|| နှစ်ပေါင်းတစ်ရာ ဒုက္ခဆင်းရဲတွင်းနက်ခဲ့ပြီး နှစ်ပေါင်းတစ်ထောင် သောကပင်လယ်ဝေခဲ့ရတယ် [ အပိုင်း ၁ ] ||
ဝတ်ရုံကို ဝတ်ဆင်ထားပြီးမှတော့ မီးရှို့လို့ မရနိုင်တော့ဘူး ။ ရှဲ့လျန်ပါ လောင်ကျွမ်းကောင်း လောင်ကျွမ်းသွားနိုင်တယ် ။
ရှဲ့လျန်က အကြံပေးတယ် ။
" အခုတော့ ဝတ်ရုံကို အရင်ဝတ်ထားလိုက်တာပေါ့ ကြည့်ရတာ သူက ငါ့ရဲ့သွေးကိုလည်း စုပ်လို့ရနိုင်မယ်မထင်ဘူး လင်းဝမ်ကလည်း အမိန့်ထပ်ပေးလို့ မရနိုင်တော့ဘူးဆိုတော့လေ "
အပြာရောင် အခိုးအငွေ့တွေ တထောင်းထောင်းထလာပြီးနောက် လင်းဝမ်ရပ်နေခဲ့တဲ့ နေရာမှာ အခုတော့ အပြာရောင် ပစ်တိုင်းထောင်ရုပ်တစ်ခုပဲ ရှိနေတော့တယ် ။ ၎င်းရဲ့ အမူအရာက အင်မတန် တည်ကြည်ပြီး သူ့လက်ထဲမှာ စာရွက်လိပ်တွေကိုတောင် တွေ့ရသေးတယ် ။ ရှဲ့လျန်က ၎င်းကို ကောက်ယူလိုက်ပြီး ဝတ်ရုံထဲ ထိုးထည့်လိုက်ကာ နှစ်ယောက်သား ဘေးခန်းဆောင်ထဲကနေထွက်ပြီး ခန်းမဆောင်ကြီးထဲ ခိုးဝင်ခဲ့ကြတော့တယ် ။
သူစိတ်ထင်နေတာမျိုး မဟုတ်ခဲ့ဘဲ လင်းဝမ်နန်းဆောင်ရဲ့ ခန်းမဆောင်ကြီးဟာ အရင်ကထက် ပိုပြီး မှောင်ရိပ်သန်းကာ မှုန်မှိုင်းဝေနေခဲ့တယ် ။ ကြမ်းပေါ်ကနေ မိုးထိအောင် ပုံထပ်ထားတဲ့ တောင်ပုံရာပုံ အစီရင်ခံစာရွက်လိပ်တွေဟာ အန္တရာယ်များလွန်းပြီး ပြိုကျတာနဲ့ ပိသေနိုင်တဲ့ပုံပေါက်နေခဲ့တယ် ။ နှစ်ယောက်သားက အစောင့်စစ်သည်တွေနဲ့ ထိပ်တိုက်မတွေ့ခဲ့ကြဘဲ နန်းဆောင်ရဲ့ အတွင်းအကျဆုံးက ကြက်သွေးနီရောင် တံခါးမကြီးဆီ ဦးတည်ဝင်လာခဲ့ကြတယ် ။
သူတို့ အနားမရောက်ခင်မှာပဲ ထိတ်လန့်ချောက်ချားစွာ တုန်ယင်နေတဲ့ အသံတစ်သံကို ရှဲ့လျန်ကြားလိုက်ရတယ် ။
"..... ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ? ဘယ်လိုလုပ်ဒီလိုဖြစ်သွားရတာလဲ ?"
ပုရောဟိတ်ကြီးပဲ ! မဟုတ်မှလွဲရော တစ်ယောက်ယောက်ကများ သူတို့ထက် လက်ဦးသွားပြီလား ? ရှဲ့လျန်က တံခါးကို ချက်ချင်း ပစ်ကန်ဖွင့်လိုက်ပြီး အော်ဟစ်လိုက်တယ်။