Chapter 157 : ဒေါသပေါက်ကွဲခြင်း
ကျင်းယွင်ကျောင်းက ဟယ့်ကျားစစ်၏ ဘက်၌ တစ်ခုခုကြုံတွေ့လာခဲ့မှန်း သေချာသိလိုက်၏။ သို့သော် ကောင်းရှင်းအား ကာကွယ်နေခြင်းက တစ်ခုခု မှားနေပြီဖြစ်ကြောင်း အသိအသာပင်။
"ဟယ့်ကျားစစ်၊ ချောင်ဟုန်ယဲ့က ပြောတယ်။ မင်းတို့ စျေးဝယ်ထွက်နေတုန်း မင်းက ဘယ်နေရာ ရောက်သွားမှန်း မသိဘဲ ပျောက်သွားတာဆို။ အခု စာသင်ချိန်တစ်ချိန်ကုန်ပြီး နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီ။ ဘာတွေဖြစ်ခဲ့တာလဲ"
နောက်ဆုံး၌ ဆရာကျီက အရေးကြီးသော မေးခွန်းကို မေးလိုက်သည်။
ဟယ့်ကျားစစ်၏ အမူအယာက အနည်းငယ် ရုပ်ဆိုးနေ၏။ သို့သော် သူမသည် ဆရာ၏ စိတ်ထားကို သိသောကြောင့် အံကြိတ်၍ ပျင်းရိစွာဖြေလိုက်၏။
"ဆရာ၊ ကျွန်မ ချောင်ဟုန်ယဲ့ကို ပျောက်သွားလို့ပါ။ ကျွန်မက ဟွားနင်ခရိုင်မြို့က လမ်းတွေနဲ့လည်း မရင်းနှီးဘူး။ ပြီးတော့ ကျွန်မ ခဏနားနေတုန်း လွယ်အိတ်ကလည်း လမ်းဘေးမှာ မေ့ကျန်ခဲ့တာ။ ကျွန်မရဲ့ပိုက်ဆံတွေအားလုံးနဲ့ ဖုန်းကလည်း လွယ်အိတ်ထဲပါသွားတော့ ကျွန်မ အပြန်မှာ နှောင့်နှေးနေတာပါ"
ဟယ့်ကျားစစ် သူမကိုယ်တိုင် ရှင်းပြနေသည်ကို ကြားသောအခါ ချောင်ဟုန်ယဲ့၏ မျက်လုံးများ၌ ရယ်ချင်မှုများနှင့် မထီမဲ့မြင်မှုများ လျှပ်တပြက် ဖြတ်ပြေးသွားသည်။
"ကျားစစ်၊ ငါတောင်းပန်တယ်။ ငါ နင် တကယ် ပြန်ပေးဆွဲခံလိုက်ရပြီလို့ ထင်ခဲ့တာ။ ဆရာကျီနဲ့ ကျန်တဲ့သူတွေကလည်း နင် ဒုက္ခရောက်မှာကို စိုးရိမ်ပြီး ရဲခေါ်လိုက်ကြတာ။ နင် တကယ် အဆင်ပြေရဲ့လားဟင်"
ချောင်ဟုန်ယဲ့က နူးညံ့စွာ မေးလိုက်၏။
ဟယ့်ကျားစစ်က သူမအား မုန်းတီးစွာ စိုက်ကြည့်လိုက်သည်။
သင်း (ဒင်း) လမ်းကို နှေးနှေးကွေးကွေး လျှောက်ခြင်းကြောင့်သာ မဟုတ်ပါက သူမ အဘယ်ကြောင့် ပြန်ပေးဆွဲခံရမည်နည်း။
ယခု ကိစ္စများက ကြီးမားလှသည်။ သူမ၏ ရင်ထဲ၌ ဒေါသများပြည့်နေသော်လည်း သူမသည် ရဲအရာရှိများကို ဘာမှ မပြောပြနိုင်ပေ။ ထို့သို့မဟုတ်လျှင် အနာဂတ်၌ ထန်ကျစ်ဟွားနှင့် တစ်ဖန်ပြန်၍ နီးစပ်နိုင်တော့မည် မဟုတ်ချေ။
ဟယ့်ကျားစစ်က သူမ၏ အနည်းငယ် မသက်မသာဖြစ်နေသော ခန္ဓာကိုယ်အား တွန့်လိုက်သည်။ ထန်ကျစ်ဟွား၏ စိတ်ဆိုးနေသည့် အမူအယာကို မြင်သောအခါ သူမက သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်လိုက်ပြီး ရဲအရာရှိများနှင့် အခြားသူများအားလုံးကို စကားပြောရန်အတွက် လှည့်လိုက်၏။
"ရဲဦးလေးကြီးတို့၊ ကျွန်မ ဘာမှမဖြစ်ဘဲနဲ့ ရှင်တို့ကို ဒီကိုလာစေခဲ့မိလို့ တောင်းပန်ပါတယ်။ တကယ့်ကို ကျွန်မ ဘာမှ မဖြစ်ခဲ့ပါဘူး၊ စိတ်ပူပေးကြလို့ အားလုံးကို ကျေးဇူးတင်ပါတယ်"
ထိုစကားကြောင့် လူများစွာလည်း စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြသည်။
ဆရာကျီက ကူကယ်ရာမဲ့စွာဖြင့် ခေါင်းယမ်းလိုက်ပြီး ရဲများအား အနာဂတ်တွင် သူ ပို၍ စဥ်းစားချင့်ချိန်ပြီးမှသာ ရဲကို အကြောင်းကြားမှုများ လုပ်တော့ပါမည် ဟု ဆိုရင်း တောင်းပန်လိုက်၏။
ရဲများထွက်သွားပြီးနောက် စာသင်ခန်းတစ်ခုလုံး ပရမ်းပတာ ဖြစ်နေသည်။
ရုတ်တရက် သူတို့သည် 'ဖြန်း' ဟူသော အသံတစ်ချက် ကြားလိုက်ရ၏။ ဟယ့်ကျားစစ်က ချောင်ဟုန်ယဲ့အား ပါးကို ခပ်ကြမ်းကြမ်း တစ်ချက်ရိုက်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။
"ဘယ်သူက နင့်ကို ရဲခေါ်ခိုင်းလို့လဲ။ လျှာရှည်တဲ့ကောင်မ။ နင်က ငါ့ကို သိက္ခာကျအောင် လုပ်ဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ငါ့ကို ထားခဲ့တာလို့တောင် သံသယဝင်လာပြီ"
ကျောင်းသားများသည် ချက်ချင်းပင် အံ့သြထိတ်လန့်သွားပြီး တိတ်ဆိတ်ကုန်ကြ၏။
ဟယ့်ကျားစစ်၏ စိတ်ထားသည် များသောအားဖြင့် အထက်စီးဆန်သော်လည်း ထန်ကျစ်ဟွား၏ရှေ့၌မူ သူမသည် သူမကိုယ် ထိန်းသိမ်းနေလေ့ရှိပြီး အခြားကျောင်းသားများအား ကောင်းကောင်းမွန်မွန် ဆက်ဆံသလို ပြုမူလေ့ရှိသည်။ ယနေ့ သူမ ဘယ်လိုဖြစ်သနည်း။ ထန်ကျစ်ဟွားသည် အနား၍ ရှိနေသော်လည်း သူမက ချောင်ဟုန်ယဲ့အား ရိုက်ရန် လက်မြှောက်ခဲ့သေးသည်လား။
"ဟယ့်ကျားစစ်၊ နင် ဘာလို့ ဒီလို ပြောရတာလဲ။ ငါ...ငါက ပစ္စည်းတွေအများကြီး သယ်နေခဲ့တာတော့ ငါလမ်းလျှောက်တဲ့အရှိန်က မြန်မှ မမြန်တာ"
ချောင်ဟုန်ယဲ့က မှားယွင်စွပ်စွဲခံရသကဲ့သို့ သူမ၏ မျက််နှာကို အုပ်၍ ပြောလိုက်သည်။
ဤသည်က ဟယ့်ကျားစစ်အား ပို၍ပင် ဒေါသထွက်စေသည်။ ချောင်ဟုန်ယဲ့ ဆိုလိုတဲ့ အဓိပ္ပါယ်က ဘာလဲ။ သူမက ချောင်ဟုန်ယဲ့ကို အနိုင်ကျင့်တယ်ဆိုတာကို အခြားသူတိုင်းကို သက်သေပြချင်နေတာလား။
ထိုကိစ္စများကို သူမ အမှန်တကယ် လုပ်ခဲ့၍ သူမသည် ချောင်ဟုန်ယဲ့အား ညှင်းပန်းရန် ရည်ရွယ်ခဲ့သည်ဆိုလျှင်တောင်မှ သူမ ထိုသို့ မလုပ်မီတွင် ချောင်ဟုန်ယဲ့က သူမ ဝယ်ခြမ်းထားသည်များအား သယ်ပေးချင်ကြောင်း ဖော်ပြခဲ့သည်။ တစ်နည်းပြောရလျှင် လုပ်ပေးချင်နေသူက သူမပင်။
"ဟယ့်ကျားစစ်၊ အတန်းတွေ စနေပြီ"
ထန်ကျစ်ဟွားက သူမအား တစ်ချက်ကြည့်လိုက်၍ ထိုအကြည့်က ကူကယ်ရာမဲ့မှုများနှင့် အေးစက်သောသဘောထားများ ပါဝင်နေသည်။
သူသည် ဟယ့်ကျားစစ်အား အနည်းနှင့်အများ နားလည်မှုရှိ၏။ ဤနှစ်များအတွင်း ထန်မိသားစု၏ အကူအညီဖြင့် ဟယ့်မိသားစု၏ စီးပွားရေးက မဆိုးလေရာ ဟယ့်ကျားစစ်၌ မင်းသမီးရောဂါ အနည်းနှင့်အများဆိုသလို ရှိနေသည်။ အကယ်၍ သူမက အမှားလုပ်ထားမိသည် ဆိုလျှင်တောင်မှ သူမသည် အခြားသူအား အပြစ်လွှဲချနေဆဲပင်။
သို့သော် မည်သို့ပင် ဆိုစေကာမူ သူမသည် ဟယ့်မိသားစု၏ သမီးဖြစ်နေသေးသည်။ သူသည် ကျောင်းသားများစွာ၏ ရှေ့၌ သူမကို ဆုံးမလိမ့်မည် မဟုတ်ပေ။
သို့ရာတွင် ဟယ့်ကျားစစ် အတွက်မူ ဤအမူအပြုလေးကပင် သူမအား အလွန်အမင်း ပျာယာခတ်သွားစေသည်။
ထန်ကျစ်ဟွားသည် ၎င်းကို ကျယ်ကျယ် မပြောနိုင်သော်လည်း သူမကတော့ ပြောရမည်။ သူသည် သူမ၏ ဒေါသပေါက်ကွဲခြင်းအား အပြစ်တင်နေသည်မှာ သိသာ၍ သူက ချောင်ဟုန်ယဲ့အား ယဥ်ကျေးသည့် အရိပ်အယောင်ပင် ထုတ်ပြနေသေးသည်။ သို့သော် ၎င်းက ဘာကို အခြေခံသနည်း။ ချောင်ဟုန်ယဲ့၏ အဖေက သေးနုတ်သောလူတစ်ယောက်မျှသာ ဖြစ်သည်လေ။
ထိုနေရာထိအောင် စဥ်းစားနေလိုက်ရင်း ဟယ့်ကျားစစ်က ဖြတ်ခနဲ သဘောပေါက်သွား၏။ ထန်ကျစ်ဟွား၏ ရှေ့၌ သူမ၏ ပုံစံအား ကြည့်ရဆိုးအောင် လုပ်ရဲသည့်အတွက် သူတို့ပြန်သွားသောအခါ ချောင်ဟုန် သတိထားနေခြင်းက ပိုကောင်းလိမ့်မည်။
အတင်းအဖျင်းစကားများအလယ်တွင် ကျောင်းသားများသည် စာသင်ချိန်နှစ်ချိန်ကို တက်ရန် ပြင်ဆင်လိုက်ကြသည်။
စာသင်ချိန်နှစ်ချိန်ပြီးသွားသောအခါ ချောင်ဝေ့မင်က ကျောင်းသားမိဘတစ်ယောက် အနေနှင့် စာသင်ခန်း တံခါးဝ၌ တိုက်ရိုက် ထွက်ပေါ်လာ၏။
ကျင်းယွင်ကျောင်းသည် သူ့အား မြင်သောအခါ သူမ၏ မျက်နှာ၌ ထိတ်လန့်မှုများ ဖြတ်ပြေးသွားသည်။ ချောင်ဝေ့မင်သည် မျက်တွင်းများပင် အလွန်အမင်း ချောင်ကျနေပြီး သူ၏ မျက်နှာက အရက်အသောက်လွန်သောကြောင့် နီရဲနေ၏။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူ အမူးမပြေသေးကြောင်း သိနိုင်သည်။