'ဂိုး'
ရန်နိုင်လက်နှစ်ဖက်မြှောက်ကာ အော်လိုက်သည်။ ဖိနပ်နှစ်ဖက်ကို သောင်ပြင်ပေါ်တွင် အတန်ငယ်နေရာခွဲချထားကာ ယာယီဂိုးနေရာဖန်တီးထားသည်။ ဆက်ပိုင်နှင့် ရန်နိုင် လက်ဝါးချင်းရိုက်လိုက်ကြသည်။ မိနစ်နှစ်ဆယ်လောက် ကစားသည်တွင် လေးကြိမ်မြောက်သူတို့ဘက်မှ ဂိုးသွင်းနိုင်သည်မို့ မင်းသူမျက်နှာညိုချင်နေသည်။
"ထက်ပိုင် လူချကွာ။"
မင်းသူ ထက်ပိုင်နားနားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။ ထက်ပိုင်တစ်ချက်ရယ်လိုက်ရင်း ခေါင်းကိုမသိမသာညိတ်ပြသည်။ ဒီအတိုင်းတော့ သူတို့နိုင်မည့်ကိန်းမရှိ။ မင်းသူက ဘောလုံးနောက် ပြေးလိုက်သလိုနှင့် ရန်နိုင့်ပခုံးကို ဝင်တိုက်ပစ်လိုက်သည်။ ရန်နိုင်ဟန်ချက်ပျက်သွားချိန် ထက်ပိုင်ဘောလုံးကို ဖြတ်ယူကာ ဆက်ပိုင်တို့ ဂိုးပေါက်ရှိရာ သယ်လာခဲ့သည်။ ခက်သည်က ဆက်ပိုင်သူ့ရှေ့မှ ကာထားခြင်းဖြစ်သည်။ ကြိုးစားကာ ပတ်ချာလှည့်သယ်ရန်လုပ်သော်လည်း နှစ်စက္ကန့်အတွင်းမှာပင် ဆက်ပိုင်ခြေထောက်ထဲ ဘောလုံးပြန်ရောက် သွားသည်။ မရတော့။ ဆက်ပိုင်လက်မောင်းကို ထက်ပိုင်ဖမ်းဆွဲလိုက်သည်။
"ဟာ.. ကိုထက်..လွှတ်ဗျာ။"
ထက်ပိုင်ညစ်ကျယ်ကျယ်ရယ်ကာ ဆက်ပိုင်လက်မောင်းကိုမလွှတ်။ အတင်းဖမ်းဆွဲကာ ဆက်ပိုင်ခြေထောက်ထဲမှဘောလုံး သူ့ထံရောက်လာအောင် ကြိုးစားနေသည်။ ရန်နိုင်လည်း မင်းသူကိုကျော်တက်ရန်ကြိုးစား၍မရ။ မင်းသူက ဘောလုံးကစားနေရာမှ ဘောလုံးကိုစိတ်မဝင်စားတော့ဘဲ ထုပ်ဆီးတိုးနေသလို ညီဖြစ်သူကိုသာ ရှေ့ဆက်သွား၍မရအောင် တားဆီးထားသည်။
ဆက်ပိုင်ရုန်းကန်နေရာမှ ထက်ပိုင်ခြေချော်သွားသဖြင့် နှစ်ယောက်လုံး သောင်ပြင်ပေါ် လုံးထွေးပြုတ်ကျသွားသည်။ ဆက်ပိုင် မသိစိတ်ဖြင့် ထက်ပိုင်ကို အောက်မကျအောင် လှမ်းကာလိုက်မိသည်။ သူကိုယ်တိုင်ကတော့ သဲပြင်ပေါ် ပက်လက်လန်ကျသွားသည်။ သောင်ပြင်မို့ခေါင်းအုံးတစ်ခုလို အိစက်နေသည်မို့သာ တော်သေးသည်။
ထက်ပိုင်လည်း ဆက်ပိုင်ကိုယ်ပေါ် မှောက်ရက်ကျသွားသည်။ နီးစပ်လွန်းလှသော ထက်ပိုင်၏ အသက်ရှူငွေ့ကို သူ့ နှာခေါင်းထိပ်တွင် ခံစားလိုက်ရသည်။ ချွေးစက်များနှင့် ကျယ်ပြန့်သောနဖူးပြင်။ စူးရှသောမျက်လုံး။ တင်းတင်းစိထားသော နှုတ်ခမ်းပါးတစ်စုံ။ မိုင်ကယ်အန်ဂျန်လို၏ ဒေးဗစ်ဒ်ရုပ်တုလို အချိုးကျပြေပြစ်သော ကိုယ်ခန္ဓာ။ ဆက်ပိုင်အသက်ရှူဖို့ခေတ္တခဏမေ့လျော့သွားမိသည်။ ဒါပေမယ့် ချက်ချင်းလိုလို ဆက်ပိုင် သူ့အစ်ကိုရင်ဘတ်ကို တွန်းလိုက်သည်။
YOU ARE READING
စည်း
Romance(Unicode & Zawgyi) ပင်လယ်ဆိုသည်မှာ လေညင်းအောက်တွင် သာယာငြိမ့်ညောင်းစွာ လှုပ်ခတ်ရုံ လှုပ်ရှားပြီး ပြင်းထန်သော လေပြင်းအောက်တွင်မူ ဒေါသမာန်ကြီးစွာ ရုန်းကန်လာခဲ့မည်။ ခွန်းထက်ပိုင်သည်လည်း ပင်လယ်တစ်ခုဖြစ်ခဲ့သည်။ သူ၏ တည်ငြိမ်အေးချမ်းနေသည့် ဘဝပင်လယ်တွင် မုန...
Part 7 (Unicode)
Start from the beginning
