ထိုရက်စက်သော ကန်ချက်သည် ကျောင်းသားများ၏ နှလုံးသားအား ထပ်မံ၍ ဖျစ်ညှစ်လိုက်သကဲ့သို့ ဖြစ်သွားပြီး သူတို့သည် ယခုရောက်ရှိလာသူအား မော့ကြည့်လိုက်ကြသည်။

လျှပ်တပြက်အတွင်းမှာပင် မိန်းကလေးများသည် သူတို့၏ မျက်လုံးများ ပြူးထွက်လာတော့မတတ် စိုက်ကြည့်နေကြပြီး သူတို့၏ မျက်နှာများကလည်း  အနည်းနှင့်အများဆိုသလို အနီရောင်သမ်းလာသည်။

အသစ်ရောက်လာသူ၏ ခန္ဓာကိုယ်အချိုးအစားမှာ ကျော့ရှင်း၍ အရပ်ရှည်ပြီး သူ၏ ခေါင်းတွင် ပတ်တီးများ အထပ်ထပ် ရစ်ပတ်ထား၏။ ပတ်တီးများ၏ အောက်၌ နက်မှောင်၍ ထူထဲသော မျက်ခုံးတစ်စုံရှိပြီး ၎င်းတို့သည် ထက်ရှသော ဓါးသွားများအလား ကွေးညွတ်နေသည်။ သူ၏ မျက်လုံးများတွင် ရယ်မြူးရိပ်တစ်ခုကို သယ်ဆောင်ထားသော်လည်း ဘာရယ်ကြောင့်မှန်းမသိ။ ထိုမျက်ဝန်းများက သူတို့အား ကြည့်လိုက်သောအခါ သူတို့သည် ရေခဲအကျဥ်းသားဖြစ်သွားသလို ခံစားချက်များကို ပေးစွမ်းနေ၏။ သူ၏ ပါးလွှာ၍ ခံစားချက်မရှိသော နှုတ်ခမ်းထောင့်စွန်းလေးများကလည်း အထက်သို့ ကွေးညွှတ်နေသည်။ ဤပုံပန်းသွင်ပြင်သည် မိန်းကလေးတစ်ယောက်နှင့် နှိုင်းယှဥ်လျှင်တောင် အနည်းငယ် ပို၍ လှပနေမည်ဖြစ်သော်လည်း ခံညားချောမောသည်ဟု ဖော်ညွှန်းသည်က ပိုကောင်း၏။

ထို့နောက် သူတို့စောင့်ကြည့်နေစဥ်မှာပင် အသစ်ရောက်လာသူသည် သူ ကန်ပစ်လိုက်သည့်လူကို ဂရုမစိုက်သည့်အလား ဝင်ပေါက်ကို ဖြတ်၍ လမ်းလျှောက်လာပြီး ကျင်းယွင်ကျောင်းဆီသို့ တည့်တည့်မတ်မတ် လျှောက်သွားကာ သူသည် သူမအား အကြိမ်ရေအနည်းငယ်ခန့် မျက်လုံးဝေ့၍  ကြည့်လိုက်၍ ...

"မင်း နေ့လည်က ဘာကြောင့် ကိုယ့်ဆီကို လာမလည်တာလဲ"

"ကျွန်မဆီမှာ ကိုယ်ရေးကိုယ်တာကိစ္စလေးအချို့ရှိလို့"

ကျင်းယွင်ကျောင်းသည် နေ့လည်က ပိုင်ယွီအန်းနှင့် တွေ့ဆုံပြီး အပျော်များ ဖုံးလွှမ်းနေသဖြင့် ဤလူအား တကယ်ပင် မေ့သွားခဲ့သည်။

လီရှောက်ယွင်က လည်ချောင်းရှင်းလိုက်၏။

"နောက်တစ်ခါ မင်းမှာ ကိစ္စတစ်ခုခု ထပ်ပြီးရှိလာရင် ဖုန်းဆက်ပြီး ကိုယ့်ကိုပြော။ မင်းကို ကိုယ့်ကို စိတ်ပူအောင် လုပ်ဖို့ ခွင့်မပြုဘူး"

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now