|| အရှင်က ပန်းကလေးကို တမ်းတသလို ကျွန်တော်က အရှင့်ကို လွမ်းရတယ် ||
ရှဲ့လျန်က ပုလဲကို သိမ်းလိုက်ပြီး လှမ်းကြည့်လိုက်တယ် ။ ကောင်းကင်ဘုံ နတ်မင်းအတော်များများဟာလည်း ဟောင်းနွမ်းစုတ်ချာနေတဲ့ တဲအိုပျက်ကြီးထဲကနေ ထွက်လာပြီး မေးကြတယ် ။
"ဘာဖြစ်လို့လဲ စစ်သူကြီး နန်ယမ်း ?"
ဖုန်းရှင့်ပြောတာကို သူတို့ကြားလိုက်ကြရတယ် ။
"ကျွန်ုပ် ဘာဖမ်းမိလာလဲ သင်တို့ကြည့်လိုက်"
သူက တောအုပ်ကို ဖြတ်ပြီး ရှေ့ကို ဒုန်းစိုင်းလျှောက်လာရင်း လက်ထဲမှာ အနက်ရောင်ဝတ်ရုံနဲ့ ပုဂ္ဂိုလ်တစ်ယောက်ကို ဆွဲခေါ်လာတယ် ။ ကောင်းကင်ဘုံ နတ်မင်းအပေါင်းတို့ဟာ အံ့အားသင့်သွားကုန်တော့တယ် ။
" လင်းဝမ်!"
ဖုန်းရှင့်လက်ထဲမှာ ဖမ်းချုပ်ခေါ်လာသူက လင်းဝမ်ပဲ ။ ဖုန်းရှင့်က ရှဲ့လျန်ဘက်ကို လှည့်ပြီး ပြောလိုက်တယ် ။
" သင်ထင်တဲ့ အတိုင်းပဲ လင်းဝမ်က တကယ်ပဲ အမတကျင်ခပ်အင်္ကျီကို သွားခိုးတယ်"
ကျိန်စာပတ်ကြိုးတွေ ဖယ်ရှားလိုက်ပြီးတဲ့နောက် ရှဲ့လျန်ရဲ့ ဝိညာဉ်စွမ်းအားတွေဟာ ကျွင်းဝူနဲ့ ညီတူညီမျှနီးနီးထိ တိုးပွားများပြားလာတာကြောင့် အမတကျင်ခပ်အင်္ကျီက သူ့ကို ဘာမှ မလုပ်နိုင်တော့တာဟာ သဘာဝပဲ ။ ဟွားချန်ကြောင့် လင်းဝမ်ဟာ ပစ်တိုင်းထောင်ရုပ် အဖြစ်ပြောင်းသွားခဲ့ပြီး တိုက်ပွဲကြီးထဲမှာ ပျောက်ဆုံးသွားခဲ့တယ် ။ တိကျတဲ့ အချိန်တစ်ခုရောက်တဲ့အခါ သူမရဲ့ ကိုယ်ပေါ်က မန္တာန်က အလိုလို ပျက်ပြယ်သွားခဲ့တာကြောင့် သူမကို ဘယ်မှာမှ ရှာလို့ မတွေ့တော့တာပဲ ။ ဒါပေမဲ့ သူမက အမတကျင်ခပ်အင်္ကျီကို လာရောက်ခိုးယူလောက်တယ်လို့ ရှဲ့လျန် တွေးထင်မိတယ် ။ ဒါကြောင့် အဲဒီဝတ်ရုံကို ချွတ်ထားပြီး တစ္ဆေမြို့တော်ကို လေသံလွှင့်ပေးဖို့ အကူအညီတောင်းခဲ့တယ် ။ ထင်တဲ့အတိုင်းပဲ လင်းဝမ်ဟာ ငါးစာလာဟပ်မိတာပဲ ။
လင်းဝမ်ဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေး တစ်ယောက်အဖြစ်နဲ့ အဖမ်းခံရပြီး ယာယီ ညီလာခံ ခန်းမထဲ ခေါ်လာခံရတာတောင် တုန်လှုပ်ဟန်မပြသေးဘူး ။ ဖေမင်ဝင်လာတဲ့အခါ သူက သူမရဲ့ ပုခုံးတွေကို ဖိချလိုက်ပြီး စားပွဲတစ်လုံးရဲ့ ရှေ့မှာ ထိုင်ခိုင်းလိုက်ကာ ခပ်တင်းတင်းလေသံနဲ့ ပြောတယ် ။