အချိန်တိုလေးအတွင်းမှာပင် ကျင်းယွင်ကျောင်း ပျောက်ကွယ်သွား၏။ သူမသည် သူမ ဝင်ရောက် ပျောက်ကွယ်သွားသည့် လမ်းခွဲနေရာနှင့်ပတ်သတ်ပြီး ချောင်ဟုန်ယဲ့အတွက် သဲလွန််စလေးတစ်ခုမျှပင် ချန်မထားခဲ့ပေ။ ဤသည်က ချောင်ဟုန်ယဲ့အား ပို၍ ဒေါသထွက်စေပြီး သူမသည် ထွက်သွားရန် ကြံလိုက်ကာ နောက်ပြန်လှည့်လိုက်သည်။ သို့သော် သူမ ခေါင်းလှည့်လိုက်သည်နှင့် လူတစ်ယောက်က သူမ၏ ပါးစပ်အား တင်းတင်းကြပ်ကြပ် ပိတ်လိုက်ပြီးနောက် ကားတစ်စီးပေါ်သို့ ဆွဲခေါ်သွားတော့၏။

သူမ ပြန်ပေးဆွဲခံလိုက်ရတာလား။

သိမ်မွေ့နူးညံ့သော ချောင်ဟုန်ယဲ့သည် ဤကဲ့သို့ တစ်ခါမှ မကြုံဖူးရာ မျှော်လင့်ထားသည့်အတိုင်း သူမ မူးမေ့သွားသည်။

သူမ အသိစိတ်ပြန်ကပ်သည့်အချိန်တွင် သူတို့သည် မြို့ပြင်ဆင်ခြေဖုံးတစ်နေရာ၌ ရောက်နေကြ၏။ ညီအစ်ကိုအချို့က ခြံပျက်နေရာတစ်ခုကို ရှာတွေ့ခဲ့သည်။

ဟွားနင်ခရိုင်သည် ချမ်းသာကြွယ်ဝ၍ လူနေထူထပ်သည်ဟု ယူဆ၍ရသော်လည်း လူသူအရောက်အပေါက်နည်းသည့် နေရာများလည်း ရှိနေသေး၏။ အထူးသဖြင့် ဟွားဇယ်နှင့် သူ၏ ညီအစ်ကိုများ ရှာတွေ့ခဲ့သည့် ထီးတည်း တည်ရှိနေသော ဤကဲ့သို့နေရာမျိုးပင်။

ညအချိန်ဖြစ်ပြီး ဤနေရာကို အုတ်ဂူကျောက်တိုင်များက ဝန်းရံထားသည် ဖြစ်ရာ ပုံမှန်အားဖြင့် လမ်းကျဥ်းလေးအတိုင်း လာတတ်သူ မရှိပေ။ ၎င်းတိတ်ဆိတ်နေခြင်းက ချောင်ဟုန်ယဲ့အား
"ကု...ကု" ဟူသော လေတိုးသံများကိုပင် ကြားစေသည်။ သူမ၏ ခြေထောက်အောက်ရှိ ပေါင်းပင်များနှင့် ရောနေသော ရွှံဗွက်များက တစ်စုံတစ်ယောက် သူမ၏ အောက်သို့ လိုက်လာသည့်အလား ထင်မှတ်စေ၏။ သူမ၏ ဒူးများ ပျော့ခွေလာသည်အထိပင် ကြောက်ရွံ့ထိတ်လန့်နေသည်။ သူမသည် ဤတစ်ကြိမ်တော့ မူးမလဲရဲချေ။ အကယ်၍ သူမသာ ထပ်၍မေ့လဲသွားပါက နောက်တစ်ကြိမ် သတိရလာသောအခါ သူမ အဆုံးသတ်သွားမည်လားဆိုသည်ကို မည်သူသိမည်နည်း။ အထီးကျန်သော တစ္ဆေတစ်ကောင်ပင် ဖြစ်သွားနိုင်သည်။

ဘယ်နေရာသို့ ရောက်နေမှန်းပင် မသိသောကြောင့် သူမသည် ခန္ဓာကိုယ်ကို တောင့်ထားပြီး လမ်းအတိုင်း လျှောက်လာခဲ့၏။ လမ်းသည် မဆုံးနိုင်တော့မည့်အလား ရှည်လျားလှသည်။ လမ်းဘေး၌ အိမ်ထောင်စုအချို့ရှိသော်လည်း အိမ်ထောင်စုတစ်စုနှင့်တစ်စု အတော်လေး အလှမ်းကွာဝေးနေ၍ သူမသည် သူတို့အား ခပ်ကျဲကျဲသာ မြင်ရ၏။ တစ်ဖက်တွင်လည်း မီးရောင်ခပ်မှိန်မှိန်များက အတော် ကြောက်စရာကောင်းလှသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now