လီရှောက်ယွင်၏ နှုတ်ခမ်းများက ခပ်တင်းတင်းဖြစ်သွား၏။ ခုနက ကျင်းယွင်ကျောင်း၏ တိုက်ခိုက်မှုများသည် သူ့ကို ပြင်းပြင်းထန်ထန် အသားမနာစေပေ၊ နာကျင်မှုက လျော့ပါးသက်သာသွားပြီဖြစ်၏။ သို့သော် သူ၏ နှလုံးသားကတော့......
လီရှောက်ယွင်၏ ခံစားချက်များက ရှုပ်ထွေးနေသည်။ သို့သော် သူ၏ အပြင်ပန်းပုံစံသည် မည်သည်ခံစားချက်ကိုမှ မဖော်ပြဘဲ ဓါတ်လှေကားထဲသို့ ဝင်သွားလေ၏။
ထို့နောက် ဝန်ထမ်းများက ချက်ချင်းစုဝေးသွားကြတော့သည်။
"ဘော့စ်က အရမ်းသနားစရာကောင်းတာပဲ။ သူ သေလောက်အောင် နာကျင်နေပေမယ့် ဘာမှမဖြစ်သလို ဟန်ဆောင်ချင်နေသေးတယ်"
ဝန်ထမ်းကျားက လီရှောက်ယွင် ထွက်သွားရာဘက်သို့ ကရုဏာသက်စွာ စိုက်ကြည့်နေသည်။
"ငါတို့ရဲ့ဘော့စ်က ဓါတ်လှေကားထဲမှာတော့ နာလွန်းလို့ လူးလိမ့်မနေလောက်ဘူး မဟုတ်လား"
ဝန်ထမ်းယီက မနေနိုင်တော့ဘဲ မေးလိုက်၏။
သို့သော် သူတို့စိတ်ထဲ၌ စိတ်ကူးယဥ်ကြည့်လိုက်သည်နှင့် သူတို့၏ ခန္ဓာကိုယ်များက ချမ်းစိမ့်သွားပြီး မတုန်လှုပ်ဘဲ မနေနိုင်ချေ။ အကယ်၍ သူတို့၏ဘော့စ်ကဲ့သို့ လူများနှင့် မိုင်တစ်ထောင်ခန့် ခြား၍ နေသောသူက ဤကဲ့သို့သော ကိစ္စမျိုးကို အမှန်တကယ်သာ လုပ်ခဲ့ပါက ၎င်းသည် လူတစ်ယောက်အား ကြောက်လွန်းလို့ သေသွားစေနိုင်သည်။
"တကယ်လို့ မင်းတို့တွေ လူတစ်ယောက်အကြောင်းကို ပြောချင်တယ်ဆိုရင် အဲဒါက ခုနက ခွန်အားရှိတဲ့ ကျောင်းသူလေးအကြောင်းပဲ ဖြစ်သင့်တယ်။ ခုနတုန်းက ကန်ချက်က တအားကို မိုက်လွန်းတယ်"
ဝန်ထမ်းပင်းက ကျင်းယွင်ကျောင်း၏ သတ္တိစွမ်းရည်များကြောင့် ကျရှုံးသွားပုံပင်။
(T/N: ဒါက သူတို့ရဲ့နာမည်အရင်းတွေ မဟုတ်ပါဘူးနော်။ 'ကျား၊ယီ၊ပင်း၊တင်း' အဲလို ကာရန်လေးနဲ့ လိုက်ပြီး ခေါ်လိုက်တဲ့သဘောပါ၊ အေ၊ဘီ၊စီ၊ဒီ လို့ အစဥ်လိုက် ခေါ်သလိုမျိုး။ )
ထိုအခိုက်တွင် ကျင်းယွင်ကျောင်းသည်လည်း ချောင်းမဆိုးဘဲ မနေနိုင်ခဲ့ချေ။ သူမ၏ မျက်နှာက အနည်းငယ် နီရဲနေ၏။
Chapter 134
Start from the beginning