပါးသောကြောင့် ဖြစ်သည်။
ကျင်းယွင်ကျောင်းသည် သူမ၏ ပတ်ဝန်းကျင်၌ရှိသော အခြားသူများအား အလွန်အမင်း စိတ်အပန်းပြေသည်ဟု ခံစားရစေသည့် ခံစားချက်တစ်မျိုးကို ထုတ်လွှတ်ပေးတတ်၏။ သူသည် သူမနှင့် အချိန်အနည်းငယ် ဖြုန်းပြီးနောက်တွင် သူမနှင့် ပို၍ပင် ရင်းနှီးချင်လာခဲ့သည်။ သို့ရာတွင် ဟယ့်ကျားစစ်က အရှုပ်အထွေးများကို ဖြစ်စေပြီးနောက် သူမသည် သူ့အား ချက်ချင်း ကန်ထုတ်မပစ်ခဲ့ဘဲ မျက်နှာသာ ပေးထားပြီးဖြစ်၏။
ဟယ့်ကျားစစ်၏ နှုတ်ခမ်းက မဲ့ကျသွားသည်။ သူမသည် အလွန်အမင်း အစွပ်စွဲခံရသလို ခံစားလိုက်ရသည်။
ကျင်းယွင်ကျောင်းအတွက် ကံဆိုးသည်က သူမ၏ မကျေနပ်မှုများသည် စတင်ရုံသာ ရှိသေးသည်ပင်။
ညဘက် ကျောင်းဆင်းပြီးနောက် ဟယ့်ကျားစစ်သည် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိခဲ့၏။ တစ်ဖက်မှ ရင်းနှီးနေသော ယောက်ျားသံတစ်ခုက ထွက်ပေါ်လာရာ ချက်ချင်းပင် ဟယ့်ကျားစစ်၏ မျက်နှာအား ဒေါသထွက်လွန်း၍ နီမြန်းသွားစေသည်။
"နင် ဘာလုပ်ချင်နေတာလဲ"
လူအုပ်ကြီးနှင့်ဝေးရာသို့ ရွေ့လိုက်ပြီး သူမက ဟိန်းဟောက်လိုက်၏။
တစ်ဖက်မှလူသည် ခန့်မှန်းထားသည့်အတိုင်း ကောင်းရှင်းပင် ဖြစ်သည်။
ယခုအချိန်၌ ကောင်းရှင်း၏ စိတ်အခြေအနေမှာ အတော်လေး ကောင်းနေ၏။ ယခင်ကနှင့် ယှဥ်ပါက ချောင်ဟုန်ယဲ့သည် ပို၍ နာခံမှုရှိနေပြီး ကောင်းမွန်သော အကြံဥာဏ်တစ်ခုကိုပင် အမှန်တကယ် ယူဆောင်လာပေးလေသည်။ ယခုအချိန်တွင် ချမ်းသာသော မိန်းမပျိုလေးက နူးညံ့သော အသံဖြင့် အော်လိုက်သည်ကို ကြားသောအခါ သူသည် လူယုတ်မာပြုံး, ပြုံးလိုက်၏။
"ငါ ဘာလုပ်ချင်တာလဲလို့ မင်းက မေးနေတာလား။ ငါလုပ်ချင်နေတာ ဘာလို့ မင်း ထင်လဲ။ နေ့လည်ဘက် လမ်းလျှောက်ချိန်တုန်းက ငါတို့လုပ်ခဲ့တာ အတော်လေး ပျော်စရာကောင်းနေသေးတယ် မဟုတ်လား"
ဟယ့်ကျားစစ်၏ မျက်လုံးများမှာ နီရဲလာပြီး ပေါက်ကွဲခါနီး ခြင်္သေ့ပေါက်တစ်ကောင်နှင့် တူနေသည်။
သို့ရာတွင် ဤခြင်္သေ့မ၏ လက်သည်းများသည် မချွန်ထက်ဘဲ အလျင်အမြန်ပင် လက်လျှော့လိုက်ရသောကြောင့် သူမက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်၏။
"နင် လိုချင်တာ ပိုက်ဆံမဟုတ်လား။ ငါ နင့်ကို ပိုက်ဆံပေးမယ်။ ယွမ်တစ်သိန်း"
"ယွမ်တစ်သိန်း ဟုတ်လား။ ငါ လေ့လာပြီးသွားပြီ။ မင်းရဲ့ဂုဏ်သိက္ခာကြီးတဲ့ မိသားစုအတွက် ယွမ်တစ်သိန်းဆိုတာ ဘာအဓိပ္ပါယ်လဲ။ ဒီတစ်ကြိမ် ငါလိုချင်တာက သိပ်မများပါဘူး။ ယွမ်တစ်သန်း။ ငါ ဟိုနားဒီနား အပျော်သုံးဖို့အတွက် ငါ့ကို ယွမ်တစ်သန်း အရင်ပေး။ တကယ်လို့ မင်း ငါပြောတဲ့အတိုင်း မလုပ်ဘူးဆိုရင် ငါက ဓါတ်ပုံလေးတွေကို မင်းရဲ့ အဲဒီငယ်ချစ်ဆီကို ပို့လိုက်ရုံပဲနော်။ နောက်ကျ သူတို့က မင်းလိုမျိုး ဖိနပ်စုတ်တစ်ရံကို လိုချင်ဦးမလားဆိုတာကို ကြည့်ကြသေးတာပေါ့"