Part 19 (Unicode)

Start from the beginning
                                        

ထိုခဏတွင် လောကကြီးတစ်ခုလုံး သူ့ ဘေးမှ ပျောက်ဆုံးရပ်တန့်သွားသည်။ ဆက်ပိုင်အသားတွေညိုသွားသည်။ ဆံပင်နည်းနည်းပိုရှည်လာကာ တစ်ခါမှမတွေ့ဖူးသော မျက်မှန်အဖြူတစ်လက်ကိုပါ တပ်ဆင်ထားသည်မို့ နဂိုလူငယ်တစ်ယောက်မှ လူကြီးပုံစံဖြစ်နေသည်။ ခပ်သေးသေးကျောပိုးအိတ်တစ်လုံးကိုသာ လွယ်ထားကာ ကားပေါ်မှဆင်းပြီး သူရှိနေရာသို့ လှမ်းကြည့်ပြုံးပြလာခဲ့သည်။ ထက်ပိုင်အခုအချိန်အထိ ကျိန်စာမိထားသူတစ်ယောက်လို မလှုပ်ရှားနိုင်ခဲ့ပါ။ ခြေတစ်လှမ်းလှမ်းဖို့ပင် သတိမရမိ။

"ကိုထက်.. အစောကြီးရောက်နေတာလား။ ကားစောရောက်လို့ ကျွန်တော် ကိုယ့်ဘာသာကိုယ် တက္ကစီပဲ စီးတော့မယ် စဉ်းစားထားတာ။"

ဆက်ပိုင် သူ့ရှေ့မှာရပ်နေသည်။ သူတို့နှစ်ယောက်ကြား ဘာမှမဖြစ်ခဲ့သလို အေးဆေးစွာ ပြောဆိုဆက်ဆံနေသည်။ အမုန်းလည်းမပါသလို၊ ဒေါသလည်းမရောသော ဆက်ပိုင်စကားသံကိုနားထောင်ရင်း သူအလိုလို ဝမ်းနည်းသွားသည်။ တကယ်ပဲ ဆက်ပိုင်သည် အရာရာကို မေ့လိုက်ပြီဖြစ်သည်။ တစ်ချိန်က သူ့ကိုချစ်ခဲ့မည်ဖြစ်သော အချစ်များကိုလည်းကောင်း၊ သူပေးခဲ့သည့် ဒဏ်ရာများကိုလည်းကောင်း အပြီးတိုင်မေ့ဖျောက်ပစ်လိုက်ပြီဖြစ်သည်။ ထက်ပိုင် ဝမ်းနည်းနာကျင်စွာ ခေါင်းငုံ့သွားမိသည်။

"ဆိုင်ကယ်နဲ့လား ကိုထက်။"

"မဟုတ်ဘူး။ မင်းသူဆီက ကားခဏယူခဲ့တယ်။"

"သွားရအောင်လေ။"

"ဟင်.. အင်း.."

တိတ်ဆိတ်စွာ ကားရပ်ထားရာသို့ လျှောက်လာခဲ့သည်။ ဆက်ပိုင်နှင့်အရမ်းကို တွေ့ချင်ပါလျက်နှင့် တကယ်တမ်းတွေ့ဆုံလာတော့လည်း ဘာ့ကြောင့်ရင်ခွင်တစ်ခုလုံး ထိန်းမရအောင် ဝမ်းနည်းနာကျင်နေမှန်းမသိ။ ထက်ပိုင် ကားမောင်းသူနေရာမှာ ဝင်ထိုင်လိုက်ချိန် ဆက်ပိုင် တိတ်ဆိတ်စွာ ကားပေါ်ဝင်ထိုင်လိုက်သည်။ အဝေးပြေးကားဂိတ်မှ ချိုးကွေ့ထွက်လာသည်အထိ နှစ်ယောက်လုံးစကားမပြောမိကြ။ ဆက်ပိုင် ကားပြတင်းပေါက်မှ အပြင်သို့သာ ငေးကြည့်လိုက်ပါလာသည်။ ကားမှန်ကို မသိမသာခေါင်းစောင်းမှီတင်ထားသော ဆက်ပိုင်ကို သူ လှည့်မကြည့်ရဲ။

စည်းWhere stories live. Discover now