224-ကောင်းကင်ယံတွင်မိစ္ဆာခံတပ်မြို့တော်ကြီးနှင့် တိုက်ပွဲဆင်

545 79 0
                                    

|| မိုးနှင့်မြေ ကပြောင်းကပြန်အသွင် ၊ ကောင်းကင်ယံတွင် အလျှံညီးညီး မိစ္ဆာခံတပ်မြို့တော်ကြီးနှင့် တိုက်ပွဲဆင် [ အပိုင်း ၁ ] ||

ဧရာမ ကျောက်ဆစ်နတ်ရုပ်တုကြီးဟာ ကြက်သေသေနေတဲ့ မျက်လုံးအစုံပေါင်းများစွာရဲ့ အကြည့်အောက်မှာ ခပ်ရေးရေးပြုံးနေလျက်နဲ့ တဖြည်းဖြည်း မြင့်တက်လာတယ် ။ အဲဒီ နတ်ရုပ်တုကြီးဟာ မပျက်မယွင်း စင်းလုံးချော ရှိနေတာကို ရှဲ့လျန်တွေ့လိုက်ရပြီး အရင် ပိုင်ဝူရှန်းနဲ့ ထိတွေ့ တိုက်ခိုက်ခဲ့တုန်းက ခြေတစ်ဖက် ကျိုးပျက်ခဲ့ရတဲ့ အရိပ်ယောင်ကိုတောင်မှ မမြင်ရတော့တဲ့အခါ ပျော်ရွှင်ဝမ်းမြောက်စွာနဲ့ ပြောလိုက်တယ် ။

" စန်းလန် မင်း သူ့ကို ပြင်လိုက်ပြီလား ?"

ဟွားချန်က ခပ်သဲ့သဲ့ တစ်ချက်ရယ်လိုက်ပြီး ပြောတယ် ။

" ကောင်းကင်ဘုံကို တက်ပြီး ကောကောကို လာခေါ်မှတော့ လက်ဗလာနဲ့ လာလို့ ဘယ်ဖြစ်ပါ့မလဲ .. လာသွားစို့ !"

ရှဲ့လျန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်တယ် ။

" အားလုံးပဲ ! မြန်မြန်တက်ကြ !!"

ဒါပေမဲ့ အဲဒီတော့မှ နတ်မင်းတစ်အုပ်တစ်မကြီးဟာ သူ့ဘေးမှာ ရှိနေတဲ့ သူက ဟွားချန်မှန်း အရှင်းအလင်း တွေ့မြင်လိုက်ကြပြီး ဒူးထောက်ကျတော့မတတ် ဖြစ်သွားကုန်ကြတယ် ။

" အိမ်ရှေ့စံ အရှင့်သား သင့်ဘေးက ...ဟို ??"

ဖုန်းရှင့်ရဲ့ မျက်ခုံးတွေဟာ ပိုမို တွန့်ကွေးလာပြီး နောက်ဆုံးတော့ အော်ခေါ်နေတော့တယ် ။

" ကျန့်လန် !!! ကျန့်လန် !!!"

ပြန်ဖြေသူမရှိ ။

လန်ချန်းချိုးဟာ လမ်းထောင့်ချိုးထဲမှာ ခိုးကြောင်ခိုးဝှက်နဲ့ ပုန်းလျှိုးနေတဲ့ ချီရုံကို မြင်လိုက်ပြီး သွားဖမ်းတော့မဲ့ဆဲဆဲ ထိုက်ဟွာနန်းဆောင်နားက အဖြတ် မထင်မှတ်ဘဲ အထဲမှာ တစ်စုံတစ်ရာ ပေါက်ကွဲသွားသလို ပုံစံမျိုးနဲ့ နန်းဆောင်ကြီးတစ်ခုလုံးက ဝုန်းခနဲ ပြိုကျသွားခဲ့တယ် ။ နတ်မင်းတွေအားလုံး လန့်ဖျပ်သွားကုန်ကြပြီး ပြန်လှည့်ကြည့်လိုက်တဲ့အခါ တဟုန်းဟုန်း တောက်လောင်နေတဲ့ အလျှံညီးညီး မီးတောက်မီးလျှံတွေနဲ့ အပျက်အစီးပုံတွေကြားမှာ ပုံရိပ်တစ်ခုဟာ ခေါင်းငိုက်စိုက်ကျလျှက် တိတ်ဆိတ်စွာ ရပ်နေတာကို မြင်လိုက်ကြရတယ် ။

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now