||အိမ်ရှေ့စံ အရှင့်သား၏ ထူးဆန်းစွာ မှတ်ဉာဏ်ပျောက်ဆုံးသွားခြင်း အဖြစ်အပျက် [ အပိုင်း ၃] ||
ရှဲ့လျန်ရဲ့ မျက်လုံးအစုံဟာ ပြူးကျယ်သွားတယ် ။
သူ့မျက်နှာတစ်ခုလုံး မယုံကြည်သလို အမူအရာဖြစ်လာချိန် စန်းလန်က မေးလာတယ် ။
"ဘာဖြစ်လို့လဲ?"
ရှဲ့လျန်ဘယ်လိုလုပ်ပြောထွက်နိုင်မှာလဲ ? လိမ်ညာခံရတယ် ။ လှည့်ပတ်ပြီး အရူးလုပ်ခံရတယ် ။ ဝမ်းနည်းနာကျင်မှုဝေဒနာတွေက ခေါင်းထဲမှာ တရိပ်ရိပ်တိုးလာနေတဲ့ သွေးတွေနဲ့ ရောယှက်နေခဲ့တယ် ။ သူက စားပွဲပေါ်ကို လက်ဖဝါးနဲ့ ရိုက်ချလိုက်ပြီး အံကြိတ်ကာ တစ်လုံးချင်းပြောလိုက်တယ် ။
" ... လတ်စသတ်တော့ ... ခင်ဗျားကိုး..."
အဲဒီစားပွဲက သူ့ရဲ့ ရိုက်ချက်ကို မခံနိုင်ဘဲ နေရာတင် အစိတ်စိတ်အမွှာမွှာ ကျိုးကျသွားတယ် ။ ကံကောင်းတာက စားသောက်ဆိုင် ဒုတိယထပ်မှာ သူတို့အပြင် ဘယ်သူမှရှိမနေခဲ့တာပဲ ။ မဟုတ်ရင် ပတ်ဝန်းကျင်ကို အကြီးအကျယ် အထိတ်တလန့် ဖြစ်သွားစေမှာ သေချာတယ် ။ ရှဲ့လျန်လက်ထဲမှာ ဘာလက်နက်မှ မရှိတာကြောင့် သူက လက်ဝါးချက် တစ်ချက်ထပ်ထုတ်လိုက်တယ် ။ ဒါပေမဲ့ စန်းလန်က သူ့ခုံမှာဆက်ထိုင်နေပြီး ခေါင်းလေးကိုသာ အသာစောင်းငဲ့လိုက်တယ် ။
အဲဒီလက်ဝါးချက်က သူ့နောက်က နံရံကို ထိုးခွဲဝင်ရောက်သွားပြီး ကျောက်မှုန်ကျောက်စတွေ တဖျောဖျောနဲ့ကျလာတယ် ။ ဒါပေမဲ့ သူက တုတ်တုတ်မျှမလှုပ်ဘဲ လက်တွေကို ပိုက်ထားရင်း မျက်လုံးတစ်ချက်ဝံ့ကြည့်ပြီး မေးလာတယ် ။
" တောက်ကျန် ဒါက ဘာသဘောလဲ?"
ရှဲ့လျန်ရဲ့ မျက်နှာက အတော်လေး ပူလောင်နေပြီး လက်ရှိမှာ သူ့မျက်နှာ ဘယ်လောက်နီးမြန်းနေမှန်းတောင် သူမသိနိုင်တော့ဘူး ။ သူ့ရဲ့ ကျန်လက်တစ်ဖက်က လက်ဆစ်တွေဟာ တဖျစ်ဖျစ်တဖြောက်ဖြောက်မြည်နေပြီး ဒေါသတကြီးနဲ့ ပြောလိုက်တယ် ။
" ခင်ဗျား ... ဟန်ဆောင်မနေနဲ့ ... ခင်ဗျား ကျုပ်ကို ဘာလုပ်ခဲ့လဲဆိုတာ ... ခင်ဗျားအသိဆုံးနေမှာပဲ..."
![](https://img.wattpad.com/cover/359752972-288-k411556.jpg)