Part 8 (Unicode)

48.4K 4.6K 127
                                    


လေအေးပေးစက်ဖွင့်ထားသော စားသောက်ဆိုင်ခန်းထဲသို့ ထက်ပိုင်လှမ်းဝင်လိုက်သည်။ အပြာရောင်ဖျော့ဖျော့ဂျင်းဘောင်းဘီရှည်နှင့် ကော်လံထောင် လိမ္မော်ရောင် တီရှပ်လက်တိုကို ဝတ်ဆင်ထားသည်။ ဖြောင့်စင်းသောဆံပင်နက်တစ်ချို့မှာ နဖူးထက်မှာ အတိုအရှည်မညီဘဲ ဝဲကျနေသည်။ ဘေးနှစ်ဖက်တွင်တော့ နားရွက်ဖုံးလောက်ရုံသာရှိကာ နောက်ဘက်မှာ ခပ်ပါးပါးညှပ်ထားသည်။ ကျယ်ပြန့်သောရင်အုပ်၊ သန်မာသော ကိုယ်ခန္ဓာနှင့် ထက်ပိုင်သည် လူငယ်တစ်ယောက်ဖြစ်နေပြီဖြစ်သည်။

အချိန်တွေကြာခဲ့ပြီဖြစ်သည်။

ယခင် ဆက်ပိုင် အလုပ်လုပ်နေကျဖြစ်သော ကိတ်မုန့်ဆိုင်လေးသည်ပင် ပြောင်းလဲနေပြီဖြစ်သည်။ ဆိုင်ရှေ့ခန်းနံရံသည် ယခင်လို အုတ်နံရံမဟုတ်တော့။ တောက်ပြောင်သစ်လွင်နေသော မှန်တံခါးများဖြင့် အစားထိုးထားပြီဖြစ်သည်။ စားပွဲထိုင်ခုံများမှာလည်း ယခင်ကလို ရိုးရိုးပလတ်စတစ်ထိုင်ခုံများမဟုတ်။ အပြာရောင်လွင်လွင်တောက်နေသော ပတ်ချာလှည့် ခြေတံရှည်ခေတ်မီထိုင်ခုံအဝိုင်း အသေးလေးများဖြစ်နေသည်။ အနောက်တိုင်းဂီတသံနှင့် ကော်ဖီနံ့သင်းသင်းကတော့ ဟိုးအရင်အတိတ် တစ်ခုကလိုပင်။

"ဟေ့ကောင်ကြီး.."

မင်းသူရဲ့ တစ်ရင်းတစ်နှီးခေါ်သံကို ကြားလိုက်ရသည်။ အခန်းထောင့်တစ်ခုမှ ၀ိုင်းတွင် ထက်ပိုင်၏ သူငယ်ချင်းများစုံနေပြီဖြစ်သည်။ လွန်ခဲ့သည့် အထက်တန်းကျောင်းသားအရွယ် အချိန်တွေတုန်းကလိုပင် ဘာမှမပြောင်းလဲ။
မင်းသူ၊ မာလာနှင့် ထက်ပိုင်ချစ်သူ ရွှေစင်။ အားလုံးထက်ပိုင်ကို အပြုံးနှင့်နှုတ်ဆက်နေကြသည်။ ပြန်လည်လက်ပြနှုတ်ဆက်ပြီး ကောင်တာနောက်မှ ရန်နိုင့်ထံ ထက်ပိုင် လျှောက်သွားလိုက်သည်။ ရန်နိုင်သည်ပင် အရပ်အတော်ရှည်လာသည်။ အသားညိုပြီး ထောင်ထောင်မောင်းမောင်းနှင့်ဖြစ်သည်။ ထူထဲသောမျက်ခုံးများက မျဉ်းပြိုင်တစ်ကြောင်းလို ဖြောင့်စင်းနေသည်။ ဆံပင်ကို တိုကပ်စွာညှပ်ထားတတ်သဖြင့် သူ့မျက်နှာမှာ ရှင်းသန့်နေသည်။

ယခုနှစ်များအတွင်း ရန်နိုင်သည် ယခု ဆိုင်ကိုကြီးကြပ်ပေးရသည့် ဆိုင်တာဝန်ခံတစ်ယောက်ဖြစ်နေပြီဖြစ်သည်။ အထက်တန်းကျောင်းသားဘဝထဲမှ ဆက်ပိုင်နှင့် အတူလုပ်ခဲ့ကြသည်။ ဒါပေမယ့် ဆက်ပိုင် ဆေးကျောင်းရောက်ပြီးကတည်းက စနေ၊တနင်္ဂနွေမှလွဲ၍ လာမကူနိုင်တော့။ ဆိုင်ရှင်အန်တီဖက်တီးမှာ ရန်နိုင့်ကိုသာအားကိုးရတော့သည်။ ဒီနှစ်တော့ ဆက်ပိုင် ဆေးရုံတွင် လက်တွေ့ဆင်းရသည်မို့ စနေ၊တနင်္ဂနွေပင် မလာကူနိုင်တော့ပါ။ ရန်နိုင်ကသာ အစစ၊ အရာရာ တာဝန်ယူထားရသည်။ ရန်နိုင်က ထက်မြက်သလို ရိုးသားသည်။ ယခင်က ကိတ်မုန့်နှင့်အအေးလောက်သာ အဓိကရောင်းသော ဆိုင်လေးမှာ နိုင်ငံခြားဖြစ်အရက်မျိုးစုံသာမက ပီဇာမျိုးစုံနှင့် အစားအသောက်များပါ တိုးချဲ့ရောင်းချအောင်မြင်လာသည်မှာ ရန်နိုင့်ကြောင့်သာ ဖြစ်သည်။

စည်းWhere stories live. Discover now