"လာ .. သွားရအောင်။"
ရန်နိုင် ကားသော့နှင့်ဆင်းလာပြီး ထက်ပိုင်ကိုပြောလိုက်သည်။ ဆက်ပိုင်ကို သူတို့တစ်ယောက်တစ်ဖက် တွဲကာ ကားပေါ်တင်လိုက်ကြသည်။ ဆက်ပိုင်တစ်ချက်မှပင်မလှုပ်။ ထက်ပိုင်ပခုံးပေါ် ခေါင်းမှီတင်ကာ ငြိမ်သက်စွာအိပ်ပျော်နေသော ဆက်ပိုင်ကို ရန်နိုင်ကားနောက်မှန်မှ လှမ်းကြည့်မိသည်။ ထက်ပိုင်က ကားအပြင်ဘက်ကိုငေးကြည့်နေကာ ဆက်ပိုင်ပခုံးကို တင်းတင်းဖက်ထားသည်။
ရန်နိုင် ထက်ပိုင်နေရာမှာ ရှိချင်ပါသည်။ ဆက်ပိုင်အနေနှင့် ထက်ပိုင်ကိုတွယ်တာသလို သူ့ကိုသာ တွယ်တာမိလျှင် ဘယ်လောက်ကောင်းမလဲဟု အကြိမ်ပေါင်းများစွာ စိတ်ကူးယဉ်ခဲ့ဖူးသည်။ ဒါပေမယ့် လက်တွေ့ဘဝသည် စိတ်ကူးနှင့်တော့ အတော်ပင်ဝေးသည်။ ကားနောက်မှန်မှ အကြည့်လွှဲကာ လမ်းကိုသာဂရုတစိုက် ကြည့်မောင်းလာခဲ့သည်။ ညည့်နက်နေပြီမို့ လမ်းရှင်းနေသည်။ ဆက်ပိုင်တို့အိမ်သည် သိပ်လည်းမဝေးသည်မို့ ငါးမိနစ်အတွင်း ထက်ပိုင်တို့အိမ်ရှေ့မှာ ကားစက်သတ်ကာ ရပ်တန့်လိုက်သည်။
အိပ်ခန်းထဲအရောက် ဆက်ပိုင်ကို ရန်နိုင်တွဲပို့ဖြစ်သည်။ ငယ်စဉ်ကျောင်းသားအရွယ်ကအတိုင်း မပြောင်းလဲသေးသည့် ဆက်ပိုင်တို့အခန်းကို တွေ့လိုက်ရသည်။ စာကြည့်စားပွဲပေါ်တွင် ဆေးစာအုပ်များနှင့် ပြည့်နှက်နေသည်သာကွာသည်။ ရန်နိုင်ပင် ဒီအခန်းထဲသို့မရောက်ဖြစ်သည်မှာ အတော်ကြာခဲ့ပြီဖြစ်သည်။
"ငါပြန်တော့မယ်။"
ငြိမ်သက်စွာ ဘေးတစ်စောင်းအိပ်နေသော ဆက်ပိုင်ကိုနောက်ဆုံးလှမ်းကြည့်ပြီး ရန်နိုင်အခန်းပြင်ထွက်လာခဲ့သည်။ ထက်ပိုင်သူ့ကိုဂိတ်ဝအထိ လိုက်ပို့ပေးသည်။
"ရန်နိုင်... သိုင်းကျူးပါ။"
"ရပါတယ်ကွာ။ ငါ့ဆိုင်နဲ့ မင်းတို့အိမ်က နီးနီးလေးပါ။"
"ဆက်ပိုင်လိုအပ်တဲ့အချိန်တိုင်း သူ့အနားမှာ မင်း ရှိနေတဲ့အတွက်ပါ။ ငါ တကယ်ကျေးဇူးတင်ပါတယ်။"
ထက်ပိုင် ရင်ထဲမှ အမှန်စကားဖြစ်သည်။ တကယ်တမ်းကျတော့ ဆက်ပိုင်ကို ရန်နိုင်က သူ့ထက်ပို၍ နားလည်ပေးနိုင်သည်ပဲဖြစ်သည်။ သူနှင့်တစ်အိမ်တည်းနေကာ အတူကြီးပြင်းလာပေမယ့် ဆက်ပိုင်သည် သူ့အတွက်တော့ တစ်ခါတစ်ရံ အသိခက်သည့် ဘာသာစကားတစ်ခုလိုပင် နားလည်ရခက်သည်။ ထက်ပိုင်အိမ်ခန်းထဲ ပြန်ဝင်လာချိန်မှာ အခန်းဝမှ ဦးထွန်းဟန်ကိုလှမ်းတွေ့လိုက်ရသည်။ သူ သင်တန်းမှ ပြန်ရောက်ချိန်သည် ညည့်နက်နေပြီဖြစ်သည်။ ဧည့်ခန်းမှာ ဦးထွန်းဟန်ကိုမတွေ့မိသည်မို့ အိပ်ပျော်နေသည်ဟုသာ ထင်ခဲ့သည်။ တစ်ယောက်တည်း ဆက်ပိုင်ကိုထိုင်စောင့်နေရာမှ သူ သွားပြန်ခေါ်ဖြစ်ချင်းဖြစ်သည်။
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...
Part 13 (Unicode)
Start from the beginning
