219-နှစ်ပေါင်းတစ်ရာ ဒုက္ခဆင်းရဲ၊နှစ်ပေါင်းတစ်ထောင်သောက

602 76 0
                                    

|| နှစ်ပေါင်းတစ်ရာ ဒုက္ခဆင်းရဲတွင်းနက်ခဲ့ပြီး ၊ နှစ်ပေါင်းတစ်ထောင် သောကပင်လယ်ဝေခဲ့ရတယ် [ အပိုင်း ၃ ] ||


ပုရောဟိတ်ကြီးက သူ့မေးခွန်းကို ပြန်မဖြေခဲ့ဘူး ။ လက်ရှိမှာသူဟာ အခုချိန်ထိ မပြေပျောက်နိုင်သေးတဲ့ ကျောချမ်းထိတ်လန့်မှုတွေကို ဆောင်ယူလာပေးတဲ့ အဲဒီ မြင်ကွင်းထဲမှာ လုံးဝဥဿုံ နစ်မြုပ်နေဆဲ ရှိနေသေးတယ် ။

သူကပြောတယ် ။

" အဲဒီမျက်နှာတွေဟာ အလင်းရောင်ကို မမြင်ရတာ အတော်ကြာနေခဲ့ပြီ.. ညရဲ့ လရောင်ကိုတောင် သူတို့ မခံနိုင်တော့ဘူး .. ကျွန်ုပ်က ရုတ်တရက်ကြီး မျက်နှာဖုံးကို ချွတ်လိုက်တဲ့အခါ သူတို့က ထိတ်လန့်တကြားဖြစ်သွားပုံနဲ့ သူတို့ မျက်လုံးတွေကို မှေးကျဉ်းပြီး အသံတွေ တိတ်သွားကြတယ် .. ဒါပေမဲ့ ခဏနေတော့ ကျွန်ုပ်ဆိုတာကို သေချာမြင်လိုက်တာနဲ့ သူတို့က စပြီး .. ကျွန်ုပ်နာမည်ကို အော်ခေါ်တော့တယ် "

" ကျွန်ုပ် လုံးဝ ကြက်သေသေနေခဲ့တာ .. လူသန်းပေါင်းများစွာ ကောင်းကင်ပေါ်က ပြုတ်ကျလာပြီး မီးပင်လယ်ထဲ အရှင်လတ်လတ် လောင်ကြွမ်းပြာကျသွားတဲ့ မြင်ကွင်းထက် ချောက်ချားစရာ မြင်ကွင်းမျိုး ကျွန်ုပ် တစ်ခါမှ မမြင်ဖူးခဲ့ဘူးလို့ စောစောတုန်းက ပြောခဲ့ပေမဲ့ အဲဒီအချိန်က ကျွန်ုပ်မျက်စိရှေ့က မြင်ကွင်းက ဟိုဟာထက် အပုံတစ်သန်းလောက်ကို ပိုသာတယ် "

" မျက်နှာဖုံးကို ကိုင်ထားတဲ့ ကျွန်ုပ်ရဲ့ လက်တွေက မနားတမ်း တုန်ယင်နေခဲ့တယ် .. ကျွန်ုပ်ရဲ့ တစ်ကိုယ်လုံးသာ တောင့်တင်း အေးခဲမနေခဲ့ရင် အဲဒီ မျက်နှာဖုံးက ပြုတ်ကျသွားပြီး အိမ်ရှေ့စံ အရှင့်သားကို နိုးသွားစေမှာ သေချာတယ် .. ပြီးတော့ ဟို မျက်နှာသုံးခုက ကျွန်ုပ်ကို အလောတကြီးနဲ့ တစ်ခုခု ပြောချင်နေကြသလိုမျိုးပဲ ပါးစပ်တွေ ပိတ်လိုက်ဖွင့်လိုက်လုပ်နေတာက ပိုပြီး အားပါလာတယ် .. ဒါပေမဲ့ သူတို့က အိမ်ရှေ့စံ အရှင့်သားနိုးသွားမှာကို ကြောက်နေကြတဲ့ပုံနဲ့ အသံကို တိုးလိုက်ကြတယ် "

" သူတို့ရဲ့ ပုံစံတွေကို မြင်ရတော့ ကျွန်ုပ်မှာ အော်ဂလီဆန်တာရော ထိတ်လန့်တာရော ရောထွေးနေခဲ့ပေမဲ့ သူတို့ဘာပြောချင်တာလဲဆိုတာကို သိချင်စိတ်ကလည်း ထိန်းမရခဲ့ဘူး ..အဲဒါနဲ့ ကိုယ်ကို ငုံ့ကိုင်းပြီး အသက်အောင့်ထားရင်း နားထောင်ကြည့်ဖို့ အိမ်ရှေ့စံ အရှင့်သားရဲ့ မျက်နှာနားကို တိုးကပ်သွားလိုက်မိတယ် "

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now