သူမကိုယ်သူ မင်းသမီးတစ်ပါးဖြစ်လာမည်ဟု အမြဲတမ်း ယုံကြည်ထားသော ချောင်ဟုန်ယဲ့ ကဲ့သို့သော လူမျိုးက တစ်စုံတစ်ယောက်အား သူမကို အမှန်တကယ် ဤသို့ခေါ်ခွင့်ပေးသည်ဆိုသည်အား ကျင်းယွင်ကျောင်း လုံးဝမယုံကြည်နိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤကဲ့သို့သော အခေါ်အဝေါ်မျိုးသည် သူတို့နှင့် ရင်းနှီးကျွမ်းဝင်သည့် အခြားသူများကိုသာ ခေါ်ခွင့်ပေးသည်ဟု လူအများစုက မှတ်ယူကြသော်လည်း ချောင်ဟုန်ယဲ့၏ စိတ်ထဲ၌မူ ပထမဆုံးအနေဖြင့် အစေခံမိန်းကလေးတစ်ယောက်အား ခေါ်သည်ဟု တွေးမိမည်မှာ အသေအချာပင်။

ထန်ကျစ်ဟွားက ဟယ့်ကျားစစ်အား စိတ်မရှည်စွာဖြင့် ကြည့်လိုက်၏။

"ဒါဆိုလည်း ဒီမှာပဲထိုင်လိုက်။ ဒါပေမယ့် ဒါက နင်းမြို့တော် မဟုတ်ဘူးဆိုတာကို သတိရနော်။ ပိုပြီးတော့ ဆင်ဆင်ခြင်ခြင်နေ"

ဟယ့်ကျားစစ်က ပြုံးလိုက်၏။

"ကျွန်မ သိပါပြီ။ ဒါဆိုရင် ထျန်းရှန်းလော်မှာ နေ့လည်စာစားဖို့ ရှင် ကျွန်မကို အဖော်ပြုပေးမှာလား"

ကျင်းယွင်ကျောင်းက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်သည်။ ထျန်းရှန်းလော် ဟူသော ထိုစကားသုံးလုံးအား ကြားသည်နှင့် လီရှောက်ယွင်၏အကြောင်း တွေးမိခြင်းကနေ သူမကိုယ်သူမ, မကယ်တင်နိုင်ပေ။ သူမက ယခုအချိန်၌ ထိုသခင်လေးသည် သူမအား သေလောက်အောင် မုန်းတီးနေရမည်ဟူ၍သာ စဥ်းစားဆင်ခြင်လိုက်၏။ ထို့အပြင် လွန်ခဲ့သော နှစ်ရက်အတွင်း ဖုန်းခေါ်စဥ်အခါက တုလင်း၏ လေသံမှာလည်း အလွန်ထူးဆန်းနေသည်။

သူမ၏ အတွေးထဲ၌ နစ်မြုပ်နေသောကြောင့် ကျင်းယွင်ကျောင်းသည် ထန်ကျစ်ဟွား သဘောတူလိုက်၊မတူလိုက်ကိုပင် သတိမထားမိလိုက်ပေ။

သိပ်မကြာမီမှာပင် အေခန်းအခန်းသစ်မှ ကျောင်းသားများအားလုံးသည် သူတို့၏ ခုံများ၌ နေရာယူပြီးဖြစ်သည်။ ကျင်းယွင်ကျောင်း အံ့သြသွားသည်မှာ ချောင်ဟုန်ယဲ့နှင့် ကျန်ရှတို့ တစ်စားပွဲတည်း ထိုင်နေခြင်းပင်။ သူတို့၏ နေရာက ဟယ့်ကျားစစ်၏ နောက်တည့်တည့်၌ ဖြစ်၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now