ရှောင်ဟိုင်ချင်းက မီးဖိုခန်းဘက်သို့ ကြည့်ရန် ခေါင်းလှည့်ပြီး မစဥ်းစားဘဲ ပြောလိုက်၏။

"အဲဒီ ထန်ကျစ်ဟွားဆိုတဲ့ ကောင်က နည်းနည်း ထူးဆန်းနေသလိုပဲ"

"ဘာလို့ ဒီလိုပြောတာလဲ"

စူးချူက နားမလည်ပေ။

"ထန်ကျစ်ဟွားကို မြင်လိုက်တာနဲ့ သူက ချမ်းသာတဲ့ ဒုတိယမျိုးဆက်မှန်း သိသာတယ်။ သူက ဒါကို ထုတ်မပြောရင်တောင်မှ ကြင်နာထောက်ထားတတ်တဲ့ ပုံပေါက်နေတုန်းပဲ။ စရိုက်သရုပ်မှန်က လိမ်မရဘူး။ ဒီလိုလူမျိုးက ရုတ်တရက် ငါတို့ရဲ့ခရိုင်မြို့သေးသေးလေးကို ပြောင်းလာတယ်။ သူ့မှာ ဘာရည်ရွယ်ချက်မှ မရှိဘူးဆိုတာ ငါ မယုံဘူး"

ရှောင်ဟိုင်ချင်းက သူမ၏ အသီးကို "ခွပ်" ခနဲ မြည်အောင် ကိုက်လိုက်ပြီး ဆက်ပြောသည်။

"အဲဒီ ဟယ့်ကျားစစ်..."

"ဟယ့်ကျားစစ်က ကျင်းယွင်ကျောင်းကို တော်တော်ကြီးကြီးမားမား မုန်းနေတယ်"

ကန်ကျင်းချန်က သူမ၏ စကားစကို ကောက်ပေးလိုက်သည်။

"သူ့ကို ဘယ်သူက ဂရုစိုက်မှာလဲ။ သူသာ ငါတို့မိသားစုရဲ့ ယွင်ကျောင်းကို အနိုင်ကျင့်ရဲရင် ငါ သူ့ကို သေအောင် ရိုက်ပစ်မယ်။ အစွမ်းရှိတဲ့ နဂါးလည်း မြွေတစ်ကောင်ကို ခြောက်လှန့်အနိုင်မယူနိုင်သေးပါဘူး"

ရှောင်ဟိုင်ချင်းက မျက်လုံးလှန်လိုက်၏။ ထို မိန်းကလေး၏ အကြောင်းကို စဥ်းစားရုံနှင့်ပင် သူမ၏ အစာစားချင်စိတ်အား ပျောက်ဆုံးစေသည်။

သူတို့သုံးယောက်၏ အသံများက မကျယ်သော်လည်း ကျင်းယွင်ကျောင်းကမူ အရာအားလုံးကို ရှင်းရှင်းလင်းလင်း ကြားနိုင်၏။ သူမသည် သူတို့ကြောင့် မလှုပ်နိုင်ဘဲ ကူကယ်ရာမဲ့ ဖြစ်သွားရသည်။

အတိတ်ဘဝက သူမတွင် သူငယ်ချင်းတစ်ယောက်ပင် မရှိခဲ့ချေ။ ရှင်သန်ရခြင်းက ဝမ်းနည်းဖွယ် သတိပေးချက်တစ်ခုသာသာပင်။ ဤကာကွယ်ပေးခံရသည့် ခံစားချက်က သိပ်မဆိုးလှ။

သူမ၏ နှုတ်ခမ်းလေးများက ကွေးညွတ်ကာ ပြုံးသွား၍ ချက်ပြီးသား ဟင်းပွဲများကို စားပွဲပေါ်သို့ တည်ခင်းလိုက်သည်။ ထိုအချိန်တွင် ရှောင်ဟိုင်ချင်းက သူမ၏ တံတောင်ဆစ်ကို တင်းတင်းကြပ်ကြပ် ဖက်တွယ်ထားပြီး လွှတ်ပေးရန် ငြင်းဆန်နေ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now