အပတ်ရေ အနည်းငယ်မျှ ပတ်ပြီးနောက်တွင် ချောင်ဟုန်ယဲ့၏ ခြေထောက်များသည် သူမ အပိုင်မဟုတ်တော့သလိုပင် ခံစားလာရသည်။ သို့သော် အခြားကျောင်းသားများက သူမအား အလွတ်မပေးသေး။ ထို့နောက်တွင်လည်း သူတို့သည် သူမအား လှုပ်ရှားမှုများတွင် ပါဝင်ရန် ဆက်၍ ဖိအားပေးနေ၏။ ဆက်တိုက်လှုံ့ဆော်မှုများသည် သူမအား ဦးခေါင်းက မီးထတောက်တော့မည့်အလား ရှုပ်ထွေးနောက်ကျိစွာ ခံစားရစေသည်။

တစ်ချိန်တည်းမှာပင် ကားတစ်စီးက ကွင်းပြင်၏ အပြင်ဘက်၌ ဆိုက်ရောက်လာ၏။ ကားထဲရှိ ပုံရိပ်က ကွင်းပြင်ပေါ်ရှိ ပုံရိပ်လေးအား စိုက်ကြည့်နေပြီး သူတို့၏ မျက်နှာတွင် စိတ်ရှုပ်နေသောအမူအယာများက မြင်သာနေသည်။

"ဒါက ဘာလဲ၊ သခင်လေးလီရဲ့။ မင်း  ဒီအုပ်စုထဲက ကျောင်းသူတစ်ယောက်ကို ကြွေနေတာတော့ မဟုတ်ဘူးမလား"

အမျိုးသား၏ ဘေး၌ ထိုင်နေသော အဖော်က စနောက်လိုက်၏။

အသံပိုင်ရှင်က ကွင်းပြင်ဘက်သို့လည်း မျက်စိကစားလိုက်ပြီး သက်ပြင်းချလိုက်သည်။ ကျောင်းသားတစ်ယောက် ဖြစ်ရခြင်းက ကောင်းလွန်းလှသည်။ အကွာအဝေးတစ်ခုမှပင် ငယ်ရွယ်နုပျိုသောလေထုကို သူ ခံစားနိုင်၏။

"ငါတို့ ဒီကိုလာတယ်ဆိုမှတော့ ငါ တစ်ယောက်ယောက်ကို ရှာချင်လို့ပေါ့"

သခင်လေးလီ၏ နှုတ်ခမ်းထောင့်စွန်းလေးများက ကွေးညွတ်သွားပြီး ဒရိုင်ဘာအား ကျောင်းပေါက်ဝသို့ မောင်းရန် ပြောလိုက်သည်။ သူက ကွင်းပြင်ဘက်သို့ အေးအေးဆေးဆေးပင် ကြည့်နေပြီး စိတ်ရှည်စွာ စောင့်ဆိုင်းနေ၏။

"လူတစ်ယောက်ကို ရှာတာလား။ မင်းတို့မိသားစုက တစ်ယောက်ယောက်က ဒီကျောင်းမှာ လာတက်နေတာတော့ မဖြစ်နိုင်လောက်ပါဘူး"

သူ၏ အဖော်ဖြစ်သူ တုလင်းက ဆွံအနေပြီး အံအားသင့်စွာ မေးလိုက်သည်။

လီမိသားစု၏ ဘိုးဘေးအိမ်တော်သည် ဟွားနင်ခရိုင်တွင် ရှိသော်လည်း လီရှောက်ယွင်သည် တစ်နှစ်လျှင် တစ်ကြိမ် ခဏသာ ပြန်လာနိုင်၏။ ထို့ကြောင့် ဤနေရာတွင် သူငယ်ချင်းအများကြီး မရှိပေ။ လီရှောက်ယွင် အမှန်တကယ် ရင်းနှီးသည့်သူမှာ သူတစ်ယောက်တည်း ရှိသည်ပင် ဖြစ်ကောင်းဖြစ်နိုင်သည်။ တကယ်တမ်း ဤသခင်လေးလီ၏ စရိုက်သည် သူ့အား လူရှုပ်လူပွေဟု ထင်ရစေသော်လည်း လက်တွေ့၌ သူကိုယ်တိုင်သည် တဏှာရာဂတွင် မမွေ့လျော်တတ်သူ ဖြစ်၏။ သူ၏ စိတ်ရှည်သည်းခံမှုသည်လည်း နှမ်းစေ့တစ်စေ့ သို့မဟုတ် ထို့ထက် သေးသော အရာနှင့်ပင် နှိုင်းယှဥ်နိုင်သည်။ သူ ဤကဲ့သို့ တစ်စုံတစ်ယောက်အား အလွန်စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်ကို မည်သူမှ မမြင်ဖူးချေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now