213-လိပ်ခဲတည်းလည်းအခြေအနေကိုဖြိုခွင်း၍ ချိန်ကိုက်ပို့ဆောင်လာသောလက်ဆောင်လေး

886 123 0
                                    

|| လိပ်ခဲတည်းလည်း အခြေအနေကို ဖြိုခွင်း၍ ချိန်ကိုက် ပို့ဆောင်လာသော လက်ဆောင်လေးတစ်ခု [ အပိုင်း ၁ ] ||

ရုတ်တရက် သူ့ခေါင်းထဲမှာ အလင်းပွင့်သွားခဲ့တယ် ။ ရှဲ့လျန်ဟာ ယင်ယွိကို အသာချလိုက်ပြီး ထရပ်လိုက်ရင်း ပြောတယ် ။

" ... ကျိန်စာလက်ပတ် ... သူ ကျိန်စာလက်ပတ်ကို ယူသွားတယ် !"

တကယ်လို့သာ အဲဒီပစ္စည်းက အရေးမကြီးဘူးဆိုရင် ကျွင်းဝူက ယူသွားမှာ မဟုတ်ဘူး ။ ဒါပေမဲ့ သူဟာ ယင်ယွိရဲ့ သွေးတွေ အပြည့်စုပ်ယူထားတဲ့ ကျိန်စာလက်ပတ်ကို ဖြုတ်ယူပြီး ထွက်သွားခဲ့တယ်။ ကြည့်ရတာ အဲဒီအရာက ယင်ယွိရဲ့ သွေးချည်း စုပ်ယူသွားတာ မဟုတ်နိုင်လောက်ဘူး ။ သူ့ရဲ့ ဝိညာဉ်ကိုပါ ပိတ်လှောင်ချုပ်နှောင်သွားတာ ဖြစ်လိမ့်မယ် !

ဒီလိုတွေးမိလိုက်တဲ့အခါ ရှဲ့လျန်ဟာ ရိုက်နှက်ခံရပြီး ဖူးယောင်နေတဲ့ ချွမ်ယိကျန်းကို ထားခဲ့ပြီး ချီရင်းနန်းဆောင် နောက်ဘက်ဆီကို ပြေးထွက်လာခဲ့တော့တယ် ။ ဒါပေမဲ့ ကျွင်းဝူက အဲဒီမှာ မရှိတော့ဘူး ။ ဒါနဲ့ သူ ပြန်လှည့်ပြီး ပြေးထွက်လာခဲ့တယ် ။

ကောင်းကင်ဘုံ မြို့တော်ကြီးရဲ့ အဓိက လမ်းမကြီးပေါ်မှာ လုံးဝ တိတ်ဆိတ် ခြောက်ကပ် လူသူကင်းမဲ့နေပြီး မထင်မှတ်ဘဲ လွင်တီးခေါင်ပြင်သဖွယ် ဖြစ်နေခဲ့တယ် ။ ယခင်က စည်စည်ကားကား အသွားအလာမပြတ်တဲ့ ဂုဏ်သရေရှိ နတ်မင်းအပေါင်းရဲ့ နန်းဆောင်ပေါက်ဝတွေမှာ မျက်နှာသေနဲ့ စောင့်ကြပ်နေကြတဲ့ အစောင့်တွေပဲ ရှိနေခဲ့ပြီး ဘယ်အစောင့်ကမှ သူ့ကို အာရုံထဲမထည့် ဂရုမစိုက်ကြဘူး ။ ရှဲ့လျန်ကလည်း သူတို့ကို ဂရုမစိုက်ဘဲ ရှန်ဝူနန်းဆောင်ကြီးဆီကိုသာ တန်းတန်းမတ်မတ်ပြေးလာခဲ့တယ် ။

တကယ်ပဲ ကျွင်းဝူဟာ အဲဒီမှာ ပြန်ရောက်နေခဲ့ပြီ ။ သူက ပလ္လင်ပေါ်မှာ ထိုင်နေပြီး ကျိန်စာလက်ပတ်ကို စိုက်ကြည့်နေတယ် ။ ရှဲ့လျန် ပြေးဝင်သွားတဲ့သခိုက် အပေါ်ဘက်ဆီက ထူးဆန်းတဲ့ ကလူးကလူး အော်သံတစ်ခု ကြားလိုက်ရပြီး မော့ကြည့်လိုက်တဲ့အခါ သန္ဓေသားလောင်းတစ္ဆေဟာ ရွှန်းတင့် ခမ်းနားတောက်ပတဲ့ မျက်နှာကျက်ပေါ်မှာ သူ့ခြေလက်လေးဖက်နဲ့ တွဲလောင်းခိုနေတာကို တွေ့လိုက်ရတယ် ။ ၎င်းဟာ သွေးအေးသတ္တဝါတစ်ကောင်လို အထက်တက်လိုက် အောက်ဆင်းလိုက်နဲ့ လျင်မြန်စွာ တွားသွားနေပုံက အတော်လေး ကျောချမ်း ထိတ်လန့်စရာပဲ ။

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now