ယွီထျန်းရှန်း၏ မျက်နှာစာသည် ကွန်ဖြူးရှပ်ဝါဒ၏ ရှေးဆန်သော လေထုကို ပေးစွမ်းနေပြီး ထျန်းရှန်းလော်၏ ခမ်းနားထည်ဝါလှသော ဇိမ်ခံအပြင်အဆင်နှင့် မတူပေ။ သို့သော် ၎င်းက လူများ ဤနေရာကို မြင်လိုက်သည်နှင့် သက်တောင့်သက်သာဖြစ်သွားသော ခံစားချက်ကို ပေးစွမ်းနေဆဲပင်။ သန့်စင်၍ ရိုးရှင်းပြီး အရောင်မှိုင်းမှိုင်းများက ၎င်း၏ အဓိကအပြင်အဆင်ဖြစ်သည်။ မျက်နှာစာက မကြီးသော်လည်း ပတ်ဝန်းကျင်ရှိ အခြားစားသောက်ဆိုင်များနှင့် နှိုင်းယှဥ်ပါက ပို၍ ဟိတ်ဟန်များစွာ ရှိ၏။

တုလင်းက အချိန်အတော်ကြာအောင် စောင့်နေခဲ့ပြီး ကျင်းယွင်ကျောင်းအား မြင်သောအခါ ကျေးဇူးတင်စွာဖြင့် ပွေ့ဖက်လိုက်သည်။

"ကိုယ့်အဖေရဲ့သွားက ပိုကောင်းလာပြီ။ မင်းကို သင့်တော်တဲ့ ကျေးဇူးဆပ်ခွင့်လေးတော့ ပေးပါဦး"

"သူ့ကို ဒီည ဆေးတစ်ကြိမ် ထပ်တိုက်လိုက်ပါဦးနော်။ ကျွန်မရဲ့ ခန့်မှန်းချက်အရဆိုရင် မနက်ဖြန်ကျ နာတာ လုံးဝပျောက်သွားလိမ့်မယ်။ ဒါပေမယ့် အပြည့်အဝကောင်းဖို့အတွက်တော့ သူ့ရဲ့ စားသောက်ပုံကို နည်းနည်းကြာကြာ ထိန်းညှိပေးဖို့ ကျွန်မ ရှင့်ကို အကြံပေးချင်တယ်"

ကျင်းယွင်ကျောင်းက ကိစ္စကို တာဝန်ယူမှုရှိရာ သူ့ကို ထပ်မံ၍ အကြံပေးလိုက်၏။

တုလင်း ကမူ သဘောထားကွဲလွဲနေသည်။

"မင်းလိုမျိုး ကျောင်းသူလေးတစ်ယောက်က ဒီလိုမျိုးကိစ္စတွေကို ဘာလို့ ဒီလောက်သိနေရတာလဲ။ အံသြစရာကောင်းတဲ့ ကိစ္စဆိုပေမယ့် မင်းစကားပြောတဲ့အခါကျရင် မင်းအသံက အချို့လူကြီးတွေလိုပဲ။ မင်းကို ဒီလိုမျိုး လူထူးဆန်းလေးဖြစ်လာအောင် ဘယ်လိုပုဂ္ဂိုလ်များက သင်ကြားပေးခဲ့လဲဆိုတာ ငါ တကယ်မသိတော့ဘူး"

ကျင်းယွင်ကျောင်းအပေါ်  သူ၏ ပထမအမြင်သည် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်အရွယ် အဖြူထည် ပန်းလှလှလေးတစ်ပွင့်ဟုသာ ရှင်းရှင်းလင်းလင်း ခံစားရရုံဖြစ်၏။ သို့ရာတွင် သူမ၏ ပုံရိပ်က လေးစားစရာကောင်းသော ရင့်ကျက်သည့် သမားတော်တစ်ယောက်အဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး ကျောင်းသားတစ်ယောက်၏ ပုံရိပ်မဟုတ်တော့ပေ။ သူမသည် သွက်လက်ခြင်း၊ ချစ်စရာကောင်းခြင်းလည်း မရှိတော့။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now