201-မိုးမြေတခွင်မားမားမတ်မတ် ရပ်တည်နေသည့် နတ်မင်း ၊ကြေးနီဖိုမှ ဖောက်ထွက်ခြင်း

1K 127 3
                                    

|| မိုးမြေတခွင် မားမားမတ်မတ် ရပ်တည်နေသည့် နတ်မင်း ၊ ကြေးနီဖိုမှ ဖောက်ထွက်ခြင်း [ အပိုင်း ၃ ] ||

ဧရာမ နတ်ရုပ်တုကြီးဟာ မြေကြီးပေါ်ကနေ ဖြည်းဖြည်းချင်း ကုန်းထရပ်လိုက်ချိန် ရှေ့ဆုံးက တောင်ဝိညာဉ်ဟာ အပြင်းဝင်တိုက်တော့တယ် ။

ရှဲ့လျန်ဟာ ဟွားချန် အရင် ထုံလူတောင်အဝန်းအဝိုင်းမှာ ရှိနေခဲ့ချိန်က အဲဒီတောင်ကြီးသုံးလုံးဟာ သူ့ကို ဒဏ်မခံနိုင်လောက်အောင် အမြဲလိုက်လံ ဒုက္ခပေးကြောင်း ပြောခဲ့ဖူးတာကို ပြန်အမှတ်ရလိုက်တယ် ။ ဒါကြောင့် လျော့မတွက်ရဲဘူး ။ သူ့ရဲ့မသိစိတ်က ဆက်တိုက်ခုန်လိုက်ပြီး တောင်ပေါ်ကနေ တစ်ပတ်လှည့် ခုန်ကျော်လိုက်ဖို့ ကြံရွယ်လိုက်ပေမယ့် သူ့အနေနဲ့ ဤမျှလောက်ကြီးမားတဲ့ ဧရာမနတ်ရုပ်ကြီးကို အရင်က တစ်ခါမှ မထိန်းချုပ်ခဲ့ဖူးသလို ဒီလောက်ရှုပ်ထွေးတဲ့ လှုပ်ရှားမှုမျိုးကို ကျွမ်းကျင်စွာ မကိုင်တွယ်လိုက်နိုင်တာကြောင့် မတတ်သာစွာနဲ့ပဲ ကမောက်ကမဖြစ်သွားခဲ့တယ် ။ သူ မခုန်ကျော်လိုက်နိုင်ဘဲ နောက်တစ်ကြိမ် လဲကျသွားတော့တယ် ။

ဒုန်း အုန်း အုန်း ! မိုးမြေတခွင် သိမ့်သိမ့်တုန်သွားလေရဲ့ ။ ဧရာမ နတ်ရုပ်တုကြီးဟာ ဝူးယုံး မင်းနေပြည်တော်အနီးမှာ လဲကျသွားပြီး လမ်းမကြီးတစ်လျှောက်ကို ဖျက်ဆီးပစ်လိုက်တော့တယ် ။ အသာလေးတစ်ချက်လောက် လှုပ်လိုက်တာနဲ့တင် ဧရာမ နတ်ရုပ်တုကြီးရဲ့ ဖိချေမှုကြောင့် ကြီးကျယ်ခမ်းနားတဲ့ အိမ်ကြီးရခိုင်တွေ ၊ နန်းဆောင်တွေဆီက ဆက်တိုက် ပြိုကျပျက်စီးသံတွေကို ကြားရနိုင်တယ် ။ လှုပ်ယမ်း တုန်ခါမှုကြားမှာ ရှဲ့လျန်ဟာ နောက်တစ်ကြိမ် လွင့်ထွက်သွားလုနီးနီး ဖြစ်ခဲ့ပေမယ့် ဟွားချန်က လက်တစ်ဖက်နဲ့ မြဲမြံစွာ ဖမ်းဆွဲထားလိုက်ပြီး ပြောတယ် ။

" ကျွန်တော်နဲ့ လိုက်ခဲ့!"

သူက ရှဲ့လျန်ကိုခေါ်ပြီး ဧရာမနတ်ရုပ်ကြီးရဲ့ ခေါင်းပေါ်ကို ခြေလှမ်းအနည်းငယ်လောက်နဲ့ ခုန်တက်သွားခဲ့တယ် ။ ဖြစ်ချင်တော့ ဒီ ဟွားကွမ်းဝူရှန် ( ပန်းသရဖူဆင်ယင် စစ်နတ်မင်းအရှင် ) ဧရာမ နတ်ရုပ်တုတော်ကြီးဟာ ဆံပင်ကို ကျောက်စိမ်း ဦးရစ်တန်ဆာတစ်ခုနဲ့ စည်းနှောင်ထားခဲ့တာဖြစ်ပြီး ၎င်းက လသာဆောင်ငယ်လေးသဖွယ် ဖြစ်နေခဲ့တယ် ။ သူတို့နှစ်ယောက်သား အဲဒီ ကျောက်စိမ်းဦးရစ်တန်ဆာပေါ်ခုန်တက်သွားခဲ့ပြီး နောက်ဆုံးတော့ နတ်ရုပ်တုကြီးရဲ့ လက်ဖဝါးပေါ်နဲ့ ပုခုံးပေါ်မှာ ရပ်နေတာထက် ပိုပြီး တည်ငြိမ်တဲ့ အတည်တကျနေရာကို ရှာတွေ့သွားခဲ့တယ် ။

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now