244-ကောင်းကင်ဘုံ​၏ ကောင်းချီးမင်္ဂလာ ၊ အတားအဆီးဟူသမျှ ရှောင်ကွင်းဖယ်ခွာ

972 91 11
                                    

|| ကောင်းကင်ဘုံ​၏ ကောင်းချီးမင်္ဂလာ ၊ အတားအဆီးဟူသမျှ ရှောင်ကွင်းဖယ်ခွာ ||

" ဂုဏ်ယူပါတယ် ဂုဏ်ယူပါတယ် !"

"ဂုဏ်ယူပါတယ် အိမ်ရှေ့စံအရှင့်သား !"

အသစ်ပြန်လည်တည်ဆောက်ထားတဲ့ ဖူကျိ နတ်ကွန်းလေးဟာ စည်ကားသက်ဝင်နေပြီး ဝင်သူဝင် ထွက်သူထွက်နဲ့ ရှဲ့လျန်ဟာလည်း လူတွေအပြည့်ဖြစ်နေတဲ့ စားပွဲရှည်ကြီးတွေကြားမှာ တိုးဝှေ့သွားလာနေရင်း ရွှေရည်ဝင်းနေသကဲ့သို့ ဆီများဖြင့် ရွှန်းစိုနေတဲ့ ဟင်းရည် ၊ သွားရည်ယိုချင်စရာ ဖွေးလွှ မွှေးကြိုင်နေတဲ့ ထမင်းနဲ့ အငွေ့တထောင်းထောင်းထနေတဲ့ ခေါက်ဆွဲပန်းကန်တွေ တစ်ပန်းကန်ပြီး တစ်ပန်းကန် လိုက်လံ တည်ခင်းဧည့်ခံနေတယ် ။ ဟိုပြေးဒီပြေးနဲ့ အလုပ်တွေများနေလျှက်က ဧည့်သည်တွေကိုလည်း နှုတ်ဆက်စကားဆိုရပြီး မအားမလပ်တဲ့ကြားက ပြောရဆိုရသေးတယ် ။

" ကျေးဇူးအများကြီးတင်ပါတယ်... ထိုင်ကြပါဦး"

ရှုပ်ရှုပ်ထွေးထွေး ရန်ပွဲအတွင်းက ကံမကောင်းအကြောင်းမလှစွာ ပြိုကျသွားခဲ့တဲ့ ဖူကျိနတ်ကွန်းဟာ ပြန်လည်တည်ဆောက်ပြီးစီးသွားခဲ့ပြီ ။

ပြန်လည်တည်ဆောက်ပြီးနောက် အရင်က ပျက်စီးယိုယွင်းနေခဲ့တဲ့ နတ်ကွန်းငယ်လေးဟာ အခုတော့ တော်တော်လေး သားသားနားနား ဖြစ်လာခဲ့ကာ ခြံဝင်းလေးတစ်ခုတောင် ထပ်ထည့်ထားခဲ့သေးတယ် ။ အမှန်တကယ်တော့ ဒီနတ်ကွန်းလေးကို ပြန်ဆောက်ခဲ့သူတွေဟာ ရှဲ့လျန်ရော ဟွားချန်ပါ မဟုတ်ခဲ့ကြဘူး ။ ဖူကျိရွာသူရွာသားတွေပဲ ။ အဲဒီနေ့ ရှဲ့လျန်တစ်ယောက် အလွတ်ရုန်း ထွက်ပြေးသွားခဲ့ပြီးနောက် သူတို့ဟာ အပျက်အစီးပုံတွေကြားထဲ လှန်လှောရှာဖွေတဲ့အခါ ရွှေချောင်းတွေအပြည့်နဲ့ သေတ္တာတစ်လုံးကို တကယ်ပဲ တွေ့ရှိခဲ့ကြတယ် ။ အဲဒါတွေက သူ့ရဲ့ အလှူခံသေတ္တာထဲ ချွမ်ယိကျန်း နေ့တိုင်းနေ့တိုင်း လာထည့်ပေးထားတဲ့ ရွှေချောင်းတွေပဲပေါ့ ။

ရွာသူရွာသားတွေဟာ ဒီလောက်များပြားလွန်းတဲ့ ရွှေချောင်းတွေကို မမြင်တွေ့ဖူးကြတာကြောင့် အထိတ်တလန့် ဖြစ်သွားကုန်ကြတယ် ။ သူတို့ သတိပြန်ဝင်လာတဲ့အခါ ရွာလူကြီးက တချို့ကိုယူပြီး ဖူကျိနတ်ကွန်းကို ပြန်ပြင်ဆောက်လိုက်တယ် ။ ကျန်တာတွေကိုတော့ မထိဘဲ လုံခြုံစွာ ထိန်းသိမ်းထားပြီး ရှဲ့လျန်ပြန်လာတဲ့ အခါ ပြန်လည်ပေးအပ်ခဲ့တယ် ။

ထျန်းကွမ်းစစ်ဖူ (volume 5 and extra Unicode)Where stories live. Discover now