ထိုစကားလုံးများကြောင့် သူတို့၏ ဘေးရှိ လူနာများစွာသည် ချက်ချင်းပင် ဖြူဖတ်ဖြူလျော်ဖြစ်သွားသည်။

ကန်မိသားစုသည် မျိုးရိုးစဥ်ဆက် ဆေးပညာအမွေကို ဆက်ခံလာပြီး ဟွားနင်ခရိုင်၌ အလွန်ကျော်ကြား၏။ ခရိုင်ဆေးရုံသည် ကန်စုန့်ပိုင်ကို သူတို့၏ ဆေးရုံသို့လာ၍ လူနာများ ကြည့်ပေးရန်ဖိတ်ကြားဖို့အတွက် ငွေပမာဏအမြောက်အမြားကို သုံးထားရပြီး သူ့အား လွတ်လပ်ခွင့်အများကြီးကိုလည်း ပေးထားသည်။ အခြားသမားတော်များနှင့် ယှဥ်ပါက အနည်းဆုံးတော့ ကွာခြားချက်အချို့ ရှိသေး၏။

ထို့အပြင် သူ့ ဂုဏ်သတင်းကလည်း ကြီးမားသောကြောင့် သမားတော်ကန်နှင့် ဆွေးနွေးတိုင်ပင်ချင်သော လူနာအရေအတွက်ကလည်း မရေမတွက်နိုင်အောင်ပင်ဖြစ်၍ အပြင်လူနာဝန်ဆောင်မှု ပေးသည့်အခန်းတစ်ခုလုံးကို ပြည့်သွားစေကာ အထဲသို့ ဝင်ရရန်လည်း ခဲယဥ်းသည်။ သို့သော် ဤကဲ့သို့ဖြစ်လျှင်တောင်မှ ကန်စုန့်ပိုင်သည် ခရိုင်ဆေးရုံတွင် ယဥ်ကျေးမှုအရှိဆုံး ပြည်သူ့အချစ်တော်သမားတော်ကြီး ဖြစ်နေဆဲပင်။

အခြားလူများစွာသည် လူနာ၏ မိသားစုဝင်များက သမားတော်ကန်အား ဂုဏ်ပြုအားပေးမှုများနှင့် ချီးမွှမ်းမှုများပေးကြသည့် မြင်ကွင်းကိုသာ အသားကျနေကြသော်လည်း သူက တစ်စုံတစ်ယောက်အား သေလုနီးပါးဖြစ်စေခဲ့သည်ဟု လူတစ်ယောက်က ပြောနေသည်ကို မြင်ရခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်နေသေးသည်။

"ခင်ဗျား ဘာပြောတာလဲ။ စွပ်စွဲချက်အမှားတွေနဲ့ အသရေဖျက်တာတွေက ဥပဒေကို ဆန့်ကျင်နေတာနော်"

အနီးရှိ ငယ်ရွယ်သော သမားတော်လေးတစ်ယောက်က ချက်ချင်းပင် ကာကွယ်လိုက်၏။

"ကျုပ် ပေါက်ကရပြောနေတာ မဟုတ်ဘူး။ သမားတော်ကန်၊ ခင်ဗျားလိုမျိုး လေးစားစရာလူတစ်ယောက်က ကျုပ်အမေကို တွေ့ဖူးပြီး ဆေးကုပေးခဲ့ဖူးတာကိုတော့ ခင်ဗျား မငြင်းနိုင်တာ သေချာတယ် မဟုတ်လား။ ကျုပ်က ချင်ဇစ်ရွှယ်ပဲ၊ ရှန်းကျင်က ကျုပ်မိန်းမ။ ကျုပ်တို့ခြံထဲမှာ ရှိတဲ့လူတိုင်း ခင်ဗျား ကျုပ်အိမ်ကို နေ့တိုင်းနီးပါးလာတယ်ဆိုတာ သိကြတယ်။ ခင်ဗျား ဒီအဆိုကိုတော့ မငြင်းနိုင်ဘူး"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းOnde histórias criam vida. Descubra agora