208-မကောင်းဆိုးဝါးမိစ္ဆာဟာကြေးမုံပြင်ထက် ထင်ဟပ်လာတဲ့အခါ ပုံးကွယ်၍မရနိုင်တော့ပါ

623 83 1
                                    

|| မကောင်းဆိုးဝါးမိစ္ဆာဟာ ကြေးမုံပြင်ထက် ထင်ဟပ်လာတဲ့အခါ ပုံးကွယ်၍ မရနိုင်တော့ပါ ||

ကောင်းကင်ဘုံမြို့တော်ရဲ့ အဓိက လမ်းမကြီးထက် အလဲလဲအပြိုပြိုနဲ့ ရောက်သွားသည်အထိ ရှဲ့လျန်ဟာ သူ့မျက်နှာအောက်ပိုင်းတစ်ဝက်ကို လက်နဲ့ အုပ်ကာထားဆဲဖြစ်ပြီး တစ်လမ်းလုံး ဒယီးဒယိုင် တုန်တုန်ရီရီ ဖြစ်နေခဲ့တယ် ။ လမ်းပေါ်မှာ ရေးကြီးသုတ်ပြာ သွားလိုက်လာလိုက် လုပ်နေတဲ့ နတ်အရာရှိငယ်တွေဟာ သူ့နားကပ်လာပြီး အကျိုးအကြောင်းမမေးဝံ့ကြပေမဲ့ အားလုံးက ချုပ်တည်းမထားနိုင်ဘဲ သူ့ကို ထူးဆန်းစွာနဲ့ စိုက်ကြည့်နေကြတယ် ။ ရှဲ့လျန်က လက်ကို အမြန်ချလိုက်ပြီး ခပ်မတ်မတ်ရပ်လိုက်ရင်း ဟန်ဆောင်ပန်ဆောင်နဲ့ သူ့နှုတ်ခမ်းကို ပွတ်လိုက်ကာ ထစ်ထစ်အအနဲ့ ပြောလိုက်တယ် ။

"..နှုတ်ခမ်းက နည်းနည်းနာနေတယ် ... ဘယ်လိုဖြစ်တာလဲ မသိဘူး ... ဟားဟား..."

နတ်အရာရှိငယ်တွေ သူ့ကို ကြည့်တဲ့ အကြည့်က ပိုလို့တောင် ထူးဆန်းလာသေးတယ် ။

ဘာတွေများလုပ်လို့ နှုတ်ခမ်းတွေတောင် နာရတာလဲ ?

အမှန်တော့ တကယ် အနည်းငယ် နာနေခဲ့တာပါ ။ စောစောက ခုန်တိုးတိုက်ပြီး နမ်းမိတဲ့ အနမ်းတစ်စမှာ အားသုံးတာများသွားခဲ့တယ်လေ ။ ဟွားချန်လည်း သူ့ရဲ့ တိုးတိုက်မှုကို ခံလိုက်ရမှာသေချာတယ် ။ ဒါပေမဲ့ ရှဲ့လျန် တိုးဝင်ဖိကပ်လိုက်ပြီးတဲ့နောက် သူပြုံးလိုက်သလိုပဲလို့ အသေအချာ ခံစားမိလိုက်တယ် ။ သူဟာ အဲဒီကိစ္စကို ထပ်မစဉ်းစားရဲတော့ဘဲ ခေါင်းငုံ့ရင်း သုတ်ချေတင် ရှေ့ဆက်လာခဲ့တယ် ။ တခြား နတ်အရာရှိတွေလည်း ကြာကြာဆက်မနေကြတော့ဘဲ ကိုယ်စီကိုယ်ငှ သုတ်သီးသုတ်ပျာ ဆက်သွားကုန်ကြတော့တယ် ။

ထုံလူတောင် ပြန်ပွင့်တဲ့ ဂယက်က သိပ်ကြီးကျယ်သွားလို့လားမသိ ကောင်းကင်ဘုံ မြို့တော်တစ်ခုလုံးရဲ့ အငွေ့အသက်က လေးလံပြီး မသက်မသာ ခံစားနေရတယ် ။ ရှန်ဝူ ခန်းမဆောင်ကြီးထဲမှာ နတ်မင်းတွေ တော်တော်များများ စုရုံး ရောက်ရှိနေကြပြီ ။ ထုံလူတောင်ရဲ့ အငြိုးအာဃာတ အပြည့်နဲ့ ဝိညာဉ်တွေကို နေရာအနှံ့အပြားဆီ ပို့လွှတ်ခံရချိန်မှာ အဲဒီထဲက အများစုက လူနေမှု အထူထပ်ဆုံးဖြစ်တဲ့ မင်းနေပြည်တော်ဆီ ပိုလွှတ်ခံရတာဖြစ်တယ် ။ ရှဲ့လျန်နဲ့ ဟွားချန်တို့က အခက်ခဲ အကြီးလေးဆုံးတာဝန်ကို ရွေးချယ်ခဲ့တာကြောင့် အခုချိန်ထိ ခက်ခဲ ပင်ပန်းစွာလုပ်ဆောင်နေခဲ့ရတာပဲ ။ ကျန်သူတွေကတော့ အကောင်ရာဂဏန်းလောက်နဲ့သာ ရင်ဆိုင်ခဲ့ကြရပြီး စောစီးစွာကတည်းက ကိုင်တွယ် ဖြေရှင်းပြီးသွားခဲ့ကြပြီ ။ ဖေမင် ၊ ဖုန်းရှင့် နဲ့ ကျန်သူတွေအားလုံးဟာ ကောင်းကင်ဘုံကို ပြန်ရောက်နေနှင့်ခဲ့ကြပြီး အားလုံးပင်ပန်းနွမ်းလျနေကြတယ် ။ ရှဲ့လျန်တစ်ယောက် ခန်းမဆောင်ကြီးထဲကို ဖြတ်ဝင်လိုက်ပြီး အားလုံးကို နှုတ်ဆက်သမှုပြုဖို့ ခေါင်းမော့လိုက်တာနဲ့ ပထမဆုံး မြင်လိုက်မိတာက မတွေ့တာကြာလှပြီဖြစ်တဲ့ လန်ချန်းချိုးကိုပဲ ။

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now