Chapter 54

895 135 19
                                    

Unicode

အခန်း {၅၄}

ကိုယ့်ထိုက်နှင့် ကိုယ့်ကံပေ

ညစာစားချိန်၌ ကလေးများဟာ ထမင်းစားပွဲသို့ အလျှိုလျှိုရောက်လာကြသည်။ ယန့်အာနှင့်မင်အာတို့သည် ကျူ့ယွင်ကျင်ဘေးတွင် ဘယ်ညာတစ်ဖက်စီထိုင်ကာ ထမင်းစားဖို့ရာအတွက် စည်းနှင့်ကမ်းနှင့်စောင့်စားနေကြလေသည်။

ကျူ့ယွင်ရွှမ်းအကြည့်များက ယန့်အာကိုယ်ပေါ်ကနေ တောက်လျှောက်ကပ်ပါနေသည်ကို ကျူ့ယွင်ကျင်သတိပြုမိလိုက်ပြီး ယန့်အာလက်လေးကို ကိုင်ကာအသံတိုးတိုးမေးလိုက်သည်။

"ယန့်အာသား ဘထွေးတော်နဲ့အတူတူ သွားထိုင်လိုက်မလား?"

ယန့်အာမျက်လုံးလေးပင့်လျက် မျက်နှာငယ်လေးနှင့် ကျူ့ယွင်ကျင်အားကြည့်ကာ ခေါင်းလေးယမ်းပြီး ဘာစကားမှမပြော။

"ထားလိုက်ပါ။ သူထိုင်ချင်တဲ့ နေရာထိုင်ပါစေ။ ကလေးက မင်းကိုတစ်လလောက်မတွေ့ရတော့ လွမ်းနေရှာ‌မှာပေါ့။"

ကျူ့ယွင်ရွှမ်း အတင်းအကြပ်မလုပ်ဝံ့။ ကလေးကို ‌စိတ်မသက်မသာဖြစ်အောင်ပိုလို့မလုပ်ချင်။

"စားရအောင်လေ။"

ကျူ့ယွင်ရွှမ်းနံဘေးထိုင်နေသော ကျူ့ယွင်ချုံသည် ယန့်အာကိုတစ်လှည့် ကျူ့ယွင်ကျင်ကိုတစ်လှည့်ကြည့်နေကာ သံသယစိတ်တို့ရှိပေမဲ့ လိမ္မာပါးနပ်စွာဖြင့် ဘာမှထုတ်မမေးချေ။ သူဟာ ဘာမှမသိနားမလည်တဲ့ ကလေးတစ်ယောက်မဟုတ်တော့ပါ။ လေးငါးနှစ်လောက်ရှည်ကြာတဲ့ လောကဓံဇာတ်ခုံကြောင့် အပြည့်အဝရင့်ကျက်စေခဲ့ပြီးသားပါ။ ယွမ်ပေါင်တို့ ကျူ့ယွင်ရွှမ်းကို ခေါ်ဝေါ်သည့်အသုံးအနှုန်းတွေကြောင့် ကျူ့ယွင်ကျင်ဘယ်သူဘယ်ဝါဆိုတာ သူမှန်းဆထားပြီးဖြစ်ပေမဲ့ မသိသလိုသာဟန်ဆောင်နေလိုက်သည်။

ယွမ်ပေါင်က နှုတ်ခေါင်းလေးရှုံ့ရင်း ယန့်အာကို မျက်နှာမဲ့ပြလိုက်သည်။

"ငတုံးလေး"

ယန့်အာမှာ မျက်လုံးလေးပေကလက်‌ပေကလက်နှင့် သဘောမပေါက်သည့်ဟန်။

မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍ Where stories live. Discover now