Part 3 (Unicode)

55.6K 5.3K 238
                                    


သည်းနေအောင် ရွာချနေသော မိုးရေကြောင့် ကျောင်းဆင်းချိန် နေ့လယ်ခင်းဖြစ်သော်လည်း ပတ်ဝန်းကျင်တစ်ခုလုံး ပိန်းပိတ်အောင် မှောင်နေသည်။ ထို့အပြင် ပြင်းထန်စွာ တိုက်ခတ်နေသော လေကြောင့် မိုးရေစက်များမှာ တည့်မတ်စွာမကျဆင်းနိုင်ဘဲ မျဉ်းပြိုင်များစွာ တစောင်းရေးခြစ်ထားသလို မြေပြင်ထက် ကျဆင်းနေသည်။ တစ်ချက်တစ်ချက် ပြိုးပြိုက်စွာလက်လာသော လျှပ်စီးရောင်က ထက်ပိုင်တို့ စာသင်ခန်းထဲအထိရောက်လာတတ်သည်။

ကျောင်းဆင်းခေါင်းလောင်းသံကို မိုးသံလေသံအောက်မှာဖြစ်၍ တိုးလျစွာ ကြားလိုက်ရသည်။ ဆရာမကို အတန်းသားအားလုံး တညီတညာနှုတ်ဆက်ပြီး စကားပြောသံများ၊ နှုတ်ဆက်သံများ၊ ရယ်မောသံများဖြင့် တစ်ခန်းလုံးပြည့်နှက်သွားသည်။ ထက်ပိုင် ကျောင်းတံခါးဝကို ပြတင်းပေါက်မှ လှမ်းမျှော်ကြည့်လိုက်သည်။ ကျောင်းအပြင်တွင် ထီးရောင်စုံနှင့် လာစောင့်နေကြသော မိဘများရှိနေသည်။ သေချာသည်ကတော့ ဒီနေ့လည်း သူ့မေမေ ကျောင်းကိုလာကြိုမည်မဟုတ်။ မေမေ့ထီးပန်းရောင်ပေါ်မှ အနက်ရောင်အစက်အပြောက်လေးများကို ကျောင်းလာကြိုသည့်မိဘများကြားထဲမှာ မတွေ့ရတော့တာ ကြာခဲ့ပြီဖြစ်သည်။
မေမေ အိမ်မှထွက်သွားသည်မှာ သုံးလကျော်ကြာခဲ့ပြီဖြစ်သည်။ သတင်းလည်း ဘာမှမကြားရတော့သလို၊ အဆက်အသွယ်လည်းမရ။ ဖေဖေ့ကိုမေးလိုက်တိုင်းလည်း မတိမကျသောအဖြေတစ်ခုနှင့်အတူ "သိပ်မကြာခင် သားတွေ့ရမှာပါ။ ဘာမှစိတ်မပူနဲ့။" ဟူသော နှစ်သိမ့်စကားကိုသာ ကြားရသည်။

"ဟေ့ကောင် ထက်ပိုင်။ မင်း ထီးမပါဘူးလား။ သွားရအောင်။"

ထက်ပိုင်ထိုင်ခုံဘေးမှ မင်းသူ တံတောင်နှင့်တွတ်ပြီးပြောလာသည်။ မင်းသူသည် ဒုတိယတန်းအရွယ်ကတည်းက ထက်ပိုင်ဘေးနားတွင် အတူထိုင်ခဲ့ရာမှ သူငယ်ချင်းဖြစ်ခဲ့ကြခြင်းဖြစ်သည်။ မင်းသူက အရပ်ပုကာ ထက်ပိုင်ကအရပ်ရှည်သည်မို့ သူတို့နှစ်ယောက်တွဲထိုင်တိုင်း အခြားသူငယ်ချင်းများ စနောက်တတ်ကြသည်။

ထက်ပိုင်အခုအချိန်အထိ စားပွဲပေါ်မှ စာအုပ်များပင် မသိမ်းရသေး။ သူတို့အခန်းထဲတွင်ပင် ကျောင်းသားများ သိပ်မကျန်တော့။ အလှည့်ကျ အခန်းသန့်ရှင်းရေးလုပ်ရမည့် သူများသာ ရှိတော့သည်။ မည်းနေသော ကောင်းကင်ကို လှမ်းကြည့်ကာ ထက်ပိုင် အိမ်ပြန်ချင်စိတ်တွေ ကုန်ခမ်းနေသည်။

စည်းWhere stories live. Discover now