အစပိုင်း၌ ကျင်းယွင်ကျောင်းက ချောင်ဟုန်ယဲ့သည် မုန်းစရာကောင်းသော်လည်း စင်စစ် သူမသည် ကလေးတစ်ယောက်သာ ဖြစ်နေသေးသည်ဟု တွေးခဲ့သည်။ အတိတ်ဘဝ၌ သူမ ဖြတ်သန်းခဲ့ရသည့် ခါးသီးမှုများကို ကြုံတွေ့ခဲ့ရပြီးနောက် ချောင်ဟုန်ယဲ့သာ ပို၍ လိမ္မာပါးနပ်လာလျှင် သူမသည် သူတို့ဖြစ်ခဲ့သော ကိစ္စများကို ပျော်ပျော်ကြီး ချန်ထားခဲ့ကာ သူမနှင့် ထပ်ပြီး ပတ်သတ်တော့မည်မဟုတ်ပေ၊ သို့သော် ချောင်ဟုန်ယဲ့က သူမကိုယ်သူမ ကျင်းယွင်ကျောင်း၏ တံခါးဝသို့ အရောက်ပို့ခဲ့သည်။

ကျင်းယွင်ကျောင်းသည် မည်သူကိုမှ အန္တရာယ်မပြုချင်ခဲ့။ သို့သော် သူမသည် အခြားသူများက သူမအား အကွက်ချကြံစည်မည်အား ထိုင်စောင့်နေရန်လည်း ဆန္ဒမရှိချေ။ ချောင်ဟုန်ယဲ့၏ ကလိမ်ကကျစ်ကျသော စရိုက်သည် ပြောင်းလဲရန် ခက်ခဲသည်ဖြစ်ရာ ယခုအချိန်မှစ၍ သူမ ရင်ဆိုင်ရသော မည်သည့်အခက်အခဲပင်ဖြစ်စေ ထိုသည်က သူမဆီသို့ သူမကိုယ်တိုင် ယူဆောင်လာခြင်းပင်။ ယခင်ကသာ ဤကဲ့သို့ ဖြစ်ပါက ဘီခန်းမှ ကျောင်းသားများသည် သူမဆီသို့ အုပ်စုလိုက် ကောက်ခါငင်ကာ လူမမာ လာမေးကြမည်ဖြစ်သော်လည်း ဤတစ်ကြိမ်၌မူ သူတို့ ဤသို့မလုပ်ကြတော့။ လူတိုင်းနီးပါးက သူမအား မြွေတစ်ကောင်၊ ကင်းတစ်ကောင်ကဲ့သို့ ရှောင်ရှားနေကြသည်။

သူမ၏ အဖျားက ဆိုးလွန်းလှသည်ဖြစ်ရာ သူမအား ကျောင်းဆေးခန်းသို့ ပို့ပြီး တစ်ရက်ကြာသွားပြီးသည့်တိုင် ပြန်ကောင်းမလာသေးချေ။ ကျောင်းက သူမ၏ အခြေအနေမကောင်းသည်အား မြင်သွားရာ ဆေးရုံသို့ တိုက်ရိုက်ပို့လိုက်တော့သည်။

သို့သော် ဉာဏ်အလင်းမပွင့်သေးသည့် လက်တစ်ဆုပ်စာ လူတစ်စုတော့ ကျန်ရှိနေသေး၏။

ဥပမာ၊ အေခန်းမှ ကျန်ရှဖြစ်သည်။

ကျင်းယွင်ကျောင်းက ပညာမပေးသည်မှာ အချိန်တစ်ခုကြာသွား၍ ဖြစ်နိုင်၏။ ကျန်ရှ၏ ပင်ကိုစရိုက်က ပြန်လည်ထွက်ပေါ်လာသည်။ သူက အရာအားလုံးသည် ကျင်းယွင်ကျောင်း၏ အမှားဟု ဆက်တွေးနေသေး၏။

ထိုနေ့၌ပင် ကျန်ရှသည် သူ၏ မုန့်ဖိုးဖြင့် ပန်းစည်းတစ်စည်းဝယ်၍ ဆေးရုံသို့ အပြေးအလွှားသွားတော့သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now