|| ကောင်းကင်ကူးတံတား ၊ အတိတ်ကာလ အချိန်များဆီသို့ ပြန်လည်ရောက်ရှိ သွားကြသော သူရူးသုံးယောက် ||
ထိတ်လန့်ကြောက်ရွံ့မှုထဲ စုံးစုံးမြုပ်သွားခဲ့တာလား ချစ်ချစ်တောက်လောင် ကျွမ်းလောင်နေတဲ့ ချော်ရည်ပူထဲလားတော့ မသိပေမဲ့ ရှဲ့လျန်တစ်ကိုယ်လုံး လွှမ်းမိုးနှစ်မြှုပ်ခံလိုက်ရတယ် ။
အချိန်အတော်ကြာမှ ရှဲ့လျန်တစ်ယောက် သတိပြန်ရလာခဲ့တယ် ။
သူနိုးလာတဲ့ တဒင်္ဂ သူဟာ အေးစက်မာကျောတဲ့ မြေပြင်ပေါ်မှာ လဲနေခဲ့တာကို သိလိုက်ရတယ် ။ မုချင်က သူ့ဘေးမှာ ပုံလျှက်သား ထိုင်နေခဲ့ပြီး သူ့ကို ငေးငေးငိုင်ငိုင်နဲ့ကြည့်နေခဲ့တယ် ။
ရှဲ့လျန်ရဲ့ အမြင်အာရုံထဲမှာ အနီစွေးစွေးဟာ ခပ်ရေးရေး ရှိနေသေးပြီး ရုတ်ခြည်းထထိုင်လိုက်ရင်း ခေါ်လိုက်တယ် ။
"စန်းလန်"
ဒါပေမဲ့ သူထထိုင်လိုက်တဲ့ အခိုက်အတန့် မုချင်ဟာ ဆတ်ခနဲ အသိစိတ်ပြန်ဝင်လာပြီး ပြောတယ် ။
" လျှောက်မလှုပ်နဲ့!"
ရှဲ့လျန်ဟာ အမှုမဲ့ အမှတ်မဲ့နဲ့ လက်ဖဝါးတစ်ဖက်ကို မြေကြီးပေါ်ထောက်လိုက်ပေမဲ့ လေဟာနယ်ကိုသာ ထောက်မိပြီး ဟန်ချက်ပျက်သွားကာ သူ့တစ်ကိုယ်လုံး ပြိုလဲ ပြုတ်ကျလုနီးနီးဖြစ်သွားခဲ့တယ် ။ အနည်းငယ် တအံ့တဩဖြစ်သွားပြီးမှ သူဟာ မြေပြင်ပေါ်မှာ လဲကျနေခဲ့တာ မဟုတ်မှန်း နောက်ဆုံးတော့ သိသွားခဲ့တယ် ။
သူဟာ တံတားတစ်စင်းပေါ်မှာ လဲနေခဲ့တာပဲ !
ဒီနေရာက ကျယ်ပြော ကြီးမားလှတဲ့ ဟာလာဟင်းလင်း မြေအောက်ကျောက်လိုဏ်ဂူတစ်ခုပဲ ။ အမိုးခုံးဟာ ကျယ်ပြောနက်ရှိုင်းလှတဲ့ ညကောင်းကင်ယံဆီ ထိုးဖောက်ဝင်ရောက်နေခဲ့ပြီး ကျောက်လိုဏ်ဂူထဲမှာ "လေပေါ်ဝဲ" နေတဲ့ တံတားပျက်တစ်စင်းရှိနေတယ် ။
တံတားရဲ့ ကိုယ်ထည်က အကြီးအကျယ်ထိခိုက် ပျက်စီးနေပြီး ကျောစိမ့်ဖွယ်ရာ မဲနက်နေကာ သစ်သားတစ်မျိုးမျိုးနဲ့ တူသလိုလို ကျောက်သားလို့လည်း ထင်ရတယ် ။ ကြည့်ရတာ နှစ်ထောင်ပေါင်းများစွာ မိုးလေ တိုက်စားတဲ့ ဒဏ်ကို ခံခဲ့ရပြီး ဖုန်အထပ်ထပ်နဲ့ မီးကျွမ်းလောင်ခံထားရသလိုပဲ ။ တိုင်လုံးတွေနဲ့ ထောက်မပေးထားတာမျိုး မရှိဘဲ လေပေါ်ဝဲ အနေအထားရှိနေပြီး အဆုံးနှစ်ဖက်ဟာ အဆုံးစမဲ့စွာ ဆန့်တန်းတည်ရှိနေခဲ့တယ် ။ အစတည်နေရာကို မသိနိုင်သလို ဘယ်ဆီဘယ်ဝယ်မှာ အဆုံးသတ်သလဲ ဆိုတာလည်း မမြင်နိုင်ဘဲ သူ့ရဲ့ ဦးတည်ရာဟာ လျို့ဝှက်ဆန်းကြယ် ပဟေဠိတစ်ခုသဖွယ် ဖြစ်နေခဲ့တယ် ။ တချို့သောနေရာတွေက ပေသုံးဆယ်လောက် ကျယ်ပေမဲ့ တချို့နေရာတွေက သိပ်ကျဉ်းမြောင်းလွန်းပြီး လူတစ်ယောက်စာသာ ဖြတ်သွားလို့ ရနိုင်တဲ့ အနေအထားပဲ ရှိတယ် ။