Unicode
အခန်း {၂၃}
မုန်းတီးနေသူက သေစေလို
လျန်ကျန်းသည် စင်္ကြံဘေးနားရပ်နေကာ မျက်လုံးအစုံကိုလည်း ခပ်ဖွဖွမှေးကျဥ်းထားလေ၏။ လေနှင့်အတူ ယိမ်းနွဲ့နေသည့် ဆောင်းဦးစံပယ်ပန်းလေးတွေအား စွဲမက်စွာငေးမောနေသည့် သွင်ပြင်သည် အထီးကျန်ဆန်လွန်းနေလျက်။
ကျူ့ယွင်ရွှမ်းသည် ပင့်ဖိတ်မှုကြောင့် ဝင်လာခဲ့ပြီး သူသည် လေးငါးလမ်းအကွာ နေရာ၌ ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ငယ်သားများသည် ကိုယ့်အသိစိတ်နှင့်ကိုယ် ဆုတ်ခွာသွားလေ၏။ ကျူ့ယွင်ရွှမ်းနှင့်အတူပါလာသည့် ကောင်းအန်းကိုပင် အပြင်ဘက်၌ တားဆီးထားကြခြင်း။
အတန်ကြာ တိတ်ဆိတ်သွားပြီးနောက် ကျူ့ယွင်ရွှမ်း သက်ပြင်းတစ်ချက်ချလိုက်ပြီး လေးနက်သည့်အသံဖြင့် လျန်ကျန်းအား မေးလိုက်သည်။
"ကျောင်းဝမ်က အိမ်တော်ကိုလာဖို့ ဖိတ်ခေါ်တယ်ဆိုတော့ ဘာအရေးကိစ္စတွေများရှိလို့ပါလဲ?"
လျန်ကျန်းသည် လက်ကိုမြှောက်လျက် စင်္ကြံဘေးရှိ ပန်းတစ်ပွင့်အား ကိုင်းမှနေချိုးကာ ခူးယူလိုက်ပြီး နောက်လှည့်၍ ကျူ့ယွင်ရွှမ်းရှေ့ ထိုးပေးလိုက်၏။
"အရှင်မင်းကြီး လိုချင်လား?"
ကျူ့ယွင်ရွှမ်း လက်မခံချေ။
"ကျောင်းဝမ် ပြောစရာရှိရင် တည့်ပြောပါ။ ကိုယ်တော် နန်းတော်ကို အမီပြန်ရမယ်။"
လျန်ကျန်းသည် မျက်လွှာချထားကာ လက်ထဲရှိ နူးညံ့လှပသည့် ပန်းကလေးအားကြည့်လျက် တိုးဖျဖျပြောလာသည်။
"တကယ်မလိုချင်ဘူးလား?။ သည်ပန်းလေးက အရမ်းလှတာကို အရှင်မင်းကြီးရဲ့ မျက်လုံးထဲ ဘာလို့မဝင်နိုင်ရတာလဲ?"
"ကိုယ်တော်ပြောပြီးပြီ။ ကိုယ်တော် နန်းတော်ကိုပြန်ရမယ်လို့။"
လျန်ကျန်းသည် တစ်ဖန်မော့ကြည့်ကာ အပြုံးမမည်သည့်အပြုံးဖြင့် သူ့အားငေးစိုက်ကြည့်ပြီး..
"နန်းတော်ပြန်ပြီး ဘာလုပ်မှာလဲ?။ ထုံးတမ်းစဉ်လာဌာနက အရာရှိတွေ မင်္ဂလာကိစ္စအကြောင်း လာတင်ပြတာကို စောင့်နေမလို့လား?"
YOU ARE READING
မြစ်ကိုကြားခံထားလို့ တောင်ကိုသက်သေတည်၍
Romance"အရှင်မင်းကြီး လက်ညှိုးညွှန်ရာ ရွှေဖြစ်စေရမယ်လို့ ကိုယ်ကတိပေးတယ်။ အပေးအယူက မင်း ကိုယ့်ကိုယ်ကိုယ် ပေးအပ်ရမယ်။" ~~~ Myanmar translation of 江山许你 by 白芥子 English Title - Granting You Sovereignty Of The Nation Total Chapters - 90 Chapters + 12 Extras Engl...