Part 2 (Zawgyi)

61.5K 4.5K 22
                                    

ဝမ်းနည်းစွာ ငိုနေသော မေမေ့ကို တိတ်သွားအောင် ထက်ပိုင် မလုပ်နိုင်ခဲ့ပါ။

တိတ်ဆိတ်စွာပင် အခန်းထဲသို့ လျှောက်လာခဲ့သည်။ ပခုံးပေါ်မှလွယ်အိတ်ကို ကြမ်းပြင်ပေါ်သာပစ်ချလိုက်ပြီး စာကြည့်စားပွဲထက်မှ မှန်ပြတင်းပေါက်ကို တွန်းဖွင့်လိုက်သည်။ ပူလောင်နေသော အခန်းငယ်အတွင်း မွန်းတိမ်းလေပူတစ်ချို့ တိုးဝင်လာခဲ့သည်။

စာကြည့်စားပွဲရှိ သစ်သားထိုင်ခုံပေါ် ၀င်ထိုင်လိုက်ကာ ဘာတွေဖြစ်နေသည်ကို နားလည်အောင် ကြိုးစားနေမိသည်။ တစ်ညနေခင်းလုံး အခန်းထဲမှာပင် ကာတွန်းစာအုပ်များကို စိတ်မပါစွာပုံကြည့်ရင်း အချိန်ကုန်သွားသည်။ ကျောင်းစာအုပ်များကိုတော့ ကြည့်ချင်စိတ်ပင်မရှိ။ အိမ်စာများပါလာသည်ကိုလည်း မသိဟန်ဆောင်ကာနေမိသည်။

တစ်အိမ်လုံး ဘယ်သူမှမရှိသလို တိတ်ဆိတ်နေသည်။ ဖေဖေအိမ်အပြန် ခြေသံကိုလည်းကောင်း၊ မီးဖိုချောင်မှ မေမေ့လှုပ်ရှားသံများကိုလည်းကောင်း ဘာမှမကြားရ။ ညစာစားချိန်ကျော်ကာ ဗိုက်ဆာနေသော်လည်း မေမေ့ကို သွားမပြောရဲ။

အိပ်ရာဝင်ချိန်တွင်လည်း ယခင်နေ့များကို မေမေ ထက်ပိုင်အခန်းကို ရောက်မလာခဲ့ပါ။ ညအိပ်ရာဝင်ခါနီးတိုင်း ပုံပြင်စာအုပ်ဖတ်ပြပြီး အနမ်းတစ်ပွင့်နှင့် နှုတ်ဆက်မြဲဖြစ်သော မေမေ့ကို အချိန်အတော်ကြာအောင် စောင့်စားမိသည်။ ကျိန်းစက်နေသော မျက်လုံးများကြောင့် သူ အိပ်ချင်လှပြီဖြစ်သည်။

နောက်ဆုံး ထက်ပိုင်မနေနိုင်တော့ဘဲ မေမေ့အခန်းရှိရာ ထွက်လာခဲ့သည်။ ညအမှောင်က အိမ်အတွင်းကို တိုးဝင်လာပြီဖြစ်သည်။ မီးများပင် မထွန်းထားသောကြောင့် အမှောင်စိုးနေသော ဧည့်ခန်းကိုကျော်ကာ ဖေဖေတို့အိပ်ခန်းရှိရာသို့ ဆက်လျှောက်လာခဲ့သည်။

အခန်းတံခါးဖွင့်ရန် လက်လှမ်းလိုက်ပေမယ့် အခန်းအတွင်းမှ မေမေ့ရှိုက်သံများကို ကြားလိုက်ရသည်။ ထက်ပိုင် မေမေ့ကိုမခေါ်ရဲတော့ပါ။ သူ့အခန်းထဲသို့သာ ၀မ်းနည်းစွာပြန်လာခဲ့သည်။

စည်းWhere stories live. Discover now